သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ အထောက်အထားမဲ့ မြန်မာတသောင်းကျော် ဖမ်းဆီးခံထားရ


မလေးရှားမှာ ဖမ်းဆီးခံရတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ (ဓါတ်ပုံ - Malaysia Immigration/ယခင်မှတ်တမ်းဓာတ်ပုံ)
မလေးရှားမှာ ဖမ်းဆီးခံရတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ (ဓါတ်ပုံ - Malaysia Immigration/ယခင်မှတ်တမ်းဓာတ်ပုံ)

နေထိုင်ခွင့်အထောက်အထားမပြည့်စုံလို့ မလေးရှားနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာအရေအတွက် ဟာ ၁၀,၀၀၀ အထက်ရှိနေတယ်လို့ မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေက ဗွီအိုအေကို ပြောပါတယ်။ မလေးရှားထိန်းသိမ်းရေးစခန်းတွေမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေ သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်မှုနဲ့ တရားစွဲ၊ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားအရေအတွက်ဟာ အရေအတွက်အားဖြင့် ၁၀,၀၀၀ အထက်မှာရှိနေတယ်လို့ အကူအညီပေးနေတဲ့ မြန်မာအဖွဲ့အစည်းတွေက ပြောပါတယ်။ အများစုဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပြေးလာကြသူတွေဖြစ်တယ်လို့ မြန်မာအလုပ်သမားများအဖွဲ့ (မလေးရှား) ရဲ့ ဥက္ကဋ္ဌ ဦးအေးလှိုင်က ပြောပါတယ်။

"သူတို့က အခုလောလောဆယ် စီမံချက်တွေနဲ့ပေါ့၊ အဓိကတော့ တရားမဝင် နိုင်ငံခြားသား ပပျောက်ရေးပေါ့။ တရားမဝင်အလုပ်သမား ပပျောက်ရေး စီမံကိန်းပေါ့။ မလေးရှားမှာက နိုင်ငံသားတွေကနေ တိုင်တန်းတဲ့ ကိစ္စတွေမှာ မဖြစ်မနေဖမ်းရတဲ့ကိစ္စတွေရှိတယ်။ ဒါကျနော်တို့ လက်ရှိကြုံနေရတဲ့ အရှိတရားပေါ့။ ကလတန်းဘက်က ကမ့်တွေဆိုရင်ရင် ကမ့်တခုတည်းမှာတင် ထိန်းသိမ်းခံ မြန်မာရေအတွက်က ထောင်ဂဏန်းနီးပါးရှိတယ်။ ဆိုတော့ တနိုင်ငံလုံးမှာ အနည်းဆုံး တသောင်းခွဲ၊ နှစ်သောင်းနီးပါးကို ရှိပါတယ်။ ဒါကတော့ ထိန်းသိမ်းရေးစခန်း ၅၀ အနေနဲ့ အဲလောက်ကို သွားပါတယ်ဗျ။"

မြန်မာနိုင်ငံသားတွေကို UNHCR ကအကူအညီပေးခဲ့တာမျိုး အရင်တုန်းကရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ မလေးရှား နိုင်ငံရဲ့ ဥပဒေအတိုင်း UNHCR ဘက်က လိုက်နာရတာမျိုးတွေ ရှိတယ်လို့ ဦးအေးလှိုင်ကဆိုပါတယ်။ ဒါပေမဲ့ UNHCR ရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေကိုတော့ UNHCR ဘက်က အကာအကွယ် အပြည့်အဝပေးတယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ထိန်းသိမ်းရေးစခန်းက မြန်မာအများစုကို မြန်မာသံရုံးနဲ့ ညှိနှိုင်းပြီး မြန်မာပြည်ကို ပြန်ပို့တာများတယ်လို့ မလေးရှားရောက် မြန်မာအဖွဲ့အစည်းတွေက ပြောပါတယ်။ ဒီလိုပြန်ပို့တဲ့အတွက် လူသိထင်ရှားတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါ၀င်ခဲ့တဲ့ အစိုးရဝန်ထမ်းတွေအတွက် အန္တရာယ်ရှိနေတယ်လို့ ဆိုပါတယ်။ အခုဩဂုတ်လ ၅ ရက်ကပဲ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ မြန်မာသံရုံးတာဝန်ခံတွေ ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှာတွေ့ဆုံခဲ့ပြီး ထိန်းသိမ်းရေးစခန်းတွေက မြန်မာတွေရဲ့ ကျန်းမာရေးအခြေအနေနဲ့ နေရပ်ပြန်ခေါ်မဲ့ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ မြန်မာ့အလင်းသတင်းစာမှာ ဖေါ်ပြထားပါတယ်။ ဖမ်းဆီးခံရသူအများစုက ရခိုင်၊ မွန်၊ ထားဝယ် စတဲ့ တိုင်းရင်းသားတွေဖြစ်တယ်လို့ တကိုယ်တော် ပရဟိတအဖွဲ့က ဦးသန်းစိန်ထွန်းက ပြောပါတယ်။

"ကျနော်တို့နိုင်ငံက အာဏာသိမ်းပြီးတော့ လူအုပ်ကြီးက ဒီဘက် ပြိုထွက်လာတာကိုး။ လုပ်စားစရာမှမရှိတာ အကုန်ကျပ်တည်းနေတယ် ဆိုတော့။ ဒီနိုင်ငံမှာရှိတာက နိပေါရယ်၊ ဘင်္ဂလားဒေ့ရှ်ရတယ်၊ အင်ဒိုနီးရှားရယ်၊ မြန်မာရယ်၊ ဗီယက်နမ်ရယ်ဆိုတော့ သူတို့မှာ အစကတည်းက သန်း ၃၀ လောက်ရှိတာ၊ သန်း ၅၀ ဖြစ်လာတယ်။ နောက်ပြီး သူတို့စားနပ်ရိက္ခာလည်း မဖူလုံတဲ့အခက်အခဲ ပြဿနာကို သူတို့အစိုးရကလည်း သူတို့နိုင်ငံသား အပေါ် ရင်ဆိုင်နေရတာ။ အလုပ်လက်မဲ့တွေကလည်း များတယ်ဆိုတော့ ဒီပြဿနာက ဒီလိုပဲ ဖမ်းဆီးတယ်လို့ ပြောရမှာပေါ့။"

ထိန်းသိမ်းခံသူတွေရဲ့ အရေးကိစ္စတွေကို ထောက်ပြပြောဆိုနေတဲ့ Global Detention Project အဖွဲ့ကတော့ မလေးရှားနိုင်ငံရဲ့ ထိန်းသိမ်းရေး စခန်းတွေမှာ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ဇွန်လ ၁၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ မလေးရှား ထိန်းသိမ်းရေးစခန်းတွေအတွင်း ရက်စက်တဲ့ အပြစ်ပေးတဲ့ စနစ်ကိုလည်း သူတို့က ထောက်ပြ ဝေဖန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG