သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ဖို့ သမ္မတ Biden ကတိပြု


(Zawgyi / Unicode)

ကမ္ဘာတဝန်း စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ အတူလက်တွဲ ရင်ဆိုင်သွားဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ အမေရိကန်သမ္မတ Joe Biden က ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်းက ဖိနှိပ်မှုတွေ၊ ပဋိပက္ခတွေ၊ ရာသီဥတု ဖောက်ပြန်မှုတွေနဲ့ ကပ်ရောဂါတွေလို စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ သံတမန်ရေး နည်းလမ်းတွေကို အပြင်းအထန် ကျင့်သုံးမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

သမ္မတဘိုင်ဒင်ရဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းက ထူးခြားချက်တွေအကြောင်း နယူးယောက် ကုလသမဂ္ဂရုံးချုပ်က ဗွီအိုအေသတင်းထောက် Margaret Besheer နဲ့ ဝါရှင်တန်က Anita Powell တို့ သတင်းပေးပို့ ထားတာကို ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပထမဆုံးအကြိမ်အဖြစ် အင်္ဂါနေ့က မိန့်ခွန်းပြောကြားရာမှာ သမ္မတ Joe Biden က ကမ္ဘာတဝန်းမှာ အမေရိကန် ပြည်ထောင်စုက သံတမန်ရေး နည်းလမ်းတွေနဲ့ အပြင်းအထန် ကြိုးပမ်းဆောင်ရွက်မယ့်အကြောင်း ပြောဆိုခဲ့သလို တချိန်တည်းမှာ စစ်အေးခေတ်သစ် ဖြစ်မလာအောင် ရှောင်ရှားမယ့်အကြောင်းလည်း ကတိပြု ပြောကြားသွားခဲ့တာပါ။ ကမ္ဘာမှာ အင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန် အနေနဲ့ စစ်ရေးအရ ဖြေရှင်းတဲ့ နည်းလမ်းကို နောက်ဆုံးမလွဲှမရှောင်သာ အခြေအနေမှသာ အသုံးပြုမှာ ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ ရာသီဥတု ဖောက်ပြန်မှုတွေလို ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ထိထိရောက်ရောက် ဖြေရှင်းဖို့လည်း နာရီဝက်ကြာ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

“ကျနော်တို့ ကမ္ဘာကြီးအတွက် အဆုံးအဖြတ်ပေးမယ့် ဆယ်စုနှစ်တခု အဆုံးသတ်ချိန်မှာ ရင်ဆိုင်နေရတဲ့ အရေးကြီးတဲ့ ရွေးချယ်မှုတခုပါ။ ကျနော်တို့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် ဆယ်စုနှစ်တခုလည်း ဖြစ်ပါတယ်။ ကမ္ဘာ့မိသားစုအနေနဲ့ အရေးကြီးတဲ့ ပြဿနာကြီးတွေနဲ့ ရင်ဆိုင်နေရတဲ့ တချိန်တည်းမှာပဲ အခွင့်အလမ်းတွေကို လက်မလွှတ်ဘဲ လိုလိုလားလားနဲ့ ဖြေရှင်းကြမယ်ဆိုရင် အခွင့်အလမ်း ကောင်းကြီးတွေလည်း ခံစားရနိုင်ပါတယ်။”

နိုင်ငံရေး၊ စီးပွားရေး သြဇာအရှိန်အဝါ ကြီးထွားလာနေပြီး အမေရိကန်နဲ့ ပြိုင်ဖက်ဖြစ်လာနေတဲ့ တရုတ်နိုင်ငံကို နာမည်တပ် မပြောပေမဲ့ ပဋိပက္ခတွေ ကြီးထွားမလာအောင် ကြိုးပမ်းမယ့်အကြောင်းလည်း သမ္မတဘိုင်ဒင်က မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။ ကမ္ဘာမှာ စီးပွားရေးအင်အား အကြီးဆုံးဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား မသင့်မမြတ် ဖြစ်နေမယ်ဆိုရင် စီးပွားရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ စိန်ခေါ်မှုတွေကို

ဖြေရှင်းဖို့ ဖြစ်နိုင်မှာ မဟုတ်ကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က အထွေထွေ ညီလာခံမှာ မိန့်ခွန်းမပြောခင် သတိပေး ပြောဆိုခဲ့တာပါ။

သမ္မတဘိုင်ဒင်ကတော့ ထိပ်တိုက်အခြေအနေတွေကို ရှောင်လွဲှနိုင်အောင် ကြိုးစားမယ့်အကြောင်း အထွေထွေညီလာခံ မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။

“စစ်အေးခေတ်သစ်ဖြစ်ဖို့ ကျနော်တို့ ကြိုးပမ်းနေတာ မဟုတ်ပါဘူး။ ထပ်ပြောချင်ပါတယ်။ အုပ်စုဖွဲ့ပြီး ကွဲပြားနေတဲ့ ကမ္ဘာကြီးဖြစ်ဖို့၊ စစ်အေးခေတ်ဖြစ်ဖို့ ကျနော်တို့ ကြိုးပမ်းနေတာ မဟုတ်ပါဘူး။ COVID-19 ရာသီဥတု ဖောက်ပြန်မှု၊၊ နျူကလီးယားပြန့်ပွားမှုတွေလို အရေးကြီးတဲ့ ခြိမ်းခြောက်မှုတွေကို အတူတကွ မဖြေရှင်းဘူးဆိုရင်၊ ကျနော်တို့ရဲ့ ပျက်ကွက်မှုတွေအတွက် အကျိုးဆက်တွေ ခံစားရနိုင်တာကြောင့် တခြားအပိုင်းတွေမှာ သဘောထားကွဲလွဲမှုတွေ ရှိနေရင်တောင်မှ၊ အားလုံးရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ ကြိုးပမ်းတဲ့ ဘယ်နိုင်ငံနဲ့မဆို အတူလက်တွဲဖို့ အမေရိကန် ပြည်ထာင်စုက အသင့်ရှိနေပါတယ်။”

အထွေထွေညီလာခံ မိန့်ခွန်းမှာပဲ နှစ်ပေါင်း ၂၀ ကြာ အာဖဂန်စစ်ပွဲ အဆုံးသတ်ပြီး အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့လည်း ကာကွယ်ပြောဆိုသွားပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တပ်တွေ ရုပ်သိမ်းနေချိန်မှာပဲ တာလီဘန်တွေ အာဖဂန်နစ္စတန် နိုင်ငံကို သိမ်းပိုက်လိုက်တာကြောင့် တပ်ဖွဲ့တွေနဲ့ အရပ်သားတွေ ဝရုန်းသုန်းကား နိုင်ငံက ထွက်ခွာကြရတဲ့အပေါ် ပြည်တွင်းပြည်ပက အပြင်းအထန် ဝေဖန်တာတွေ ကြုံခဲ့ရပေမဲ့ သမ္မတကတော့ သမိုင်းဝင် ဆုံးဖြတ်ချက်အဖြစ် ပြောဆိုခဲ့တာပါ။

“နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် စစ်မဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဒီကနေ့ ဒီနေရာမှာ ကျနော် ရပ်တည်နေပါပြီ။ စာမျက်နှာသစ် ဖွင့်လှစ်လိုက်ပါပြီ။”

သမ္မတဘိုင်ဒင်ရဲ့ ရပ်တည်ချက်တွေဟာ အရင်သမ္မတဟောင်း Donald Trump ရဲ့ အမေရိကန်သာ ပထမဦးစားပေးဆိုတဲ့ မူဝါဒနဲ့လည်း လမ်းခွဲလာပါတယ်။ ရှေ့လာမယ့် အနာဂတ်မှာ ကိုဗစ်ကပ်ရောဂါကအစ ရာသီဥတု၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ လူ့အခွင့်အရေး ပြဿနာတွေအဆုံး ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဦးဆောင် ဖြေရှင်းသွားမှာ ဖြစ်ကြောင်းလည်း သမ္မတဘိုင်ဒင်က ကတိပြုခဲ့တာပါ။ ဒီမိုကရေစီ ထွန်းကားတဲ့ ကမ္ဘာကြီးမှာ အာဏာရှင်တွေအတွက် နေရာမရှိဘူးလို့လည်း ပြောပါတယ်။

“အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ၊ သတင်းသမားတွေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားသူတွေဟာ ဘဲလာရုစ်၊ မြန်မာ၊ ဆီးရီးယား၊ ကျုးဘား၊ ဗင်နီဇွဲလားနဲ့ ကမ္ဘာတဝန်းမှာ ရှေ့တန်းကနေ ကြိုးစားရုန်းကန် နေကြပါတယ်။”

ဒီမိုကရေစီစနစ်ကသာ လူတွေရဲ့ အစွမ်းအစတွေကို အပြည့်အ၀ အသုံးချခွင့်ရနိုင်ကြောင်းလည်း သမ္မတဘိုင်ဒင်က အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောဆိုသွားခဲ့တာပါ။

နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က နှစ်ပတ်လည် အထွေထွေညီလာခံမှာတော့ ကမ္ဘာ့ခေါင်းဆောင်တွေက နိုင်ငံတကာနဲ့ ဒေသတွင်း အရေးတွေနဲ့ ပတ်သက်လို့ ရပ်တည်ချက်တွေ၊ မူဝါဒတွေကို တင်ပြလေ့ရှိပါတယ်။ အဖွဲ့ဝင် ၁၉၃ နိုင်ငံ ပါဝင်တဲ့ အထွေထွေ ညီလာခံကို ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံတကာခေါင်းဆောင် ၁၀၀ လောက်သာ ဒီနှစ်မှာ လူကိုယ်တိုင် တက်ရောက်မှာဖြစ်ပြီး၊ တရုတ်၊ အီရန်၊ အီဂျစ်၊ ဆိုမာလီ ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံခေါင်းဆောင် တချို့ကတော့ ကြိုတင်ပြင်ဆင်ထားတဲ့ ဗွီဒီယိုမိန့်ခွန်းတွေ ပေးပို့ပြောကြားဖို့ စီစဉ်ထားကြတာပါ။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နိုင်ငံရေး၊ လူ့အခွင့်အရေး ပြဿနာတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံကိုယ်စားပြုပြီး ဘယ်သူက မိန့်ခွန်းပြောမယ် ဆိုတာကတော့ အခုအချိန်အထိ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

(Unicode)



















XS
SM
MD
LG