သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အခြေစိုက်စခန်းနဲ့ ပုံစံတူ နေရာကို ဗုံးကြဲတိုက်ခိုက်လေ့ကျင့်နေတဲ့ ဗွီဒီယို တရုတ် ထုတ်ပြန်


တရုတ် H-6K ဗုံးကြဲလေယာဉ်အမျိုးအစား
တရုတ် H-6K ဗုံးကြဲလေယာဉ်အမျိုးအစား

(Zawgyi/Unicode)

ပစိဖိတ်သမုဒ္ဒရာထဲက အမေရိကန်ပိုင် Guam ကျွန်းပေါ်က စစ်စခန်းနဲ့ သဏ္ဍာန်တူ စခန်းတခုကို နျူကလီးယား လက်နက် တပ်ဆင် အသုံးပြု နိုင်တဲ့ H-6 ဗုံးကြဲလေယာဉ်နဲ့ပုံစံတူ လေ့ကျင့်တိုက်ခိုက်မှုကို ရိုက်ကူးထားတဲ့ ဗွီဒီယိုကို တရုတ်လေတပ်က ထုတ်ပြန် လိုက်ပါတယ်။ အမေရိကန်နဲ့ တရုတ်ကြားဆက်ဆံရေးတင်းမာနေတဲ့ အချိန်မှာ အခုလို ပုံစံတူလေ့ကျင့်တဲ့ ဗွီဒီယိုကို တရုတ်က ထုတ် ပြန်လိုက်တာဖြစ်တဲ့အတွက် တင်းမာမှုတွေ ထပ်တိုးလာမယ့်အရေး စိုးရိမ်စရာ ဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ ဂူအမ်ကျွန်းပေါ်က အမေရိကန် Andersen လေတပ်အခြေစိုက်စခန်းနဲ့ ပုံစံတူ စခန်းကို နျူကလီးယားလက်နက်တပ်ဆင်အသုံးပြုနိုင်တဲ့ တရုတ်လုပ် H-6ဗုံးကြဲလေယာဉ်နဲ့ တိုက်ခိုက်နေပုံကို ရိုက်ကူးထားတာပါ။ အဲဒီဗွီဒီယိုကို ဆိုရှယ်မီဒီယာတစ်ခုမှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပစိဖိတ် သမုဒ္ဒရာထဲက ဂူအမ်ကျွန်းမှာ အမေရိကန်တို့ရဲ့ အဓိက စစ်အခြေစိုက်စခန်းတွေရှိပြီး ဒီလေတပ်စခန်းတွေဟာ အာရှ- ပစိဖိတ်ဒေသမှာ ပဋိပက္ခတွေဖြစ်ပွားရင် အဓိက ပစ်မှတ်ထားတိုက်ခိုက်ခံရမယ့် နေရာတွေအဖြစ် ယူဆထားတာပါ။

အခုထုတ်ပြန်လိုက်တဲ့ "The god of war H-6K goes on the attack!" (စစ်နတ်ဘုရားH-6K က တိုက်ခိုက်မှု စတင်လိုက်ပြီ ) လို့ နာမည်ပေးထားတဲ့ ဒီဗွီဒီယိုမှာအခြေစိုက်စခန်းတခုကနေ H-6 ဗုံးကြဲလေယာဉ် ထွက်ခွာသွားပြီး လေယာဉ်မှူးက ပြေးလမ်းတခုကို ဒုံးကျည်ပစ်လွှတ်လိုက်တဲ့ပုံ ရိုက်ကူးပြထားတာပါ။ ဒုံးကျည်သွားရာလမ်းကြောင်းမှာ ပြနေတဲ့ ဂြိုလ်တု ဓါတ်ပုံတွေအရ ဗွီဒီယိုထဲ ရိုက်ကူးပြထားတဲ့ လေတပ်စခန်းဟာ ဂူအမ်ကျွန်းပေါ်က Andersen လေတပ်စခန်းနဲ့ တပုံစံတည်း ဖြစ်ပါတယ်။

အခု ဒီဗွီဒီယိုကို ထုတ်ပြန်လိုက်တဲ့ အချိန်ကလည်း ထိုင်ဝမ်ကျွန်းနားမှာ တရုတ်တို့ စစ်ရေးလေ့ကျင့်မှု ဒုတိယနေ့ပြုလုပ်တဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ထိုင်ဝမ်ကို အမေရိကန် အကြီးတန်းအရာရှိကြီး တဦး လာရောက်လည်ပတ်တဲ့ အပေါ် မကျေနပ်တာကို ပြသတဲ့အနေနဲ့ တရုတ်ကထိုင်ဝမ်ကျွန်းနားမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်နေတာပါ။ ဒီဗွီယိုနဲ့ပတ်သက်လို့ မေးမြန်းချက်ကိုအမေရိကန် နဲ့ တရုတ် နှစ်ဘက်စလုံးက တစုံတရာတုန့်ပြန်ခြင်းမရှိဘူးလို့ ရိုက်တာသတင်းက ပြောပါတယ်။


..............


(Unicode)





XS
SM
MD
LG