သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် လွှတ်တော်အမတ် အနည်းဆုံး ၁၈ ဦး ကိုဗစ်ကူးစက်ခံထားရ


နယူးယောက်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိမရှိ စစ်ဆေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (စက်တင်ဘာ ၁၇၊ ၂၀၂၀)
နယူးယောက်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိမရှိ စစ်ဆေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (စက်တင်ဘာ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်လွှတ်တော် ၂ ရပ်မှာ လွှတ်တော်အမတ် အနည်းဆုံး ၁၈ ဦး COVID-19 ကူးစက်ခံနေရပါတယ်။ ရီပတ်ဘလစ်ကန်ပါတီက ၁၀ ဦးနဲ့ ဒီမိုကရက်တစ်ပါတီက ၈ ဦးမှာ ကူးစက်ခံနေရတာဖြစ်ပြီး နောက်ဆုံး ရောဂါပိုးတွေ့ခဲ့သူက Utah ပြည်နယ် အထက်လွှတ်တော်အမတ် Mike Lee ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

သောကြာနေ့က သမ္မတ Donald Trump မှာ COVID-19 ကူးစက်ခံနေရတယ်လို့ ကြေညာချက် ထွက်လာပြီး နာရီပိုင်းအတွင်းမှာပဲ အသက် ၄၉ နှစ်အရွယ် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Mike Lee မှာလည်း ဒီရောဂါ ကူးစက်ခံနေရတယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ သူဟာ စက်တင်ဘာလ ၂၆ ရက်နေ့က သမ္မတအိမ်ဖြူမှာ ကျင်းပတဲ့ တရားရုံးချုပ် ရှေ့နေအဖြစ် သမ္မတ Trump အမည်စာရင်းတင်သွင်းတဲ့ အယူခံတရားရုံးရှေ့နေ Amy Coney Barrett မိတ်ဆက်ပွဲကို သွားရောက်ခဲ့သလို အဲဒီပွဲမှာ နှာခေါင်းစည်းမတပ်သူ အများအပြားထဲမှာ သူလည်း ပါဝင်ပါတယ်။

Connecticut ပြည်နယ်က အသက် ၄၇ နှစ်အရွယ် ဒီမိုကရက်အမတ် Jahana Hayes ကလည်း သူ့မှာ ဒီရောဂါ ကူးစက်ခံနေရတာကြောင့် ၁၄ ရက် Quarantine လုပ် သီးခြားခွဲနေမှာဖြစ်ကြောင်း စက်တင်ဘာလ ၂၀ ရက်က ကြေညာခဲ့တာပါ။

သြဂုတ်လထဲမှာ ဒီရောဂါ ကူးစက်ခံရသူတွေကတော့ ဆရာဝန်တဦးဖြစ်တဲ့ အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ Louisiana ပြည်နယ် အထက်လွှတ်တော်အမတ် Bill Cassidy၊ အသက် ၅၀ အရွယ် Illinois ပြည်နယ်က အောက်လွှတ်တော်အမတ် Rodney Davis နဲ့ အသက် ၇၂ နှစ်အရွယ် Arizona ပြည်နယ်က အောက်လွှတ်တော်အမတ် Raul Grijalva တို့ ဖြစ်ပါတယ်။

ဇူလိုင်လကတည်းက ကူးစက်ခံခဲ့ရသူတွေကတော့ Texas က အောက်လွှတ်တော်အမတ် Louie Gohmert၊ ဗာဂျီးနီးယားပြည်နယ်က အောက်လွှတ်တော်အမတ် Morgan Griffith တို့ ဖြစ်ပါတယ်။

တောင်ကာရိုလိုင်းနားပြည်နယ် အောက်လွှတ်တော်အမတ် Tom Rice ကတော့ ဇွန်လလယ်ကတည်းက ဒီရောဂါ ကူးစက်ခံခဲ့ရတာဖြစ်ပြီး သူ့ဇနီးရော သူ့သားမှာပါ ကူးစက်ခဲ့တာပါ။

ဗာဂျီးနီးယား အထက်လွှတ်တော်အမတ် Tim Kaine၊ Pennsylvania အထက်လွှတ်တော်အမတ် Bob Casey တို့ကတော့ မေလမှာ ကူးစက်ခံခဲ့ရတာ ဖြစ်ပြီး ခွဲစိတ်ဆရာဝန်တဦးလည်းဖြစ်တဲ့ ဖလော်ရီဒါ အောက်လွှတ်တော်အမတ် Neal Dunn ကတော့ ဧပြီလမှာ ကူးစက်ခံခဲ့ရပါတယ်။ မတ်လထဲမှာတော့ အသက် ၃၈ နှစ်အရွယ် တောင်ကာရိုလိုင်းနားပြည်နယ်က Joe Cunningham အပါအဝင် အောက်လွှတ်တော်အမတ် ၆ ယောက်နဲ့ Kentucky ပြည်နယ် အထက်လွှတ်တော်အမတ် Rand Paul တို့ ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------------

(Unicode)









XS
SM
MD
LG