သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ Facebook ပေါ်ကရေးသားချက် ထုတ်ပြန်ပေးဖို့ တောင်းဆို


(Zawgyi/Unicode)

မြန်မာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ Facebook ပေါ်မှာ တင်ခဲ့တဲ့ စာအရေးအသား Post တွေနဲ့ ဆက်သွယ်ပြောဆိုမှုတွေကို Facebook ကုမ္ပဏီကနေ ရယူနိုင်ရေး တရားရုံး အမိန့်ထုတ်ပြန်ပေးဖို့ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ မြန်မာနိုင်ငံကိစ္စ နိုင်ငံတကာ တရားရုံး (ICJ) ကို အမှုတင်ခဲ့သူ ရှေ့နေတွေက အမေရိကန် ခရိုင်တရားရုံးတစ်ခုမှာ လျှောက်ထားလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်း လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက စွဲချက်တင်ထားတဲ့ ကိစ္စ နယ်သာလန်နိုင်ငံ၊ THE HAGUE မြို့ အခြေစိုက် နိုင်ငံတကာ တရားရုံး (ICJ) မှာ မြန်မာနိုင်ငံ တရားရင်ဆိုင်နေရချိန်မှာ ဂမ်ဘီယာဘက်က ရှေ့နေ တွေက အခုလို လျှောက်ထားလိုက်တာလည်း ဖြစ်ပါတယ်။

ဂမ်ဘီယာနိုင်ငံကိုယ်စား ဇွန်လ ၈ ရက်နေ့က အမေရိကန်မြို့တော် ခရိုင်ဖြစ်တဲ့ District Of Columbia တရားရုံးကို လျှောက်ထား ချက်မှာ Facebook စာမျက်နှာပေါ်က စာရွက်စာတမ်း အချက်အလက်တွေနဲ့ ဆက်သွယ်ပြောဆိုမှုအားလုံးကို ထုတ်ပြန်ပေးဖို့ Facebook ကို တောင်းဆိုပေးဖို့ ပါရှိပါတယ်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေကို မီးထိုးပေးတဲ့ အမုန်းတရားတွေ ဖြန့်ချိရာမှာ Facebook က အခရာကျတဲ့ အခန်းကဏ္ဍက နေ ပါဝင်ခဲ့ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက ၂၀၁၈ ခုနှစ်က ပြောထားခဲ့တာဖြစ်ပြီး FACEBOOK ကုမ္ပဏီကလည်း အမုန်းတရားတွေတင်တာတွေကို ပိတ်ပင်မှုတွေ လုပ်နေတယ်လို့ ပြောထားပါတယ်။

အခု လျှောက်ထားချက်ကို လွှဲပြောင်း လက်ခံခဲ့သူ တရားသူကြီးက Facebook နဲ့ ဂမ်ဘီယာနိုင်ငံက ကိုယ်စားလှယ်တွေနဲ့ အမြန်ဆုံး တွေ့ဆုံဖို့ ရှိပြီး Facebook ကုမ္ပဏီကလည်း ဂမ်ဘီယာရဲ့ လျှောက်ထားချက်ကို သိရှိကြောင်းနဲ့ ဒီကိစ္စနဲ့ သင့်လျော်တဲ့ ဥပဒေတွေနဲ့အညီ လုပ်ဆောင်သွားမယ်လို့ အတည်ပြုပြောကြားကြောင်း ရိုက်တာ သတင်းဌာနက ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်Facebook ပေါ်တင်ခဲ့တဲ့ အချက်အလက်တွေလည်း Facebook ကုမ္ပဏီ ကနေ ရယူလိုတဲ့အထဲ ပါဝင်ပါတယ်။ ၂၀၁၈ ခုနှစ် ဩဂုတ်လတုန်းက Facebookကနေ ဖြုတ်ချခဲ့တဲ့ အစိုးရ တာဝန်ရှိသူတွေနဲ့ အဖွဲ့အစည်း စုစုပေါင်း ၂၀ ရဲ့ Account တွေထဲက အသေးစိတ် အချက်အလက်တွေကိုလည်း ရယူလိုတယ်လို့ လျှောက်ထားချက်မှာ ပါရှိပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုန်း သတ်ဖြတ်မှုကနေ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးနိုင်ရေး အရေးပေါ် အရေးယူ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ နိုင်ငံတကာ တရားရုံး ICJ က အမိန့်ထုတ်ပြန်ထားပါတယ်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်က ARSA လက်နက်ကိုင်တပ်တွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာက ရိုဟင်ဂျာ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာ အာဏာပိုင်တွေကရခိုင်ပြည်နယ် အတွင်း သောင်းကျန်း မှုတွေကို နှိမ်းနင်းခဲ့တာဖြစ်ပြီး လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်း မရှိကြောင်းငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)








XS
SM
MD
LG