သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲ မဲရေတွက်ဆဲ ပြည်နယ်အများစုမှာ Joe Biden အသာရနေ


ဒီမိုကရက်တစ် သမ္မတလောင်း Joe Biden.
ဒီမိုကရက်တစ် သမ္မတလောင်း Joe Biden.

(Zawgyi / Unicode)

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပေးခဲ့ကြတဲ့ ဆန္ဒမဲတွေကို ဆက်ပြီး ရေတွက်နေတဲ့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ သမ္မတ Donald Trump ရတဲ့ မဲအရေအတွက်ထက် ဒီမိုကရက်သမ္မတလောင်း Joe Biden ရတဲ့ မဲအရေအတွက်က သောကြာနေ့အစောပိုင်းမှာ ၅,၀၀၀ ပတ်ဝန်းကျင် ပိုများနေခဲ့တာကနေ ညဘက်မှာတော့ ၂၉,၀၀၀ နီးပါးထိ တက်သွားပါတယ်။

မဲရေတွက်နေဆဲ ပြည်နယ်တွေထဲက အများစုမှာ သူအသာရနေတဲ့အကြောင်း သူ့ကိုထောက်ခံသူတွေကို သောကြာနေ့မှာ မိန့်ခွန်းပြောတဲ့အချိန် Mr. Biden က ထည့်ပြောသွားပါတယ်။

"ကျနော်တို့ရတဲ့ စုစုပေါင်း မဲအရေအတွက် ပိုတိုးလာနေပါတယ်။ မဲအရေအတွက် လေးသန်းကျော်နဲ့ Donald Trump ကို အနိုင်ရနေပြီးတော့ အဲဒီအရေအတွက်ကလည်း ပိုတိုးလာနေတာပါ။ အထူးသဖြင့် ကျနော် ဂုဏ်အယူရဆုံး အချက်ကတော့ အမေရိကန်တနိုင်ငံလုံးမှာ ကျနော်တို့ ဘယ်လောက်တောင် အခြေအနေကောင်းတယ် ဆိုတာပါပဲ။ ကျနော်တို့ဟာ အရီဇိုးနားပြည်နယ်မှာ ၂၄ နှစ်အတွင်း ပထမဆုံး အနိုင်ရတဲ့ ဒီမိုကရက်တွေ ဖြစ်လာပါတော့မယ်။ ဂျော်ဂျီယာပြည်နယ်မှာ ၂၈ နှစ်အတွင်း ပထမဆုံး အနိုင်ရတဲ့ ဒီမိုကရက်တွေ ဖြစ်လာပါတော့မယ်။" လို့ Mr. Biden က ပြောသွားပါတယ်။

လုံးဝအနိုင်ရပြီလို့ Mr. Biden က ပြတ်ပြတ်သားသား ပြောမသွားပေမယ့်လည်း ဒီပွဲကို အနိုင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

သမ္မတ Trump ကတော့ Mr. Biden အနေနဲ့ အနိုင်ရပြီဆိုတာကို ကြိုတင်မပြောဖို့ သောကြာနေ့က တွစ်တာမှာရေးပြီး သတိပေးပါတယ်။

"Joe Biden အနေနဲ့ သမ္မတဖြစ်ပြီဆိုပြီး မဟုတ်မမှန်ဘဲ မပြောသင့်ပါဘူး။ ကျနော်လည်း အလားတူ ပြောနိုင်တာပါပဲ။ ဥပဒေကြောင်းအရ လုပ်ဆောင်ချက်တွေ အခုမှ အစပဲရှိပါသေးတယ်" လို့ သမ္မတ Trump က တွစ်တာမှာ ရေးပါတယ်။

Mr. Biden ဟာ ဂျော်ဂျီယာ၊ နီဗားဒါးနဲ့ အရီဇိုးနားပြည်နယ်တွေမှာလည်း မဲအသာရနေပါတယ်။ သမ္မတ Trump ကတော့ မြောက်ကာရိုလိုင်းနားနဲ့ အလာစကားပြည်နယ်တွေမှာ အသာရနေတာပါ။

Mr. Biden သာ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ တကယ်တမ်း အနိုင်ရပြီဆိုရင်တော့ ကိုယ်စားလှယ်မဲ အရေအတွက် ၂၇၀ ကို ကျော်သွားမှာဖြစ်ပြီး ဒီလိုသာဆိုရင်တော့ သမ္မတ Trump အနေနဲ့ ကျန်တဲ့ပြည်နယ်တွေ အားလုံးမှာ အနိုင်ရတယ်ဆိုရင်တောင်မှ သမ္မတရွေးကောက်ပွဲကို အနိုင်ရဖို့ အလားအလာ ရှိတော့မှာမဟုတ်ပါဘူး။

ဒီတကြိမ် သမ္မတရွေးကောက်ပွဲမှာ မဲဆန္ဒရှင် သန်းပေါင်း ၁၅၀ ကျော် မဲပေးခဲ့ကြတာကြောင့် အမေရိကန်ရွေးကောက်ပွဲ သမိုင်းမှာ အရေအတွက်အများဆုံး မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိမှာ Mr. Biden က မဲအရေအတွက် ၇၄ သန်းရထားပြီး သမ္မတ Trump က ၆၉ သန်း ရထားတဲ့အတွက် Mr. Biden က စုစုပေါင်း မဲအရေအတွက် ၄ သန်း အသာရနေပါတယ်။ ဒါပေမယ့် အမေရိကန်ရွေးကောက်ပွဲမှာ အနိုင်ရသမ္မတကို ပြည်နယ်အလိုက် ကိုယ်စားလှယ်မဲ အရေအတွက်နဲ့ အဆုံးအဖြတ်ပေးတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)












XS
SM
MD
LG