သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲရလဒ်နှင့် ကန်နိုင်ငံရေးရှေ့ခရီး

အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ Joe Biden နဲ့ ဒုတိယသမ္မတလောင်း Kamala Harris. (နိုဝင်ဘာ ၇၊ ၂၀၂၀)
အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ Joe Biden နဲ့ ဒုတိယသမ္မတလောင်း Kamala Harris. (နိုဝင်ဘာ ၇၊ ၂၀၂၀)

(Zawgyi / Unicode)

၂၀၂၀ ပြည့်နှစ်၊ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်သမ္မတလောင်း Joe Biden ကို အနိုင်ရသူအဖြစ် အမေရိကန် သတင်းမီဒီယာအသီးသီးက တွက်ချက် ဖော်ပြလိုက်ပြီ ဖြစ်ပါတယ်။ မြို့တော် ဝါရှင်တန်ဒီစီမှာရော နိုင်ငံတဝန်းမှာပါ Mr. Biden ကို ထောက်ခံသူတွေ အောင်ပွဲခံနေကြပါတယ်။ ဒီအခြေအနေတွေကို အန်ကယ် ဦးကျော်ဇံသာနဲ့အတူ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

မသိင်္ဂီထိုက် - အန်ကယ်ရေ မင်္ဂလာပါ။ အခု ဒီမိုကရက် Joe Biden ဟာ ရွေးကောက်ခံသမ္မတ ဖြစ်ပြီဆိုပြီး အောင်ပွဲခံနေကြပါပြီ။ ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တချို့ကလည်း ဂုဏ်ပြု ပြောကြားနေကြပါပြီ။ ဆိုတော့ Joe Biden က သမ္မတဖြစ်ဖို့ သေချာသွားပါပြီလားရှင့်။

ဦးကျော်ဇံသာ - “အခု မီဒီယာတွေက တွက်ချက်တာ မှန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ခံ ကိုယ်စားလှယ်မဲ ၂၇၀ ရရမယ့်အထဲမှာ ၂၇၀ ကျော်သွားပြီဆိုတော့ အတော်လေး သေချာသွားပြီလို့ ပြောရမှာပါ။ ဒါပေမယ့် ဒီဟာက တရားဝင်သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမှ သမ္မတအစစ် ဖြစ်လာမှာပေါ့။ အခုတော့ President-elect လို့ ပြောလို့ရပါတယ်။ ဒီလို Joe Biden က သူနိုင်ပြီလို့ မပြောသော်လည်းပဲ အောင်နိုင်သူရဲ့ စကားပေါ့ဗျာ၊ နိုင်ရင် ပြောရမယ့်စကားတွေ ပြောပါတယ်။ ကျနော်တို့ ပြန်လည်သင့်မြတ်ကြပါစို့၊ စိတ်ဝမ်းကွဲတာတွေကို နောက်မှာ ထားခဲ့ကြပါစို့ ဆိုတဲ့ စကားကို ပြောနေပါပြီ။ Donald Trump ကတော့ ဒီကိစ္စကို သူ တရားစွဲမယ်ဆိုတာ အခိုင်အမာပြောပါတယ်၊ သူ့ဘက်ကတော့။ သူ့ရဲ့ Campaign ကလူတွေကတော့ ဒါကို ဥပဒေအတိုင်း ဖြစ်ခဲ့ရဲ့လားဆိုတာ သူတို့ တရားရုံးမှာ တိုင်တန်းမယ်၊ လျှောက်လဲမယ်လို့ ပြောနေပါတယ်။ ဆိုတော့ ဒီကြားထဲမှာတော့ ပြတ်ပြတ်သားသား ယတိပြတ် သုံးနှုန်းလို့တော့ မရဘူး။ ဒါပေမယ့် သူဟာ သမ္မတ ဖြစ်လာဖို့ကတော့ အတော်လေး သေချာနေပြီလို့ ပြောရမှာဖြစ်ပါတယ်။ အခက်အခဲတွေတော့ တွေ့ရဦးမှာပေါ့လေ ကြားမှာ၊ အဖုအထစ်တွေတော့ နည်းနည်း ရှိပါလိမ့်ဦးမယ်။”

မသိင်္ဂီထိုက် - ပြည်နယ်တချို့မှာ မဲရေတွက်မှုနဲ့ ပတ်သက်ပြီးတော့ နှစ်ဖက် ပြောကြဆိုကြ ကိစ္စတွေလည်း ရှိပါတယ်။ ဆိုတော့ ခုန အန်ကယ်ပြောသလိုပဲ သမ္မတ Donald Trump ဘက်က ဥပဒေကြောင်းအရ လုပ်လာနိုင်တဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။

ဦးကျော်ဇံသာ - “မဲရေတွက်မှုနဲ့ ဥပဒေကြောင်းအရ တရားစွဲတာကို နည်းနည်းခွဲပြီး ပြောရမယ်ဆိုရင် တချို့နေရာတွေမှာ ထောက်ခံတဲ့မဲ မဲကွာဟမှုက သိပ်မပြတ်သားဘူး။ ဥပမာ .၅ ရာခိုင်နှုန်းတောင်မှ သီသီလေး ဖြစ်နေတယ်ဆိုရင် မဲရေတွက်ဖို့ တောင်းခံနိုင်တယ်။ အဲဒါ ပြန်ရေတွက်ဖို့ ဖြစ်နိုင်ပါတယ်။ ဒါကတော့ ဖြစ်နိုင်တယ်။ ဥပဒေအရကတော့ မသမာမှုတွေ ဖြစ်ခဲ့တယ်ဆိုပြီးတော့ ပြည်နယ်တရားရုံးတချို့မှာ အရီဇိုးနားနဲ့ ဂျော်ဂျီယာမှာ ပြောပြီးဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီမှာ ပြည်နယ်တရားသူကြီးက ပယ်ချတယ်။ ‘ငါတို့ အထောက်အထား ဘာမှမတွေ့ရဘူး’ ဆိုပြီး ပယ်ချထားတာ တွေ့ရပါတယ်။ Donald Trump ဘက်က ဘယ်လိုတက်လာမလဲ မသိသေးဘူး။ ဒါပေမယ့် ပြည်နယ်က ဒီလို ပယ်ချထားသော်လည်းပဲ ပြည်ထောင်စုတရားရုံးချုပ်က ပြည်နယ်ရဲ့ ပယ်ချထားတာကို သူတို့က ပြောင်းပြန်လှန်ပြီး လက်ခံပြီး စစ်ဆေးချင်တယ်။ အဲဒီကို ရောက်တဲ့အခါမှာ ပြန်လည်စစ်ဆေးနိုင်ပါတယ်။ အဲတော့ လူတချို့က တွက်ထားကြတယ်။ ဒါကြောင့်လည်း Donald Trump ဟာ သူဖြစ်စေချင်တဲ့ ပြည်ထောင်စုတရားရုံးချုပ်ရဲ့ တရားသူကြီးအဖွဲ့ဝင် တဦးကို ဖြစ်အောင် သူက ရွေးကောက်ပွဲမတိုင်ခင် အတင်းတွန်းပြီး ဖြစ်စေခဲ့တယ်လို့ သုံးသပ်တာ ရှိပါတယ်။ ပြည်ထောင်စုတရားရုံးကို ရောက်လာတဲ့အခါမှာ တရားရုံးချုပ်ကို ရောက်လာခဲ့အခါမှာ အဆုံးအဖြတေ်က တမျိုးတမည် ဖြစ်မလားဆိုတာလည်း တချို့က တွက်ကြပါတယ်။ အပြတ်ပြောလို့ မရသေးပါဘူး။ ဥပဒေကြောင်းနဲ့ ပတ်သက်လို့ကတော့။ ဒါပေမယ့် သူ့ဘက်မှာ အထောက်အထား နည်းနေတယ် ဆိုတာကတော့ လူတိုင်းက ပြောကြပါတယ်။”

မသိင်္ဂီထိုက် - Joe Biden ရွေးကောက်ခံရတာ သေချာသွားပြီဆိုရင် သမ္မတ အပြောင်းအလဲ လုပ်ငန်းစဉ်ကိုလည်း ရှင်းပြပေးပါဦး။

ဦးကျော်ဇံသာ - “အဲဒါ သိပ်ရှုပ်ထွေးတဲ့ကိစ္စပါ။ အခု ပြဿနာတက်နေတဲ့ ရွေးကောက်ပွဲကို မပြောနဲ့၊ ရှင်းရှင်းလင်းလင်း အရှုံးအနိုင် ပြတ်သားပြီးတော့ ရှုံးတဲ့လူကလည်း ရှုံးကြောင်းဝန်ခံတဲ့ မိန့်ခွန်းတွေ ဘာတွေ ပြောပြီးတဲ့ ဖြစ်ရပ်မျိုးမှာတောင်မှ အာဏာလွှဲပြောင်းရေးကိစ္စက တော်တော်ရှုပ်ထွေးတဲ့ကိစ္စ ဖြစ်ပါတယ်။ ဆိုတော့ အခုကိစ္စမှာ ပိုမိုရှုပ်ထွေးလိမ့်မယ်လို့ လူတိုင်းခန့်မှန်းကြပါတယ်။ တကယ်တော့ သမ္မတနှစ်ဦး ရင်ဆိုင်တွေ့ပြီးတော့ ပြောပြီးတော့ အာဏာလွှဲကြမယ်ဆိုရင်တော့ ကောင်းတာပေါ့။ အခုဆို သူတို့နှစ်ယောက် အဲဒီလို တွေ့မယ်လို့ မထင်ကြပါဘူး။ သူတို့ကြားမှာ တယောက်နဲ့တယောက် အထူးသဖြင့် Donald Trump ဘက်က ပြောထားတာ များနေတော့ ရင်ဆိုင်တွေ့ချင်မှ တွေ့ပါလိမ့်မယ်။ သူတို့က ကိုယ်စားလှယ်လွှဲပြီးတော့ အာဏာလွှဲရေးကိစ္စ စီစဉ်ကြလိမ့်မယ်လို့ ပြောကြပါတယ်။ Joe Biden ဘက်ကတော့ အစကတည်းက သူတို့ စီစဉ်ပြီးသားပါ။ ငါတို့ဘက်က နိုင်ခဲ့ရင် ဘယ်လိုလုပ်မယ်ဆိုတာ သူ့ရဲ့ အကြီးတန်း လက်ထောက်တယောက်ကို စီစဉ်ဖို့ ခိုင်းထားတယ်လို့ သိရပါတယ်။ ပထမဆုံးလုပ်မှာက အိမ်ဖြူတော် အရာရှိချုပ်ပေါ့။ White House ရဲ့ Chief of Staff ရာထူးကို သူတို့ရွေးချယ်မယ်။ ကိုဗစ်ဖြစ်နေတဲ့အချိန်မှာ ဘယ်လိုစီစဉ်မယ် ဆိုတာကို အစီအစဉ်ကို သူက လုပ်လိမ့်မယ် ထင်ပါတယ်။ အဓိကတော့ အာဏာလွှဲပြောင်းရေး ကိစ္စတွေမှာ လုပ်ရမှာပါ။”

မသိင်္ဂီထိုက် - တကယ်လို့ အရှုံးအနိုင် ပြတ်ပြတ်သားသား ဖြစ်လာခဲ့လို့ Joe Biden အနိုင်ရပြီဆိုရင် သူရွေးချယ်ထားတဲ့ ဒုသမ္မတလောင်း Kamala Harris ဟာ လူဖြူမဟုတ်တဲ့ အမျိုးသမီး ပထမဆုံးသော ဒုတိယသမ္မတ ဖြစ်လာမှာပါ အမေရိကန်သမိုင်းမှာ။ သူ ဒုတိယသမ္မတဆိုပြီး ဖြစ်လာတာကရော ဘယ်လောက် အထောက်အပံ့ ဖြစ်နိုင်မလဲ။

ဦးကျော်ဇံသာ - “အထောက်အပံ့ အကြီးအကျယ် ဖြစ်နိုင်ပါတယ်။ သူ့ရဲ့ထူးခြားချက်က နှစ်ခုရှိတယ်။ ပထမတခုက အမျိုးသမီး ဒုတိယသမ္မတ ပထမဆုံးရတဲ့ဟာ။ နောက်တခုက လူဖြူမဟုတ်တဲ့ ဒုတိယသမ္မတ။ လူဖြူမဟုတ်တဲ့ အထဲမှာမှ သူက အာရှသွေးလည်းပါတယ်၊ အာဖရိကသွေးလည်းပါတယ်။ ဆိုတော့ သူက သိပ်ထူးခြားတဲ့ ဒုတိယသမ္မတ ဖြစ်ပါတယ်။ Kamala Harris ဟာ တကယ်လို့ ဒုတိယသမ္မတ ဖြစ်လာမယ်ဆိုရင်။ ဒါကြောင့် Modi က တလောတုန်းကပဲ ကြားလိုက်ပါတယ်၊ ကြိုဆိုပြီးတော့ အိန္ဒိယနိုင်ငံနဲ့ အမေရိကန်ရဲ့ ချစ်ကြည်ရေးဟာ ပိုပြီးတော့ ခိုင်မြဲသွားမယ်၊ အိန္ဒိယသွေး ပါတဲ့အတွက်ဆိုပြီးတော့ သူက ဂုဏ်ပြုနေတာ တွေ့ရပါတယ်။ ဆိုတော့ ဒီအမျိုးသမီးလက်ထက်မှာ အလားတူစွာပဲ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားတဲ့လူတွေ၊ Social Justice လူမှုရေး တရားမျှတမှု လိုချင်တဲ့လူတွေ၊ ဒီတိုင်းပြည်မှာလည်း အဲဒီကိစ္စတွေက အများကြီးရှိနေတော့ အများကြီးထိရောက်မှာ ဖြစ်ပါတယ်။”

မသိင်္ဂီထိုက် - တကယ်လို့ အတည်ဖြစ်လာပြီး ဒီမိုကရက် Joe Biden အနေနဲ့ သမ္မတရာထူး လက်ခံရယူပြီဆိုရင်ရော သူ့ရဲ့ သမ္မတရှေ့လုပ်ငန်းစဉ် ချောချောမွေ့မွေ့ ဖြစ်ပါ့မလား။ ဘယ်လိုအချက်တွေ ထောက်ထားဖို့လိုပါလဲ။

ဦးကျော်ဇံသာ - “အခက်အခဲတွေ အများကြီး ကြုံရမှာပါ။ ဒါ ခရောင်းလမ်းပေါ့ဗျာ၊ ဖြတ်ရမယ့်ကိစ္စ။ ပထမဦးဆုံးကိစ္စကတော့ ကိုဗစ်ကိစ္စကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာ သိပ်အရေးကြီးတဲ့ကိစ္စပါ။ ဒီကိစ္စကို ကိုင်တွယ်တဲ့ တချိန်တည်းမှာပဲ စီးပွားရေးကိုလည်း မထိခိုက်အောင် စီစဉ်ရမှာ ဖြစ်ပါတယ်။ ဒီဟာကို ပစ်ပယ်ထားလို့ မရဘူး။ သူ့ Campaign မှာလည်း ဒါကို အမြဲတမ်းပြောခဲ့တယ်။ အဲဒီနှစ်ခုကို တြပေးညီတိုးတက်အောင် သူလုပ်ရမှာ ဖြစ်ပါတယ်။ နောက်တခုက ရွေးကောက်ပွဲ ပြီးတဲ့အခါ သမ္မတတွေ အနိုင်ရတဲ့သူတွေရဲ့ အဓိကလုပ်ရမယ့် လုပ်ငန်းဟာ ရွေးကောက်ပွဲကာလမှာ စိတ်ဝမ်းကွဲခဲ့တဲ့ တခြမ်းစီဖြစ်နေခဲ့တဲ့ တိုင်းပြည်ရဲ့ ကွဲပြဲမှုကို ပြန်လည်စုစည်းနိုင်ဖို့က သိပ်အရေးကြီးပါတယ်။ အခုပြီးခဲ့တဲ့ ရွေးကောက်ပွဲ အခင်းအကျင်းမှာ သမိုင်းမှာ တော်တော့်ကို ထူးထူးခြားခြား မကြုံစဘူး စိတ်ဝမ်းကွဲခဲ့ကြတဲ့ပွဲ ဖြစ်ပါတယ်၊ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တို့ဟာ။ ဆိုတော့ ဒီဟာကို ပြန်လည်စုစည်းပေးဖို့ ဆိုတာဟာ သာမန်အခြေအနေမှာ စုစည်းရတာထက် ပိုပြီး ခက်ခဲပါလိမ့်မယ် သူ့အနေနဲ့ ဒီကိစ္စကို စုစည်းပေးဖို့အတွက်။ ဆိုတော့ ဒါဟာ သိပ်အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။

“နောက် အမေရိကန်သမ္မတ သူရာထူးခန့်အပ်ရမယ့်သူ ၄,၀၀၀ ရှိပါတယ် အကြမ်းဖျင်း။ Joe Biden သမ္မတသစ်ဖြစ်လာရင် ရာထူး ၄,၀၀၀ ခန့်ရမယ်။ အဲဒီထဲမှာ ၁,၂၀၀ လောက်က အထက်လွှတ်တော် ဆီးနိတ်က သဘောတူမှ ခန့်ခွင့်ရမှာ။ အခု အထက်လွှတ်တော်လို့ခေါ်တဲ့ အမေရိကန် ဆီးနိတ်လွှတ်တော်ဟာ ရီပတ်ဘလစ်ကန်တွေဘက်က အားသာမယ့် အခြေအနေ ရှိနေတော့ သူဟာ အတော့်ကို အခက်အခဲ ကြုံရပါလိမ့်မယ် အဲဒီကိစ္စမှာ။ သမ္မတက အဆိုပြုလိုက်၊ ဟိုဘက်က ပယ်ချလိုက် အဲဒီအခက်အခဲမျိုးတွေ အများကြီး တွေ့ရနိုင်စရာ ရှိပါတယ်။ နောက် နိုင်ငံခြားရေးနဲ့ ပတ်သက်ပြီးတော့လည်း အဓိကအားဖြင့် သူကိုင်တွယ်ရမယ့်အချက် ၃ ချက်လို့ မြင်ပါတယ်။ တရုတ်ကိစ္စကို သူဘယ်လိုလုပ်မလဲ၊ Donald Trump လေအတိုင်း ဆက်ပြီး ရန်တွေ့နေမလား၊ နောက်တခါ အီရန်ကိစ္စ၊ အီရန်နဲ့ ကမ္ဘာ့နိုင်ငံတွေ များစွာ နျူကလီးယား သဘောတူညီမှု လုပ်ထားခဲ့တာနဲ့ ဖယ်ထုတ်ပြီးတော့ စစ်မီး ဖြစ်လုနီးပါး Donald Trump ဟာ အဲဒီမှာ ပဋိပက္ခ ဖြစ်ခဲ့တယ်လို့ သုံးသပ်ကြပါတယ်။ အဲဒီဟာကို ပြန်လည်သင့်မြတ်အောင် သူဘယ်လိုလုပ်မလဲ။ အဲဒီစာချုပ်ကို ပြန်ပြီး အသက်သွင်းမလား။ နောက်တခုက ဥရောပနိုင်ငံတွေနဲ့ လုပ်ထားတဲ့ ပဲရစ် ရာသီဥတုဆိုင်ရာ သဘောတူညီမှု၊ ဒီကိစ္စကိုရော ဘယ်လိုလုပ်မလဲ၊ နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကိုလည်း Donald Trump က အတော်လေး ရှုတ်ချ ပုတ်ခတ်ထားတယ်။ ထွက်မယ် ဘာညာ ပိုက်ဆံမပေးဘူး လုပ်ထားတယ်။ ဆိုတော့ ကိုဗစ်ကာလမှာ သူနဲ့ ပြန်ပတ်သက်မလား။ ဒါပေမယ့် Joe Biden သမ္မတ ဖြစ်လာတဲ့အခါမှာ ရင်ဆိုင်ရမယ့်ပြဿနာတွေ အများကြီးရှိနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။”

ရွေးကောက်ပွဲရလဒ်နှင့် ကန်နိုင်ငံရေးရှေ့ခရီး
please wait

No media source currently available

0:00 0:08:15 0:00
တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)














This item is part of
XS
SM
MD
LG