(Zawgyi / Unicode)
၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်သမ္မတလောင်း Joe Biden ကို အနိုင်ရသူအဖြစ် အမေရိကန် သတင်းမီဒီယာအသီးသီးက တွက်ချက် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
အခုလို သတင်းမီဒီယာတွေက ကြေညာခဲ့ပြီး မကြာခင်မှာပဲ Joe Biden က နိုင်ငံတွင်း စည်းလုံးညီညွတ်ကြဖို့ ကြေညာချက်ထုတ်ပြန် ပန်ကြားလိုက်ပါတယ်။
“မဲဆွယ်ပွဲတွေ ပြီးသွားပြီဖြစ်ပြီး ဒီအချိန်မှာ အရင်တုန်းက တဖက်နဲ့တဖက် ပြင်းပြင်းထန်ထန် ပြောကြားခဲ့တာတွေနဲ့ ဒေါသတွေကို အတိတ်မှာ ထားခဲ့ဖို့နဲ့ တနိုင်ငံလုံး အတူလက်တွဲရမယ့် အချိန်ဖြစ်ကြောင်း” ပြောကြားခဲ့သလို အမေရိကန်နိုင်ငံအတွက် စည်းလုံးညီညွတ်ရမယ့်အချိန် ဖြစ်ကြောင်းလည်း ပြောကြားခဲ့တာပါ။
အခုဆိုရင် Joe Biden ဟာ အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမ္မတအဖြစ် မှတ်တမ်းဝင်မယ့် အခြေအနေ ရှိသွားပြီဖြစ်ပါတယ်။ သူဟာ ရွေးကောက်ပွဲ အနိုင်ရချိန်မှာ အသက် ၇၈ နှစ်နီးပါး ရှိပါပြီ။
Joe Biden ရဲ့ ဒုတိယသမ္မတလောင်းဖြစ်သူ အထက်လွှတ်တော်အမတ် Kamala Harris ဟာလည်း အမေရိကန်သမိုင်းမှာ လူဖြူမဟုတ်တဲ့ တခြားလူမျိုးသွေးစပ်သူတွေထဲက ပထမဆုံး ဒုတိယသမ္မတအဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့မှာ သမ္မတရွေးကောက်ပွဲအတွက် မဲပေးခဲ့ကြပြီး ၄ ရက်အကြာမှာ သတင်းဌာနတွေက အခုလို ခန့်မှန်းကြေညာလိုက်တာပါ။
ပြည်နယ်အသီးသီးက သက်ဆိုင်ရာ ရွေးကောက်ပွဲရလဒ်တွေကို တရားဝင် ကြေညာရဦးမှာဖြစ်ပြီး သမ္မတ Donald Trump ဘက်က ဥပဒေကြောင်းအရ တရားစွဲဆိုတာတွေလည်း ရှိထားပေမယ့် ရလဒ်က ပြောင်းလဲမယ့်ပုံ မရှိဘူးလို့ ခန့်မှန်းကြပါတယ်။
Mr. Biden ဟာ သမ္မတရွေးကောက်ပွဲ အနိုင်ရဖို့ လိုအပ်တဲ့ သမ္မတရွေးချယ်ရေးအဖွဲ့ ကိုယ်စားလှယ်မဲ အရေအတွက် ၂၇၀ ထက်မနည်းကို ရပြီလို့ ခန့်မှန်းကြပြီးတဲ့နောက် အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။
---------------------------
(Unicode)