သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတကို ရာဇဝတ်ကြောင်းအရ တရားစွဲလို့ရသလား


အမေရိကန်ပြည်ထောင်စုမှာ သမ္မတကို ရာဇဝတ်မှုနဲ့တရားစွဲဖို့ ဖွဲ့စည်းပုံက ခွင့်ပြုထားပါသလား။ ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်နှောင့်ယှက်ခဲ့တဲ့ ရုရှားနိုင်ငံနဲ့ သမ္မတ Donald Trump ရဲ့အနီးကပ်အကြံပေးတွေ ပူးပေါင်းကြံစည်ခဲ့ခြင်း ရှိမရှိကို အထူးရှေ့နေကစုံစမ်းနေချိန်မှာ မေးခွန်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမေးခွန်းအတွက် ရှင်းလင်းတဲ့အဖြေရောရှိပါရဲ့လား ဆိုတာ VOA သတင်းထောက် William Gallo ရှင်းပြထားတာကို မစုမြတ်မွန်က တင်ပြပါလိမ့်မယ်။

Trump စည်းရုံးရေးတာဝန်ရှိသူတွေနဲ့ ရုရှားကြား ဆက်သွယ်ကြံစည်ဆောင်ရွက်မှုတွေလုပ်ခဲ့သလားဆိုတာ တရားရေးဌာနရဲ့တာဝန်ပေးချက်အရ အထူးရှေ့ Robert Mueller ကစုံစမ်းနေပါတယ်။ စုံစမ်းမှုအရ ပြည်ထောင်စုဥပဒေတွေကို ချိုးဖောက်တယ်လို့ သူ့အနေနဲ့တွေ့ရှိရင် သဘောတရားအရ သမ္မတအပါအဝင် ဘယ်သူ့ကိုမဆို အထူးရှေ့နေက တရားစွဲပိုင်ခွင့်ရှိပါတယ်။ FBI အကြီးအကဲဟောင်း James Comey ကိုသမ္မတ Trump ရာထူးကနေ ဖယ်ရှားခဲ့တဲ့လုပ်ရပ်ဟာ တရားဥပဒေကို နှောင့်ယှက်ရာရောက်သလားဆိုတာကို Mr. Muller ကစုံစမ်းနေတယ်လို့ဆိုပါတယ်။ တကယ်လို့ စုံစမ်းရေးအဖွဲ့က ခိုင်မာတဲ့အထောက်အထားတွေ့လို့ သမ္မတကို တရားစွဲမယ်ဆိုရင် ဒီအမှုက အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်ကနောက်ဆုံး အဆုံးအဖြတ်ပေးရမှာ သေချာသလောက်ရှိပါတယ်။

အမေရိကန်ဖွဲ့စည်းပုံမှာ ဘယ်လိုအခြေအနေမျိုးတွေဆိုရင် သမ္မတကို စွဲချက်တင် ရာထူးကနေဖယ်ရှားနိုင်တယ်လို့ဖော်ပြထားပေမဲ့ သမ္မတကို ရာဇဝတ်မှုနဲ့ တရားစွဲလို့ရသလားဆိုတာကို တိကျတဲ့ရှင်းလင်းချက် မရှိပါဘူး။ ပြည်ထောင်စုဥပဒေထဲမှာလည်း မရှိသလို တရားရုံးတွေမှာလည်း ဒီလိုအခြေအနေအတွက် တခါမှ အဆုံးအဖြတ်ပေးခဲ့ရတာမျိုးမရှိခဲ့ဘူးလို့ VOA သတင်းထောက် William Gallo ကပြောပါတယ်။

အဲဒါကြောင့် သမ္မတကို တရားစွဲနိုင်သလားဆိုတဲ့ မေးခွန်းအတွက် တိကျတဲ့အဖြေမရှိပါဘူး။ ဥပဒေပညာရှင်တွေကတော့ ဖွဲ့စည်းပုံဆိုင်ရာမူတွေ၊ ဖွဲ့စည်းပုံရေးဆွဲခဲ့ကြသူရဲ့ ရည်ရွယ်ချက်ဘယ်လိုဖြစ်ခဲ့နိုင်မယ်ဆိုတာအပေါ်မှာ အခြေခံပြီးကောက်ချက်ဆွဲကြပါတယ်။ လတ်တလောသတင်းတွေမှာ လက်ရှိသမ္မတတာဝန်ယူထားသူကို တရားစွဲလို့မရဘူးလို့ ဥပဒေပညာရှင်တချို့ကပြောကြသလို တချို့ကလည်း သမ္မတအနေနဲ့တာဝန်ခံမှု တာဝန်ယူမှုရှိဖို့ တရားစွဲနိုင်တယ်လို့ ပြောကြပါတယ်။

"ဒီမေးခွန်းက အရေးကြီးတဲ့မေးခွန်း။ ခက်ခဲတဲ့မေးခွန်းတခုပါ။ တရားစွဲတယ်ဆိုတာက သမ္မတတာဝန်ခံစရာရှိရင်ခံရဖို့ စွပ်စွဲပြစ်တင်ရာထူးကနေဖယ်ရှားမှုရဲ့ နောက်ဆက်တွဲလုပ်ဆောင်ချက်ဖြစ်ပါတယ်။"

Hofstra တက္ကသိုလ်က ဖွဲ့စည်းပုံဆိုင်ရာပါမောက္ခ Eric Freedman ဖြစ်ပါတယ်။ သမ္မတကိုတရားစွဲမှုကနေ ကင်းလွတ်ခွင့်ပေးသင့်တယ်လို့ ပြောနေကြသူတွေဖက်ကတော့ အုပ်ချုပ်မှုပိုင်းမှာထိခိုက်နိုင်တယ်လို့ ထောက်ပြကြပါတယ်။ ရာဇဝတ်ကြောင်းအရ စွဲချက်တင်မယ်ဆိုရင် အုပ်ချုပ်ရေးအဖွဲ့ရဲ့ခေါင်းဆောင် သမ္မတအနေနဲ့ ဖွဲ့စည်းပုံအရ သူ့ကိုပေးအပ်ထားတဲ့တာဝန်တွေကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်မှာမဟုတ်တဲ့အတွက် အစိုးရလုပ်ငန်းတွေထိခိုက်မယ်လို့ဆိုကြပါတယ်။ ဒီအချက်ကို ၁၉၇၃ ခုနှစ်ကတကြိမ် ၂၀၀၀ ခုနှစ်ကတကြိမ် သမ္မတကိုတရားစွဲရေးကိစ္စမှာ ပြည်ထောင်စုရှေ့နေတွေက ထောက်ပြခဲ့ကြပါတယ်။ သမ္မတရွေးကောက်ပွဲမှာ ပြည်သူတွေဆန္ဒနဲ့ရွေးချယ်ခဲ့မှုကို ဂျူရီအဖွဲ့ကအပြစ်ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပြောင်းသွားအောင်လုပ်တာ မသင့်တော်ဘူးလို့ သူတို့ကငြင်းချက်ထုတ်ခဲ့ကြတာပါ။

ဒါပေမဲ့သမ္မတကို တရားစွဲနိုင်တယ်လို့ပြောနေသူတွေဖက်ကျတော့ သမ္မတအပါအဝင် ဘယ်သူမှ တရားဥပဒေရဲ့ အထက်မှာ မရှိဘူးဆိုတဲ့ ဖွဲ့စည်းပုံအဆိုကို သူတို့ကထောက်ပြပါတယ်။ လက်ရှိတာဝန်ထမ်းနေတဲ့ သမ္မတက ပြင်းထန်တဲ့ရာဇဝတ်မှုမြောက်နိုင်တဲ့လုပ်ရပ်။ ဒါမှမဟုတ် သမ္မတတာဝန်နဲ့ မဆီလျော်တဲ့ဆောင်ရွက်မှုလုပ်တယ်ဆိုရင်ဖွဲ့စည်းပုံအရရော ဥပဒေကြောင်းအရပါ သမ္မတကို တရားစွဲနိုင်တယ်လို့ သမ္မတဟောင်း Bill Clinton နဲ့ပါတ်သက်တဲ့စုံစမ်းမှုမှာ ဦးဆောင်ခဲ့သူ Kenneth Starr ကပြောခဲ့ပါတယ်။ အမေရိကန်မှာ သမ္မတ Clinton တောင်ဥပဒေအထက်မှာ မရှိဘူးလို့ Starr ရေးခဲ့တဲ့ရုံးတွင်းစာကို New York Times သတင်းစာကြီးမှာ မကြာခင်ကပဲ ဖော်ပြခဲ့ပါတယ်။

George Mason တက္ကသိုလ်က ပြည်သူ့မူဝါဒရေးရာပါမောက္ခ James Pfiffner ကတော့ သမ္မတကိုတရားစွဲလို့ ရမရဆိုတဲ့မေးခွန်းအတွက် အဖြေဟာတကယ်ခက်ခဲတဲ့အဖြေလို့ပြောပါတယ်။

"မူအားဖြင့်စွဲချက်တင်နိုင်ပေမဲ့ လက်တွေ့မှာ ရချင်မှရမှာပါ။ စွဲချက်တင်ရာထူးကနေဖယ်ရှားတာက ဖွဲ့စည်းပုံအရ သမ္မတတာဝန်ခံမှုရှိတယ်ဆိုတာသေချာအောင်ဆောင်ရွက်မှုတခုဖြစ်ပေမဲ့ ဒီလုပ်ရပ်ဟာ ဥပဒေကြောင်းအရမဟုတ်ဘဲ နိုင်ငံရေးအရဆောင်ရွက်မှုဖြစ်ပါတယ်။"

ဖွဲ့စည်းပုံထဲမှာ သမ္မတကိုစွဲချက်တင် ဖယ်ရှားလို့ရတဲ့ ကျူးလွန်မှုတွေက နိုင်ငံတော်သစ္စာဖောက်မှု။ လာဘ်စားမှု ဒါမှမဟုတ် တခြားကြီးလေးတဲ့အမှုကျူးလွန်မှုနဲ့ ပြစ်မှုသေးတွေကျူးလွန်မှုတို့ဖြစ်ပါတယ်။ လွှတ်တော်ကသာ သမ္မတကို စစ်ဆေးဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ အောက်လွှတ်တော်မှာ မဲအများစုနဲ့ထောက်ခံမှုရရင် သမ္မတကို စွပ်စွဲပြစ်တင်နိုင်ပါတယ်။ အထက်လွှတ်တော်ကအမတ် ၃ ပုံ ၂ ပုံကသမ္မတကို အရေးယူဖို့သဘောတူရင်တော့ သမ္မတရာထူးကနေဖယ်ရှားနိုင်ပါတယ်။ အမေရိကန်သမိုင်းမှာ

သမ္မတဟောင်း Bill Clinton နဲ့ Andrew Johnson တို့ ၂ ယောက်ပဲ အောက်လွှတ်တော်မှာ စွပ်စွဲပြစ်တင်ခံခဲ့ရပါတယ်။ သမ္မတ ၂ ယောက်လုံးကို အထက်လွှတ်တော်တွေက တရားသေလွှတ်ပေးခဲ့ပါတယ်။ Water Gate အရှုပ်တော်ပုံမှာ သမ္မတဟောင်း Richard Nixon ကတော့ စွပ်စွဲပြစ်တင် သင့်မသင့် အောက်လွှတ်တော်မှာ မဲမခွဲခင်မှာပဲ ရာထူးကနေနှုတ်ထွက်ခဲ့တာပါ။

လွှတ်တော် ၂ ရပ်က သမ္မတကို စွပ်စွဲပြစ်တင်ပြီး ရာထူးကဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ပြီးရင်လည်း သမ္မတအနေနဲ့ သူကျူးလွန်ခဲ့တယ်ဆိုတဲ့အမှုတွေအတွက် အရေးယူခံရနိုင်ပါတယ်။ ဒါပေမဲ့ မူအရ သမ္မတတွေအနေနဲ့ သူတို့ကိုသူတို့ အရေးယူခံရမှုကနေ ကင်းလွတ်ခွင့်ပေးလို့ ရနိုင်ခြေရှိပါတယ်။

သမ္မတကို ရာဇဝတ်မှုနဲ့ တရားစွဲနိုင်သလားဆိုတဲ့မေးခွန်းလိုပဲ သမ္မတက သူ့ကိုယ်သူ ကင်းလွတ်ခွင့်ပေးနိုင်သလားဆိုတဲ့ မေးခွန်းအတွက် အဖြေကလည်း ဖွဲ့စည်းပုံမှာရှင်းရှင်းလင်းလင်းမရှိပါဘူး။ ဖွဲ့စည်းပုံထဲမှာပါတာတွေကို ဘယ်လောက်ပဲကောက်ချက်ချ အဓိပ္ပါယ်ဖွင့်ဖွင့်။ အမေရိကန်အစိုးရနဲ့ ဖွဲ့စည်းပုံဥပဒေတွေက တရားဥပဒေနဲ့ ကိုက်ညီမှုရှိမရှိ၊ ဖွဲ့စည်းပုံနဲ့ ကိုက်ညီမှုရှိမရှိဆိုတာကို ခိုင်ခိုင်မာမာကိုင်စွဲထားတာမျိုးမဟုတ်ဘဲ ကောင်းမကောင်းစံကိုသာ ကြည့်ကြတာဖြစ်လို့ ပါမောက္ခ James Pfiffner ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG