သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်တစ်ပြည်နယ်အုပ်ချုပ်ရေးမှူးတချို့နဲ့ သမ္မတဘိုင်ဒန် တွေ့ဆုံ


သမတ္တဂျိုးဘိုင်ဒန် Raleigh မဲဆွယ်စည်းရုံးရေးခရီးစဥ်။ (ဇွန် ၂၈၊ ၂၀၂၄)
သမတ္တဂျိုးဘိုင်ဒန် Raleigh မဲဆွယ်စည်းရုံးရေးခရီးစဥ်။ (ဇွန် ၂၈၊ ၂၀၂၄)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အရင်သီတင်းပတ်က သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့စကားစစ်ထိုးပွဲမှာ အခြေမလှ ဖြစ်ခဲ့ပြီးနောက် လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ပါတီရဲ့ သမ္မတလောင်းအဖြစ် ဆက်လက်ရှိနိုင်ဖို့ နိုင်ငံတဝန်းက ဒီမိုကရက်တစ် ပြည်နယ်အုပ်ချုပ်ရေးမှူး ၂၃ ယောက်ထဲက တချို့နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ပါတယ်။

ဒါဟာ သမ္မတလောင်းအဖြစ် စိတ်ပိုင်း၊ ရုပ်ပိုင်း ကျန်းမာကောင်းမွန်ကြောင်း နိုင်ငံရေးမဟာမိတ်တွေကိုပြသနိုင်ဖို့ ကြိုးပမ်းချက်လည်း ဖြစ်ပါတယ်။ တကယ်လို့ သမ္မတဘိုင်ဒန်သာ ပြန်လည်ရွေးကောက်ခံဖို့ မဲဆွယ်နေတာကို တရားဝင်ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့ရင် သူ့နေရာမှာ လက်ရှိဒုတိယသမ္မတ ကာမလာဟဲရစ် (Kamala Harris) ကို အစားထိုးဖို့ ဦးစားပေး ရွေးချယ်ထားတယ်ဆိုပြီးလည်း ဘိုင်ဒန် မဲဆွယ်စည်းရုံးရေးအဖွဲ့၊ သမ္မတ အိမ်ဖြူတော်နဲ့ ဒီမိုကရက်တစ် အမျိုးသားကော်မတီတို့က သတင်းရင်းမြစ် အကြီးတန်းအရာရှိ ၇ ယောက်ကို ကိုးကားပြီး ရိုက်တာသတင်းက ဗုဒ္ဓဟူးနေ့က ရေးပါတယ်။

နယူးယောက်တိုင်းမ် သတင်းစာကြီးကတော့ သမ္မတဘိုင်ဒန်ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ သူ့အနေနဲ့ လူထု ယုံကြည်မှုကိုရအောင် ပြန်ပြီး အဖတ်မဆယ်နိုင်ရင် သူ့အနေနဲ့ သမ္မတလောင်းအဖြစ် ဆက်သွားဖို့ မဖြစ်နိုင်ဘူးဆိုတာ သိထားကြောင်း လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ သမ္မတဘိုင်ဒန်နဲ့ တွေ့ဆုံစကားပြောခဲ့တယ် ဆိုတဲ့ အဓိက မဟာမိတ်တဦးကို ကိုးကားပြီး ဗုဒ္ဓဟူးနေ့မှာပဲ ရေးပါတယ်။ အဲဒီသတင်းရင်းမြစ်ကတော့ အကဲဆတ်တဲ့ အနေအထားကြောင့် အမည်ထုတ်ဖော် မပြောလိုဘူးလို့ ဆိုပါတယ်။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Andrew Bates က ဒါက လုံးဝမှားယွင်းနေကြောင်း တုံ့ပြန်ထားပါတယ်။ ဒါပေမယ့် တဘက်မှာလည်း စကားစစ်ထိုးပွဲအပြီး ပထမဆုံးအကြိမ်အဖြစ် သောကြာနေ့မှာ ABC News သတင်းဌာနဲ့ အင်တာဗျူး ဖြေဆိုဖို့ ရှိနေသလို ပန်ဆဲလ်ဗေးနီးယားနဲ့ ဝစ္စကိုဆင် ပြည်နယ်တွေမှာ မဲဆွယ်ပွဲတွေရှိနေလို့ အခုရက်ပိုင်းတွေက သမ္မတ ထရမ့်ရဲ့ ရှေ့ခြေလှမ်းတွေအတွက် အရေးပါနေပါတယ်။
သမ္မတဘိုင်ဒန်ရဲ့ လက်ထောက်တွေကတော့ မဲဆွယ်စည်းရုံးရေးမှာ ပံ့ပိုးပေးနေတဲ့ အချမ်းသာဆုံး အလှူရှင်တွေနဲ့ ထိပ်တန်း ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်တွေ အပါအဝင် ထောက်ခံသူတွေကို ရီပတ်ဘလီကန် သမ္မတလောင်း ထရမ့်နဲ့ ယှဉ်ပြိုင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုပြီး ခိုင်ခိုင်မာမာနဲ့ ကတိကဝတ်တွေပြုနေပါတယ်။

ဗုဒ္ဓဟူးနေ့က အစောပိုင်းက ထုတ်ပြန်တဲ့ မဲဆွဲစည်းရေးရုံး အဖွဲ့အတွင်း ပြန်တမ်းထဲမှာတော့ စကားစစ်ထိုးပွဲအပြီး နိုင်ငံလုံးဆိုင်ရာ စစ်တမ်းတွေအရ ဘိုင်ဒန်က ထရမ့်ထက် အနည်းအငယ်ပဲ ထောက်ခံမှုလျော့နည်းသွားကြောင်း ဖော်ပြထားပြီး လက်ရှိအချိန်မှာ သူမသာ ကိုယ်မသာ အနေအထားပဲလို့ ဆိုပါတယ်။

ဒါပေမယ့် တခြား လွတ်လပ်တဲ့ စစ်တမ်းတွေအရတော့ အမေရိကန် ၅၁ သန်း ကြည့်ရှုခဲ့တဲ့ စကားစစ်ထိုးပွဲအတွင်း ဘိုင်ဒန်ဟာ သူ့ရဲ့အတွေးအမြင်တွေ ထုတ်ဖော်ပြသနိုင်ခြင်း မရှိသလို CNN က တင်ဆက်သူတွေရဲ့ မေးခွန်းတွေကို ကျေနပ်လောက်အောင် ဖြေဆိုနိုင်ခြင်းမရှိခဲ့လို့ ထရမ့်က အသာရနေတယ်လို့ ညွှန်းဆိုနေကြပါတယ်။ ဘိုင်ဒန်ကတော့ သူ့လက်ထောက်တွေရဲ့ သတိပေးစကားကို ဆန့်ကျင်ပြီး စကားစစ်ထိုးပွဲမတိုင်မီ နိုင်ငံခြား ခရီးစဥ်တွေ ဆက်တိုက်ထွက်ခဲ့ပြီး ပြင်သစ်မှာ D-Day အောက်မေ့ဖွယ်ပွဲတက်ခဲ့တာနဲ့ အီတလီမှာ G-7 ထိပ်သီးအစည်းအဝေးပွဲ တက်ခဲ့တာတွေကြောင့် အိပ်ရေးပျက်၊ ခရီးပန်းခဲ့တာကြောင့်လို့ ဖြေရှင်းထားပါတယ်။

ဒါပေမယ့် တချို့ ဒီမိုကရက်တစ် ခေါင်းဆောင်တွေကတော့ ဘိုင်ဒန်သမ္မတလောင်းအဖြစ် ဆက်ရှိနိုင်ဖို့ လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ရှိ၊ မရှိ စိုးရိမ်ကြောင်း တရားဝင် စတင်ပြီး ထုတ်ဖော်ပြောလာနေချိန်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကတော့ တက္ကဆက်ပြည်နယ်က အောက်လွှတ်တော်အမတ် လွိုက်ဒေါ့ဂတ်ဟာ ဘိုင်ဒင်ကို သမ္မတလောင်း အဖြစ်ကနေ နုတ်ထွက်ဖို့ ထုတ်ဖော်တောင်းဆိုခဲ့လို့ သူဟာ ဒီကိစ္စကို လူသိရှင်ကြား ပြောဆိုလာတဲ့ ပထမဆုံး ဒီမိုကရက်တစ် ခေါင်းဆောင် ဖြစ်လာပါတယ်။ “ခက်ခဲပြီး နာကျင်ရမယ့် ဆုံးဖြတ်ချက် ဖြစ်ပေမယ့် ဆုံးဖြတ်သင့်ကြောင်း” သူက တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG