သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်သုံ့ပန်း ခေါင်းဖြတ် ကွပ်မျက်ခံရတဲ့ ဗွီဒီယို အွန်လိုင်းမှာပျံ့နှံ့ 


ယူကရိန်းနိုင်ငံ၊ Kyiv ဒေသရှိ Moshchun ရွာအတွက် တိုက်ပွဲအတွင်း ကျဆုံးသွားသော ယူကရိန်းစစ်သည်များအတွက် ဂုဏ်ပြုပွဲအခမ်းအနားတခုအတွင်း ယူကရိန်းသမ္မတ ဗလော်ဒီမီယာဇလန်းစကီးက စစ်မှုထမ်းတစ်ဦးအား ဆုချီးမြှင့်နေစဉ်။ (မတ် ၂၁ ရက်၊ ၂၀၂၃)
ယူကရိန်းနိုင်ငံ၊ Kyiv ဒေသရှိ Moshchun ရွာအတွက် တိုက်ပွဲအတွင်း ကျဆုံးသွားသော ယူကရိန်းစစ်သည်များအတွက် ဂုဏ်ပြုပွဲအခမ်းအနားတခုအတွင်း ယူကရိန်းသမ္မတ ဗလော်ဒီမီယာဇလန်းစကီးက စစ်မှုထမ်းတစ်ဦးအား ဆုချီးမြှင့်နေစဉ်။ (မတ် ၂၁ ရက်၊ ၂၀၂၃)

ယူကရိန်းစစ်သားတယောက်ကို ရုရှားစစ်သားက ခေါင်းဖြတ်ကွပ်မျက်တဲ့ ဗွီဒီယိုတခု အွန်လိုင်းမှာ ပျံနှံ့နေပြီး ရုရှားစစ်တပ်ဟာ အစ္စလာမ်မစ် စစ်သွေးကြွတွေလို အစွန်းရောက် ရက်စက်တဲ့ လုပ်ရပ်တွေ ကျုးလွန်နေတယ်လို့ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီး (Volodymyr Zelenskyy) က ဝေဖန်ရှုတ်ချလိုက်ပါတယ်။ ဒီလို ရက်စက်တဲ့ လုပ်ရပ်တွေအတွက် ဥပဒေကြောင်းအရ အရေးယူမှာဖြစ်တဲ့အကြောင်းနဲ့ အကြမ်းဖက် အုပ်စုတွေကို အနိုင်တိုက်ဖို့ လိုအပ်တဲ့အကြောင်း သမ္မတဇလန်းစကီး ပြောဆိုသွားပါတယ်။ ရုရှားစစ်တပ်ကို ဘီလူးသရဲတွေအဖြစ် သုံးနှုန်းပြီး သွေးအေးအေး လက်ရဲဇက်ရဲ သတ်ဖြတ်တာတွေကို ကမ္ဘာပေါ်က ဘယ်သူမှ လစ်လျုရှုထားလို့ မရတဲ့အကြောင်း ယူကရိန်းသမ္မတက မနေ့က ဗွီဒီယိုမိန့်ခွန်းမှာ ပြောဆိုသွားတာပါ။

ယူကရိန်း စစ်သားကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ ဗွီဒီယို ဘယ်လောက်အထိ စစ်မှန်သလဲဆိုတာကို သတင်းဌာနတွေက အတည်ပြုလို့ မရသေးပါဘူး။ စစ်သုံ့ပန်းတယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်တဲ့ လုပ်ရပ်ကို ရှုတ်ချတဲ့အကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmitro Kuleba ကလည်း တွစ်တာလူမှုကွန်ယက်မှာ ရေးပါတယ်။ ရုရှားဟာ ဒီလကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားပေမဲ့ စစ်မြေပြင်မှာ IS စစ်သွေးကြွတွေထက် ဆိုးရွားတဲ့ ရာဇဝတ်မှုတွေကို ကျုးလွန်နေတယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုဝေဖန်ပါတယ်။ ရုရှားအကြမ်းဖက်သမားတွေကို ယူကရိန်းမြေပေါ်က မောင်းထုတ်ဖို့နဲ့ ကျုးလွန်တဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂအနေနဲ့ အရေးယူဖို့လည်း သူကတောင်းဆိုပါတယ်။

ဒီအတောအတွင်း ရုရှားနိုင်ငံဟာ အဆင့်မြင့် တိုက်ချင်းပြစ် ပဲ့ထိန်းသုံး ဒုံးကျည်တစင်းကို အောင်အောင်မြင်မြင် စမ်းစပ်ပစ်ခတ်နိုင်ခဲ့တယ်လို့ ရုရှားဘက်က ကြေညာပါတယ်။ အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA ညွှန်ကြားရေးမှူး William Burns ကတော့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုကို ခံနေရတဲ့ ရုရှားဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေး ကိုလိုနီဖြစ်ဖို့ တာဆူနေပြီဆိုပြီး Rice တက္ကသိုလ်မှာ ပြောဆိုသွားပါတယ်။

ဒီအတောအတွင်း ရုရှားနဲ့ယူကရိန်းကြား အကျဉ်းသားလဲလှယ်တဲ့ နောက်ဆုံးဖြစ်ထွန်းမှုအနေနဲ့ စစ်သား ၂၀၀ ကျော် အပြန်အလှန် လဲလှယ်ခဲ့တယ်လို့ တာဝန်ရှိသူတွေပြောကြပါတယ်။ ရုရှားစစ်သား ၁၀၆ ဦး ယူကရိန်းအကျဉ်းထောင်ကနေ လွတ်မြောက်လာတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သလို ယူကရိန်းအကျဉ်းသား ၁၀၀ ကို ရုရှားကလွှတ်ပေးခဲ့တယ်လို့ ယူကရိန်းသမ္မတရုံး အရာရှိချုပ်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG