သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နယ်စပ်လုံခြုံရေး နယ်ခြားစောင့်ရဲတပ်ဖွဲ့မှူး နဲ့ VOA တွေ့ဆုံမေးမြန်း


အမှတ် ၄ နယ်ခြားစောင့်တပ်ဖွဲ့ တပ်ခွဲမှူး ဒုရဲမှူးကြီး ဦးမြင့်ကျော်
အမှတ် ၄ နယ်ခြားစောင့်တပ်ဖွဲ့ တပ်ခွဲမှူး ဒုရဲမှူးကြီး ဦးမြင့်ကျော်

မကြာသေးခင်ကပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းဘင်္ဂလားဒေ့ရှ်နယ်စပ်ကို သွားရောက်ပြီးတော့ အခြေအနေတွေကို လေ့လာသတင်းယူခဲ့တဲ့ မစုမြတ်မွန်က နယ်မြေလုံခြုံရေးတာဝန်ယူထားတဲ့ အမှတ် ၄ နယ်ခြားစောင့်တပ်ဖွဲ့ တပ်ခွဲမှူး ဒုရဲမှူးကြီး ဦးမြင့်ကျော် ကို တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ နယ်မြေလုံခြုံရေးကို ရဲမှူးကြီးတို့ အနေနဲ့ ဘယ်လိုမျိုးပြောလို့ရသလဲ တော်တော်လေး တည်ငြိမ်နေပြီလို့ ပြောလို့ရလား။

ဖြေ။ ။ အခုကတော့ တော်တော်လေးတည်ငြိမ်သွားပါပြီ။ အရင်ကထက်စာရင်တော့ ကျနော်တို့လည်း ကင်းစခန်းတွေကို လူအင်အားတွေ ပြန်ဖြည့် ၊ တိုင်းရင်သားတွေကိုလည်း ထား တာဖြစ်တဲ့အတွက် တော်တော်လေးလည်း တည်ငြိမ်သွားပါပြီ။

မေး။ ။ဒီနေရာမှာ သူတို့ ဟိုဘက်ကမ်းကို သွားချင်တယ်ဆိုရင် လွတ်လွတ်လပ်လပ် သွားလို့ရသလား။

ဖြေ။ ။ကန့်သတ်ထားတာ ကျနော်တို့ မရှိပါဘူး။ သူတို့ တခုခုမဖြစ်အောင်ပဲ ထိန်းသိမ်းထားတာပဲ ရှိပါတယ်။ လုံခြုံရေးကို တာဝန်ယူပေးထားတာပဲ ရှိပါတယ်။

မေး။ ။ ဒီနေရာမှာ နယ်ခြားစောင့်တပ်ကပဲ တာဝန်ယူထားတာလား

ဖြေ။ ။ဟုတ်ပါတယ်ခင်ဗျ ကျနေ်ာတို့ ကင်းစခန်းတွေကပဲ အကုန်လုံးနေရာယူထားပါတယ်။

မေး။ ။ ဒီမှာရှိတဲ့ အင်အားရော လောက်လောက်ငငရှိပါသလား။

ဖြေ။ ။ရှိပါတယ် တပ်ရင်းအနေအထားနဲ့ ဆိုရင် လုံလောက်တဲ့အနေအထားရှိပါတယ်။

မေး။ ။ အခုဒီရက်ပိုင်းတွေထဲမှာလဲ ဒီလိုမျိုး ARSA အကြမ်းဖက်အဖွဲ့ကလူတွေတွေ့လိုက်တယ် ဆိုတဲ့သတင်းတွေလည်း ကြားနေတဲ့အခါကျတော့ အဲလိုမျိုးတွေကိုရော ဘယ်လိုမျိုးတွေ ရှင်းလင်းရေးလုပ်ပါသလဲ။

ဖြေ။ ။ကျနော်တို့ အဲဒါကတော့ အမာခံသတင်းပေးတွေ မွေးထားတယ်၊ နောက်ပြီး တိုင်းရင်းသားတွေနဲ့ ပေါင်းတယ်။ အမာခံသတင်းပေးတွေကနေ ရတဲ့သတင်းတွေကို ထောက်ပြီးတော့ နယ်မြေစိုးမိုးရေး လှည့်ကင်းတွေကိုဆောင်ရွက်ပါတယ်။ သတင်းရတဲ့နေရာမှာလည်း ပိတ်ဆို့ရှင်းလင်း ရှာဖွေဖမ်းဆီးပြီးတော့ တရားဥပဒေနဲ့အညီ အရေးယူဖို့အတွက် ဆောင်ရွက်လျက်ရှိပါတယ်။

မေး။ ။ ရှာဖွေဖမ်းဆီးတယ်ဆိုရင် ဘယ်လောက်ဖမ်းဆီးမိတာရော ရှိပါသလားရှင့် အခုရက်ပိုင်းတွေမှာ။

ဖြေ။ ။အခုရက်ပိုင်းတွေမှာ သီဟိုကျွန်းနားမှာ အရှေ့၊ အနောက်အလယ် မှာ ကျနော်တို့ ၃၀ ကျော် ဖမ်းမိပါတယ်။ မနေ့ကဆိုရင် မှိုဝင်နဲ့ ဂေါဒူသာရ အနောက်ရွာကြားမှာ သတင်းရပြီး ဝင်ရှာတဲ့အချိန်မှာ ၂၀ ကျော်လောက် ဖမ်းမိ ပါတယ် ။ ဒါကတော့ ဥပဒေနဲ့အညီ စစ်ကြောနေတုန်းပဲ ရှိပါသေးတယ်။

မေး။ ။သာမန်အကြမ်းဖက်သမားလို့ ယူဆရတဲ့လူတွေလား၊ လက်နက်တွေနဲ့ မိတာလား။

ဖြေ။ ။လက်နက်ကတော့ မပါပါဘူး ဒါပေမယ့် လက်နက်ကတော့ တနေရာဖွက်ကောင်းဖွက်နိုင်ပါတယ်။ သတင်းအရကတော့ လက်နက်ပါတယ်လို့ သိရပါတယ်။ မိတဲ့အချိန်မှာတော့ မပါပါဘူး။ ဒါပေမယ့် စစ်ကြောနေတဲ့အချိန်မှာ အကြမ်းဖက်သမားလို့ ဝန်ခံတဲ့ ထွက်ချက်တွေလည်း ရပါတယ်။

မေး။ ။အဲဒီလူတွေက ဟိုဘက်ကနေ ကမ်းကူးလာတဲ့ လူတွေလား၊ မြန်မာနိုင်ငံထဲမှာပဲ ရှိနေတဲ့လူတွေလား။

ဖြေ။ ။၂ ခုလုံးပါပါတယ်။ ဟိုဘက်ကလည်းပါသလို ဒီဘက်ကလည်း ပါပါတယ် ။ အဓိကတော့ ပြည်တွင်းကပဲ များပါတယ်။

မေး။ ။ပြီးခဲ့တဲ့ အပတ်တွေတုန်းကဆိုရင် လှိုင်ဂူတွေတွေ့တယ်လို့ သတင်းတွေမှာ တွေ့ရပါတယ်ရှင့်။

ဖြေ။ ။အဲဒါကတော့ မေယုတောင်ကြောကတော့ တပ်က ယူတာဖြစ်တဲ့အတွက် ကျနော်တို့ နယ်ခြားစောင့်ကတော့ ဒီအတွင်း ရွာတွေပါပဲ။ တောင်ပေါ်တွေမှာတော့ တပ်က ဝင်ရောက်ရှင်းလင်းတာဖြစ်တဲ့အတွက် ကျနော်တို့ သတင်းကတော့ ရပါတယ်။

မေး။ ။နောက်တခုကတော့ နယ်မြေရှင်းလင်းရေးတွေလုပ်ခဲ့တယ် ၊ အခုတော့ နယ်မြေရှင်းလင်းရေးတွေမရှိတော့ဘူးလို့ ပြောပါတယ် ဟုတ်ပါသလား။

ဖြေ။ ။ဟုတ်ပါတယ်။

မေး။ ။ နယ်မြေရှင်းလင်းရေးတွေလုပ်တဲ့ကာလတုန်းက တချို့ပေါ့နော် တာဝန်ရှိတဲ့သူ တချို့ထဲမှာ အမိန့်အတိုင်းမလုပ်ပဲနဲ့ ရှင်းလင်းမှုတွေလုပ်ခဲ့တဲ့အတွက်ကြောင့် အရေးယူမှုတွေရှိတယ်လို့လည်း သိရပါတယ်။

ဖြေ။ ။ကျနော်တို့ နယ်ခြားစောင့်တွေမှာတော့ မရှိပါဘူး။ ကျနော်တို့ကတော့ အမိန့်အတိုင်း ဥပဒေနဲ့အညီ ဆောင်ရွက်ပါတယ်။ သီးခြား ချိုးဖောက်ပြီး လုပ်တာမရှိပါဘူး။

မေး။ ။နယ်မြေရှင်းလင်းရေးတွေလုပ်တုန်းက ရဲတပ်ဖွဲ့နဲ့ စစ်တပ်နဲ့ ပေါင်းပြီး နေရာတိုင်းကို လုပ်သလား ၊ ဒါမှမဟုတ် သီးခြားစီ ခွဲပြီးတော့ သူ့နယ်မြေနဲ့ သူရှင်းတာပါလား။

ဖြေ။ ။ကျနော်တို့ကတော့ ကျနော်တို့ နယ်မြေအလိုက်ပဲ ကျနော်တို့ရှင်းပါတယ်ခင်ဗျ။

မေး။ ။ဆိုတော့ ရဲမှူးတို့ရှင်းတဲ့ဘက်မှာ အဲဒီလိုမျိုး ကျူးလွန်တာမရှိဘူးပေါ့နော်။

ဖြေ။ ။မရှိပါဘူး။

မေး။ ။တိုင်ကြားတာတွေရော ရှိပါသလား။

ဖြေ။ ။မရှိပါဘူး ကျနော်တို့ဘက်မှာတော့ မရှိပါဘူး။

မေး။ ။NVC ကဒ်တွေလုပ်တာနဲ့ ပတ်သက်လို့ အဲဒီအပိုင်းရော ရဲမှူးကြီးတို့လုပ်တဲ့အပိုင်းမှာ။

ဖြေ။ ။ကျနော်တို့ကတော့ လုံခြုံရေးပဲ ယူပေးပါတယ်။ လုပ်တာကတော့ ဒီမှာရှိတဲ့ မောင်တောလဝကနဲ့ ရခိုင်ကဆင်းလာတဲ့ လဝက ဦးစီးပြီးလုပ်ပါတယ်။ ကျနော်တို့ကတော့ လုံခြုံရေးပဲ ယူပေးပါတယ်။

မေး။ ။သူတို့သွားရင်လည်း ရဲမှူးကြီးတို့လိုက်ပေးပါသလား။

ဖြေ။ ။ဟုတ်ကဲ့ အနီးကပ် လုံခြုံရေး ယူပေးပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်မြေလုံခြုံရေးတာဝန်ယူထားတဲ့ အမှတ် ၄ နယ်ခြားစောင့်တပ်ဖွဲ့ တပ်ခွဲမှူး ဒုရဲမှူးကြီး ဦးမြင့်ကျော်ပါကို မစုမြတ်မွန်က တွေ့ဆုံမေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG