ယူနန်ပြည်နယ်အစိုးရအကူအညီနဲ့ ဘိန်းအစားထိုး စီမံကိန်းတွေ လုပ်ပေမယ့် ရှမ်းနဲ့ကချင်ပြည်နယ်မှာ ဘိန်းလုပ်ငန်း ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ၂၀၁၈ မှာ ဘိန်းခင်းဧက (၉,၂၁၃၁) စိုက်ပျိုးခဲ့ပြီး၊ ၂၀၁၉ မှာ ဧက (၈,၁၇၅၇) သာ စိုက်ပျိုးနိုင်လို့ (၁၁) ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ ဘိန်းခင်းဧက (၆၀၇၆) ကိုသာ ဖျက်ဆီးနိုင်ကြောင်း ကုလသမဂ္ဂမူးယစ်ဆေးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံးရဲ့ ၂၀၁၉ ဘိန်းစစ်တမ်းမှာ ဖော်ပြထားပါတယ်။ မြန်မာအစိုးရအကူအညီနဲ့ ဂျပန်-အမေရိကန်အစိုးရရဲ့ ဘဏ္ဍာရေးထောက်ပံ့မှု ရယူပြီး စစ်တမ်းကောက်ယူတယ်လို့ ဆိုပါတယ်။ ဒါဟာ (၁၇) ကြိမ်မြောက် ဘိန်းစစ်တမ်း ဖြစ်ပါတယ်။
ဘိန်းအများဆုံးကို (၈၅)% ရှမ်းပြည်နယ်က ထုတ်လုပ်ပါတယ်။ လုံခြုံရေးအခြေအနေမကောင်းတဲ့အတွက် ကချင်ပြည်နယ်မှာ ကွင်းဆင်ထားမှု မလုပ်နိုင်ကြောင်း ဖော်ပြပါတယ်။ ဘဏ္ဍာရေးအခက်အခဲကြောင့် ကယားနဲ့ ချင်းပြည်နယ်မှာ စစ်တမ်းမကောက်ယူနိုင်ဘူးလို့ ဆိုပါတယ်။ ဂြိုဟ်တုက ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို အခြေခံတဲ့ စစ်တမ်းဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ ဘိန်းနဲ့ ဘိန်းဖြူတန်းဖိုးကတော့ ဒေါ်လာသန်း (၆၄၉) နဲ့ သန်း (၁၃၇၀) အကြား ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒါဟာ တိုင်းပြည်အသားတင်ထုတ်လုပ်မှုရဲ့ (၁) ရာခိုင်နှုန်းနဲ့ (၂) ရာခိုင်နှုန်းကြား ရှိနေတာမို့ အဓိကစီးပွားရေးလုပ်ငန်းတခုလို ဖြစ်နေပါတယ်။
ဘိန်းလုပ်ငန်းကို မူးယစ်ဆေးနှိမ်နင်းရေးအဖြစ် စည်းရုံးလှုံဆော်ကြပေမယ့် ဘိန်းစိုက်ပျိုးသူရဲ့ အမြင်ကိုတင်ပြတာမျိုးဟာ မရှိသလောက် ဖြစ်နေပါတယ်။ ဒါကြောင့် တားမြစ်သီးနံှ စိုက်ပျိုးသူတွေရဲ့ အစည်းအဝေးကို နယ်သာလန်နိုင်ငံ၊ ဟတ်စကတ်မြို့မှာ ၂၀၁၆ က ကျင်းပါခဲ့ပါတယ်။ ဆေးခြောက်၊ ဘိန်းနဲ့ ကိုကာ စိုက်ပျိုးတဲ့ တောင်သူကိုယ်စားလှယ် (၇၀) နဲ့ အရပ်သားနဲ့ အစိုးရကိုယ်စားလှယ် (၃၀) ကျော် တက်ရောက်တဲ့ ဆွေးနွေးပွဲ ဖြစ်ပါတယ်။ အာရှ၊ အာဖရိက၊ တောင်အမေရိကနဲ့ ကရေဘီယံဒေသက ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။ သင့်တော်တဲ့နည်းလမ်းနဲ့ မူးယစ်ဆေးစိုက်ပျိုးမှုကို အစားထိုးရမယ်လို့ နိုင်ငံတိုင်းမှာ ကြေညာပေမယ့် လက်တွေ့ကတော့ အင်အားသုံးပြီး တိုက်ဖျက်ချေမှုန်းတဲ့နည်းကိုသာ အစိုးရအဖွဲ့အစည်းတွေက အသုံးပြုနေကြကြောင်း ဟမ်းစကတ်ညီလာခံမှာ တင်ပြကြပါတယ်။
မြန်မာပြည်မှာ လူအင်အားသုံးပြီး စိုက်ခင်းတွေ လိုက်လံဖျက်ဆီးလေ့ရှိပေမယ့် လေယာဉ်ပျံပေါ်က ဆေးဖျန်းတာမျိုးတော့ လုပ်လေ့လုပ်ထ မရှိပါဘူးလို့ မြန်မာတောင်သူကိုယ်စားလှယ်က ပြောပါတယ်။ တောင်သူတွေကို အတင်းအကျပ်ကိုင်ပြီး ကိုယ့်စိုက်ခင်း ကိုယ်တိုင်ဖျက်ဆီးခိုင်းတာမျိုးလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ဘိန်းပင်ဟာ တားမြစ်သီးနံှဖြစ်လို့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ပါတယ်။ ဒါပေမဲ့ စားစရာမရှိတဲ့ တောင်သူတွေအဖို့ကတော့ ရိက္ခာဖူလုံရေး ဖြစ်ပါတယ်။ စိုက်ပျိုးချိန်ကစပြီး ရိတ်သိမ်းချိန်အထိ သုံးလလောက်သာ ကြာတာမို့ တောင်သူတွေ မြန်မြန်ငွေရတဲ့ စိုက်ပျိုးရေး ဖြစ်ပါတယ်။ စီးပွားရေးအခက်အခဲကို ဖြေရှင်းနိုင်တဲ့ စိုက်ပျိုးရေး ဖြစ်ပါတယ်။ ဒါကြောင့် ဘိန်းစိုက်ပျိုးရေးကို တိုက်ဖျက်မယ့် အစိုးရဟာ အောက်ခြေကလူထုနဲ့ တိုင်ပင်ဆွေးနွေးသင့်တယ်လို့ ဆိုပါတယ်။
မြန်မာအပါအဝင် အရှေ့တောင်အာရှမှာ ဘိန်းကိုဆေးဝါးအဖြစ် စိုက်ပျိုးတဲ့ အစဉ်အလာ ရှိပါတယ်။ အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးရင်ကျပ်သက်သာဆေး၊ ဝမ်းလျှောဝမ်းပျက်၊ သွေးတိုးစတဲ့ ရောဂါတွေကို ကုသတဲ့အခါမှာ ဘိန်းကိုရိုးရာအစဉ်အလာအရ သုံးစွဲတာမျိုးတွေ ရှိပါတယ်။ စိတ်ဖိစီးမှုသက်သာအောင် ဆေးခြောက်ကို ဆေးဝါးအဖြစ် အသုံးပြုတာလည်း ရှိပါတယ်။ တောင်သူတွေအဖို့ ဘိန်းကလွဲပြီး အခြားနည်းလမ်းမရှိသလို ဖြစ်နေပါတယ်။ ဘိန်းအစားထိုး ရာဘာစိုက်ခင်းဟာ တရုတ်ကိုသာ အကျိုးပြုပါတယ်။ မူးယစ်ဆေးနဲ့ လက်နက်ပဋိပက္ခ တိုက်ရိုက်ဆက်စပ်နေတာကိုလည်း မေ့လို့ မဖြစ်ပါဘူး။ လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ရန်ပုံငွေ တောင့်တင်းဖို့ လိုပါတယ်။ ဒီငွေကို အမြန်ဆုံးနဲ့ အများဆုံးပေးနိုင်တာ ဘိန်းလုပ်ငန်းပဲ ဖြစ်တာမို့ လက်နက်နဲ့ မူးယစ်ဆေး ဆက်စပ်နေတာ ဖြစ်ပါတယ်။
ဘိန်းအစား၊ ဆေးခြောက်လျှော်ပင်ကို အစားထိုး စိုက်ပျိုးဖို့ လှုပ်ရှားလာတာလည်း ရှိပါတယ်။ မြန်မာလို ဆေးခြောက်လို့ခေါ်တဲ့ Cannabis မှာ နှစ်မျိုးနှစ်စား ရှိပါတယ်။ မူးယစ်စေတဲ့ Marijuana ဆေးခြောက်နဲ့ မူးယစ်မှုကင်းတဲ့ Hemp ခေါ် ဆေးခြောက်လျှော် ဖြစ်ပါတယ်။ ဆေးခြောက်လျှော်ကို ပိုက်ဆန်လျှော် (သို့မဟုတ်) ဘန်လျှော်လို့လည်း ခေါ်ပါတယ်။ ဆေးခြောက်လျှော်ကရတဲ့ လျှော်မျှင်ကို ကြိုး၊ အထည်၊ စက္ကူ၊ ဆီ စတာတွေ ထုတ်လုပ်ရာမှာ သုံးပါတယ်။ ဒါပေမဲ့ ဆေးခြောက်နဲ့ ဆေးခြောက်လျှော်ကို ရောထွေးပိတ်ပင်ခဲ့လို့ အမေရိကန်မှာတောင် Hemp (ခေါ်) ဆေးခြောက်လျှော်ဟာ ၂၀၁၈ ကမှ တရားဝင် အသိအမှတ်ပြုပါတယ်။
မန္တလေးတိုင်းအစိုးရ ခွင့်ပြုချက်နဲ့ Hemp ဆေးခြောက်လျှော်စိုက်ပျိုးတဲ့ အမေရိကန်နိုင်ငံသားကို မနှစ်က ရဲတပ်ဖွဲ့က အရေးယူတဲ့သတင်းကိုကြည့်ရင် ဆေးခြောက်နဲ့ ဆေးခြောက်လျှော်ကို ခွဲခြားသိမြင်နိုင်စွမ်း မရှိသေးတာ တွေ့ရပါတယ်။ ဒါကြောင့် Hemp ဆေးခြောက်လျှော် စိုက်ပျိုးရေးကို တရားဝင်အသိအမှတ်ပြုဖို့ ဦးအောင်စေတိုး ခေါင်းဆောင်တဲ့အဖွဲ့က လှုပ်ရှားနေကြောင်း ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ထုတ် Frontier Myanmar မြန်မာစာစောင်မှာ ဖော်ပြထားပါတယ်။ ဒီလှုပ်ရှားမှုမှာ အဖွဲ့ဝင် (၇၀၀၀) ကျော်ရှိပြီး၊ တောင်သူအများဆုံး ပါဝင်ပါတယ်။ ဆေးခြောက်ဆိုတဲ့ စကားမပါဘဲ Hemp ကို လျှော်ပင်လို့ခေါ်ရင် ပိုပြီးရှင်းလင်းတဲ့အတွက် လုပ်ရကိုင်ရတာပိုပြီး အဆင်ပြေမလားလို့ စဉ်းစားမိပါတယ်။
==Unicode ==