သုံးရလွယ်ကူစေသည့် Link များ

အမျိုးသမီးနဲ့ တရားမျှတမှု


အမျိုးသမီးနဲ့ တရားမျှတမှု
please wait

No media source currently available

0:00 0:05:34 0:00
တိုက်ရိုက် လင့်ခ်

အမျိုးသမီးတွေ တန်းတူအခွင့်အရေးနဲ့ လုပ်ပိုင်ခွင့်ရရှိရေးဟာ - ကုလသမဂ္ဂရဲ့ ရည်ရွယ်ချက်တခု ဖြစ်ပါတယ်။ အမျိုးသမီးနဲ့ ခလေးငယ်တွေအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေကို ရာဇဝတ်မှုကြီးတွေအဖြစ် သတ်မှတ်ကြပါတယ်။ အမျိုးသမီးနစ်နာချက်ကို တရားမျှတစွာ ဖြေရှင်းနိုင်ဖို့နဲ့ ကူညီထောက်ပံ့ဖို့ကိစ္စဟာ တရားရုံးတွေ အာရုံစိုက်ရမယ့် လုပ်ငန်းတခု ဖြစ်လာပါတယ်။ မြန်မာ့တရားဥပဒေစနစ်မှာ အမျိုးသမီးကို တရားမျှတစွာ ဆက်ဆံရဲလားဆိုတာကို သိနိုင်အောင် Justice Base အဖွဲ့က ကုလသမဂ္ဂ အမျိုးသမီးရေးရာဌာနရဲ့ အကူအညီရယူပြီး အစီရင်ခံစာတစောင် ထုတ်ပြန်ထားပါတယ်။

ကိုလိုနီခေတ်က ပြဌာန်းတဲ့ဥပဒေ၊ မြန်မာအစိုးရအဆက်ဆက်က ပြဌာန်းတဲ့ဥပဒေ၊ စာနဲ့မရေးတဲ့ ဓလေ့ထုံးစံဥပဒေ စတဲ့ ဥပဒေတွေကို မြန်မာပြည်မှာ ကျင့်သုံးပါတယ်။ ဒါပေမဲ့ တရားရုံးမှာ အဂတိလိုက်စားမှုများပြီး အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်း ဖြစ်ရတဲ့အတွက် တရားဥပဒေကြောင်းအရ အမှုကို ရင်ဆိုင်လိုသူ နည်းတာတွေ့ရပါတယ်။ အမျိုးသမီးတွေဟာ ဓလေ့ထုံးစံနည်းအရ ရပ်ကွက်အဆင့်မှာသာ ပြဿနာဖြေရှင်းလိုပြီး တရားရုံးကို ရှောင်လိုသူတွေ များပါတယ်လို့ ဆိုပါတယ်။ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရန်ကုန်မြို့မှာ တနှစ်နီးပါး ကွင်းဆင်းလေ့လာပြီး ရေးထားတဲ့စာတမ်း ဖြစ်ပါတယ်။

တရားစီရင်ရေးမှာ အမျိုးသမီးဦးရေများပြားလာရုံနဲ့ အမျိုးသမီးတွေ တရားမျှတမှုကို ခံစားရမယ်လို့ မမျှော်လင့်နိုင်ပါဘူး။ အမျိုးသမီးတရားသူကြီးတွေကိုယ်တိုင် အမျိုးသမီးကိုနှိမ့်ပြီး ဆက်ဆံတာမျိုးရှိတယ်လို့ ဆိုပါတယ်။ တရားစွဲခံရသူရှေ့နေ မရှိဘဲ စီရင်တဲ့ အမျိုးသမီးတရားသူကြီးတွေ ရှိပါတယ်။ ရှေ့နေမလာမီ တရားစွဲခံရသူကို အတင်းအဓမ္မဝန်ခံခိုင်းတဲ့ အမျိုးသမီးတရားသူကြီးရဲ့ လုပ်ပုံကိုင်ပုံဟာ အမျိုးသားတရားသူကြီးနဲ့ မထူးဘူးလို့ ဆိုပါတယ်။ အမျိုးသမီးရော၊ အမျိုးသားရော အဂတိလိုက်စားကြတာမို့ တရားစီရင်ရေးမှာ အမျိုးသမီးများတိုင်း အမျိုးသမီးတွေ တရားမျှတမှု ခံစားရမယ်လို့ မပြောနိုင်ပါဘူး။ ရုံးမရောက်ဘဲ လျှော်ကြေးလက်ခံပြီး ပြေလည်သွားတဲ့ သက်ငယ်မုဒိမ်းမှုတွေအကြောင်းကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လျော်ကြေးရတာနဲ့ တရားမျှတတာဟာ တခြားစီ ဖြစ်ပါတယ်။

သက်ငယ်မုဒိမ်းမှုမှာ ပြစ်မှုကျူးလွန်သူဟာ အာဏာပါဝါရှိတဲ့ လူချမ်းသာဖြစ်နေရင် အပြစ်ဒဏ်မခံစားရဖို့ များပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှုးနဲ့ ရဲက ကြားဝင်စေ့စပ်ပြီး လျော်ကြေးလက်ခံဖို့ စည်းရုံးသိမ်းသွင်းတာမျိုးတွေ နေရာတိုင်းမှာ တွေ့ရပါတယ်။ ရဲကိုလာဘ်ထိုးနိုင်ရင် မုဒိမ်းမှုကွယ်ပျောက်နိုင်တဲ့အတွက် သက်ငယ်မုဒိမ်းမှုတွေ များပြားနေတာ ဖြစ်ပုံရပါတယ်။ ကွင်းဆင်းသုတေသနလုပ်စဉ်ကာလမှာ မုဒိမ်းမှုနဲ့ ထောင်ကျသွားသူ တယောက်မှ မတွေ့ရဘူးလို့ ဆိုပါတယ်။ မုဒိမ်းမှုကို စေ့စပ်ဖြေရှင်းတဲ့ ရလဒ် (၂) ခုကတော့ လျော်ကြေးပေးမှုနဲ့ လက်ထပ်ထိမ်းမြားမှု ဖြစ်ပါတယ်။ မုဒိမ်းကျင့်ခံသူကို အိမ်ထောင်ပြုပေးတာကြောင့် အမှုကျေအေးသွားတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သက်ငယ်မုဒိမ်းမှုမှာတော့ ဒီလိုလုပ်လို့ မရတဲ့အတွက် လျော်ကြေးပေးမှုနဲ့ လာဘ်စားမှုတွေ များပြားနေတာ ဖြစ်ပုံရပါတယ်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို ထောင်ဒဏ်အနှစ် (၂၀) အထိ အပြစ်ပေးဖို့ သက်ဆိုင်ရာဌာနက ညွှန်ကြားထားပေမယ့် ကျူးလွန်သူဦးရေ လျော့မသွားဘဲ တိုးပွားလာတာကို တွေ့ရပါတယ်။ ၂၀၁၆ မှာ သက်ငယ်မုဒိမ်းမှု (၇၀၀) နီးပါးရှိရာက ၂၀၁၇ မှာ (၉၀၀) နီးပါးအထိ တိုးပွားလာပါတယ်။ ဒီနှစ် ပထမ (၄) လပတ်မှာ သက်ငယ်မုဒိမ်းမှု (၃၀၀) ကျော်နေပြီဖြစ်ကြောင်း ပြည်ထဲရေးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက လွန်ခဲ့တဲ့ မေလမှာကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ဖြေကြားသွားပါတယ်။ ဧပြီလအထိ မြန်မာတနိုင်ငံလုံးမှာ ဖြစ်ပွားတဲ့ မုဒိမ်းမှုတွေထဲမှာ (၇၀) ရာခိုင်နှုန်းဟာ သက်ငယ်မုဒိမ်းဖြစ်ကြောင်း သိရပါတယ်။ ဒါဟာ သက်ငယ်မုဒိမ်းမှုတွေ နှစ်စဉ်တိုးပွားနေတဲ့သဘော ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်း နဲ့ ဧရာဝတီတိုင်း ဒေသကြီးတွေမှာ မုဒိမ်းမှု အများဆုံးဖြစ်ပွားကြောင်း သိရပါတယ်။

ဒါပေမဲ့ တရားရုံးကို မရောက်ဘဲ ရပ်ကွက်နဲ့ ကျေးရွာအဆင့်မှာ နိဂုံးချုပ်သွားရတဲ့ မုဒိမ်းမှုတွေ အများကြီးရှိပါတယ်။ ၂၀၁၂ မှာ ပြဌာန်းခဲ့တဲ့ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးဥပဒေအရ ရပ်ကျေးအုပ်ချုပ်ရေးမှုးဟာ အာဏာပိုင် ဖြစ်နေပါတယ်။ အမှုတိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အရင်ဆုံး အကြောင်းကြားရပါတယ်။ သူ့ဆီကတဆင့် မသွားရင် ဘာမှလုပ်ကိုင်လို့ မရတော့ပါဘူး။ ရပ်ကျေးအုပ်ချုပ်ရေးမှူး (၁၆,၇၈၅) မှာ အမျိုးသမီးက (၄၂) ယောက်သာရှိတဲ့အတွက် အမျိုးသမီးဆိုင်ရာ အမှုအခင်းတွေမှာ စာနာထောက်ထားမှုရဖို့ ခက်ခဲတယ်လို့လည်း ယူဆကြပါတယ်။

တိုင်းရင်းသားဒေသတွေမှာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးနဲ့ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးတွေဟာ ဓလေ့ထုံးစံအတိုင်း ကျေအေးနေရပုံကို ဧပြီလ (၂၀) ရက်နေ့ထုတ် ရှမ်းသံတော်ဆင့်မှာ ဖော်ပြထားပါတယ်။ ဗဟုသုတနည်းပါးမှုကြောင့် မတရားလုပ်ခံရတာကို တိုင်ရကောင်းမှန်းမသိဘူးလို့ အမျိုးသမီးစွမ်းရည် မြှင့်တင်ရေးလုပ်သူတွေက ပြောကြပါတယ်။ တရားဥပဒေအရ အရေးယူရင်လည်း တရားရုံး ဝေးလံမှု၊ တရားရင်ဆိုင်တဲ့ စရိတ်မတတ်နိုင်မှု၊ ပတ်ဝန်းကျင်က ဝေဖန်တာကို မခံနိုင်မှု စတာတွေကြောင့် အမှုတွေဟာ အလိုလို ပျောက်ပြယ်သွားတယ်လို့ ဆိုပါတယ်။ “ရွာထဲကကိစ္စ ရွာအပြင်မထွက်ရ” ဆိုတဲ့ စကားအတိုင်း ရွာသူကြီး ဆုံးဖြတ်တာကိုသာ နာခံနေရကြောင်း အမျိုးသမီးအရေး လှုပ်ရှားနေသူတွေက ထောက်ပြကြပါတယ်။

XS
SM
MD
LG