သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူငယ်နဲ့ နိုင်ငံရေး


ပထမအကြိမ် တိုင်းရင်းသားပါတီစုံ လူငယ်အစည်းအဝေးမှာ KSPP၊ KySDP၊ KNDP၊ CNLD ၊ MUP တို့မှ လူငယ်ကိုယ်စားလှယ်များ တွေ့ဆုံတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - KSPP Youth Facebook - ဇူလိုင် ၃၀၊ ၂၀၂၀)
ပထမအကြိမ် တိုင်းရင်းသားပါတီစုံ လူငယ်အစည်းအဝေးမှာ KSPP၊ KySDP၊ KNDP၊ CNLD ၊ MUP တို့မှ လူငယ်ကိုယ်စားလှယ်များ တွေ့ဆုံတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - KSPP Youth Facebook - ဇူလိုင် ၃၀၊ ၂၀၂၀)
လူငယ်နဲ့ နိုင်ငံရေး
please wait

No media source currently available

0:00 0:05:25 0:00
တိုက်ရိုက် လင့်ခ်

ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရတဲ့ အသက်အရွယ်ကို နိုင်ငံအရေးမှာ ပါဝင်ခွင့်ရတဲ့ အချိန်အခါလို့ ပြောနိုင်ပါတယ်။ မြန်မာ၊ ထိုင်း၊ ဂျပန်၊ တရုတ်၊ အင်္ဂလန်၊ အမေရိကန်စတဲ့ တိုင်းပြည်တွေအပါအဝင် နိုင်ငံအများစုမှာ (၁၈) နှစ်ပြည့်ရင် ဆန္ဒမဲ ပေးနိုင်ပါတယ်။ (၁၅) နှစ်နဲ့ (၂၅) နှစ်ကြားအရွယ်ကို လူငယ်လို့ ကုလသမဂ္ဂက သတ်မှတ်တာမို့ နိုင်ငံရေးစလုပ်တဲ့ အရွယ်လို့ ခေါ်နိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် (၂၀) မှာ တကသအတွင်းရေးမှူး ဖြစ်နေပါပြီ။ အင်္ဂလန်ဝန်ကြီးချုပ်ဟောင်း David Cameron ဟာ (၁၈) နှစ်သားမှာ ပါတီဝင် ဖြစ်လာပြီး ပါလီမန်ဆွေးနွေးပွဲတွေကို နားထောင်လေ့ ရှိပါတယ်။

David Cameron (၃၅) နှစ်ရောက်တော့ လွှတ်တော်အမတ် ဖြစ်လာပြီး (၄၄) နှစ်မှာ ဝန်ကြီးချုပ် ဖြစ်သွားပါတယ်။ ကမ္ဘာမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေကိုကြည့်ရင် အသက် (၂၀) ဝန်းကျင် လူငယ်ဘဝမှာ နိုင်ငံရေးလောကထဲကို ဝင်ရောက်လာကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာတော့ အနှစ် (၅၀) စစ်အာဏာရှင်စနစ် ကြီးစိုးခဲ့လို့ အမိန့်နာခံတဲ့ဓလေ့ ခေတ်စားပြီး ဒီမိုကရေစီ နိုင်ငံရေးဓလေ့ စိတ်သုဉ်းသွားပါတယ်။ ပုံမှန်နိုင်ငံရေးဓလေ့ ကွယ်ပျောက်သွားတဲ့ဒဏ်ကို အခုမှ ခံစားနေရပါတယ်။

လူငယ်တွေစလိုက်တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြောင့် မဆလ အာဏာရှင်စနစ် ကျဆုံးသွားတဲ့နောက်ပိုင်းမှာ ပေါ်ထွက်လာတဲ့ နိုင်ငံရေးပါတီတွေကို လူကြီးတွေ ဦးဆောင်တာများပါတယ်။ စစ်အစိုးရက ဖိနှိပ်ညှဉ်းပမ်းလို့ ဖရိုဖရဲ ဖြစ်ကုန်တာတွေလည်း ရှိပါတယ်။ ဒါကြောင့် ပါတီမကွယ်ပျောက်ရေးကိုသာ လူကြီးတွေက ဦးဆောင်ပေးခဲ့ပါတယ်။ NLD ဗဟိုကော်မတီမှာ အသက်အရွယ် ကြီးရင့်သူတွေ များပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ လူလတ်ပိုင်းတွေ ပါဝင်လာပေမယ့် အတွေးအခေါ်ပိုင်းမှာ အားနည်းတာကြောင့် ပြည်သူလူထုရဲ့ ဝေဖန်ခံရတာတွေ ရှိတယ်လို့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် ပြောတာကို ဧပြီလ (၈) ရက်နေ့ထုတ် 7 Day သတင်းမှာ ဖော်ပြပါတယ်။ ပါတီကို တိုးတက်အောင်လုပ်နိုင်မယ့် မျိုးဆက်သစ်ပြုစုပျိုးထောင်ရေးဟာ NLD ရဲ့ ထိပ်တန်းပြဿနာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မရှိရင် NLD ဘာလုပ်ကြမလဲဆိုတဲ့ မေးခွန်းပေါ်လာပါတယ်။

လူငယ်တွေ နိုင်ငံရေးမှာ အဖျားအနားလောက်သာ ပါဝင်ခွင့်ရကြပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာတော့ ချန်လှပ်ခံရတာများတယ်လို့ IRI (ခေါ်) International Republican Institute ရဲ့ အာရှရေးရာတာဝန်ခံ Dina Sadek က သြဂုတ်လ (၃) ရက်နေ့က ရေးသားထားပါတယ်။ (၂၅) နှစ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လုပ်နိုင်ပြီး အသက် (၃၀) မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်နိုင်တယ်လို့ ဥပဒေပြဌာန်းထားပေမယ့် ဒီအရွယ်တွေကို ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံနိုင်ဖို့ ပါတီတွေက စိတ်ထက်သန်ပုံ မရဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ပြည်သူလူထုကတော့ မျိုးဆက်သစ်နိုင်ငံရေးသမားတွေကို မြင်ချင်နေပြီလို Dina Sadek က သုံးသပ်ပါတယ်။ မြန်မာလူဦးရေ သုံးပုံတပုံဟာ (၁၅) နှစ် နဲ့ (၃၅) နှစ်ကြားက လူငယ်တွေဖြစ်လို့ သူတို့ပါဝင်တဲ့ အခန်းကဏ္ဍဟာ အရေးကြီးပါတယ်။

အသက် (၁၈) နှစ်ကျော်လာလို့ ပထမဆုံးအကြိမ် မဲဆန္ဒပေးခွင့်ရသူပေါင်း သိန်း (၅၀) နီးပါး ရှိနိုင်တယ်လို့ ခန့််မှန်းကြပါတယ်။ ဒီအထဲမှာ ရန်ကုန်တိုင်းမှာ (၆) သိန်းခွဲ၊ ရှမ်းပြည်နယ်မှာ (၆) သိန်း၊ ဧရာဝတီတိုင်းမှာ (၆) သိန်းနီးပါး၊ မန္တလေးတိုင်းမှာ (၅) သိန်းခွဲ ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ လူငယ်တွေဟာ သူတို့ရဲ့ ပညာရေးနဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေမှာသာ ပိုစိတ်ဝင်စားကြတယ်လို့ အရပ်ဖက်အသင်းအဖွဲ့တွေက မှတ်ချက်ချပါတယ်။ မြို့နေလူငယ်တွေက ပညာရေးကို စိတ်ဝင်စားကြပြီး ကျေးလက်လူငယ်တွေကသာ ဘဝရပ်တည်ရေးကို ဦးစားပေးနေရလို့ ရွေးကောက်ပွဲကို အာရုံမစိုက်နိုင်ကြပါဘူး။ မြန်မာတိုင်းမ်(စ်) စာစောင်က ရန်ကုန်ကလူငယ်တွေကို တွေ့ဆုံမေးမြန်းတဲ့အခါ ဆန္ဒမဲပေးမှာ သေချာပေမယ့် ဘယ်သူ့ကို မဲပေးမယ်ဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့ ဖြေကြကြောင်း သိရှိရပါတယ်။

လူငယ်တွေနိုင်ငံအရေးမှာ နိုးကြားတက်ကြွလာအောင် ပညာပေးတဲ့ အရပ်သားအဖွဲ့တွေထဲမှာ Hornbill Organization (HBO) ဟာ ဝါအရင့်ဆုံး ဖြစ်ပါတယ်။ ၂၀၁၀ အစောပိုင်းမှာ တည်ထောင်တဲ့ NGO ဖြစ်လို့ သက်တမ်း (၁၀) နှစ် ရှိနေပါပြီ။ ရွေးကောက်ပွဲ တရားမျှတရေး၊ မဲဆန္ဒရှင်တွေ နားလည်သဘောပေါက်ရေး စတာတွေကို အဓိကထားပြီး ပညာပေးနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ INGO (၁၂) ခုနဲ့ ပြည်တွင်း NGO (၁၄) ခုကို မဟာမိတ်လုပ်ထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

အမေရိကန်အခြေစိုက် International Republican Institute ကလည်း ရွေးကောက်ပွဲနိုင်ငံရေးမှာ လူငယ်တွေပါဝင်လာပြီး အနာဂတ်ခေါင်းဆောင်တွေ ပေါ်ပေါက်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဇန်နဝါရီလက “ခေါင်းဆောင်လူငယ်” သင်တန်း လုပ်ပေးပါတယ်။ သင်တန်းကာလမှာ နိုင်ငံရေးကွဲလွဲမှုကို ဘေးဖယ်ပြီး ရွေးကောက်ပွဲကိစ္စနဲ့မကဘဲ ကိုဗစ် (၁၉) ရောဂါ ကာကွယ်ရေးပါ စိတ်ဝင်စားလာကြပါတယ်။ မြန်မာပြည်အတွက် ကောင်းတဲ့လက္ခဏာ ဖြစ်ပါတယ်။


==Unicode==








XS
SM
MD
LG