သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေးစစ်တမ်း


Workers are transported via truck to the site of the Thilawa Special Economic Zone (SEZ) project at Thilawa May 8, 2015. REUTERS/Soe Zeya Tun/File Photo - S1BEUBGAUIAA
Workers are transported via truck to the site of the Thilawa Special Economic Zone (SEZ) project at Thilawa May 8, 2015. REUTERS/Soe Zeya Tun/File Photo - S1BEUBGAUIAA
မြန်မာ့စီးပွားရေးစစ်တမ်း
please wait

No media source currently available

0:00 0:05:23 0:00
တိုက်ရိုက် လင့်ခ်

ဦးအောင်ခင် မြန်မာ့အရေး သုံးသပ်ချက်

အာဆီယံအသင်းဝင် (၁၀) နိုင်ငံရဲ့ ဒီနှစ် စီးပွားရေးအခြေအနေကို ADB အာရှဖွံ့ဖြိုးရေးဘဏ်က သုံးသပ်တဲ့အခါမှာ မြန်မာနိုင်ငံတခုတည်းသာ ဆုတ်ယုတ်ကျဆင်းနေတာကို တွေ့ရပါတယ်။ တိုင်းပြည်အသားတင် ထုတ်လုပ်မှုမှာ ဘရူးနိုင်းက (၂.၅) ရာခိုင်နှုန်းသာ တိုးတက်ပြီး၊ ဗိယက်နမ်က (၇) ရာခိုင်နှုန်းနဲ့ တိုးတက်မှု အမြင့်ဆုံး ဖြစ်နေပါတယ်။ မြန်မာကတော့ (-၁၀) ရာခိုင်နှုန်း အနုတ်လက္ခဏာပြနေပြီး ဆုတ်ယုတ်ကျဆင်းနေပါတယ်။ မြန်မာ့နှစ်စဉ် တိုးတက်မှုနှုန်းဟာ (၂၀၁၉) မှာ (၆.၈) ရာခိုင်နှုန်း၊ ၂၀၂၀ မှာ (၃.၃) ရာခိုင်နှုန်း ရှိခဲ့ရာက စစ်အာဏာသိမ်းလို့ ကျဆင်းသွားတယ်လို့ ADB (Asia Development Bank) က ဆိုပါတယ်။

ကိုဗစ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းအများအပြား ရပ်ဆိုင်းထားရတဲ့အတွက် နိုင်ငံတိုင်းလိုလိုမှာ စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းနေပါတယ်။ အာရှစီးပွားရေး တိုးတက်မှုနှုန်းဟာ (၂) ရာခိုင်နှုန်းနဲ့ (၃) ရာခိုင်နှုန်းကြားမှာ ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ကိုဗစ်ရောဂါအပြင်၊ စစ်အာဏာသိမ်းရောဂါပါ ခံစားနေရတာမို့ တိုင်းပြည်စီးပွားရေးဟာ (-၁၀) ရာခိုင်နှုန်း ကျဆင်းမယ်လို့ ADB က ခန့်မှန်းပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး (၁၀) ရာခိုင်နှုန်းက (၂၀) ရာခိုင်နှုန်းအထိ ကျုံ့သွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ကလည်း ခန့်မှန်းထားပါတယ်။

ကိုဗစ်ရောဂါ ပြန့်ပွားမှုကြောင့် စီးပွားရေးတိုးတက်မှု နှေးကွေးနေချိန်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် တိုးတက်ရမယ့်အစား ကျဆင်းဆုတ်ရုတ်သွားရပါတယ်။ အခုတော့ စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့အနေနဲ့ ကမ္ဘာဘဏ်က မြန်မာပြည်ထောက်ပံ့မှုတွေကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ ကိုဗစ်စီးပွားရေး နာလန်ထနိုင်ဖို့အတွက် ဒေါ်လာသန်း (၃၅၀) ထောက်ပံ့ဖို့ ကမ္ဘာ့ဘဏ်က မနှစ်က သဘောတူခဲ့ပါတယ်။ ဂျပန်အစိုးရကလည်း ကူညီထောက်ပံ့မှုတွေကို ရပ်ဆိုင်းကြောင်း မတ်လမှာ ကြေညာပါတယ်။ ဂျပန်ကုမ္ပဏီပေါင်း (၄၅၀) လောက် မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍမှာ လုပ်ကိုင်နေတာကြောင့် ဂျပန်ပါဝင်မှုဟာ သိသာထင်ရှားပါတယ်။ ဂျပန်နောက်ဆုတ်သွားတာကို တရုတ်က အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံမှာ ပိုမိုရင်းနှီးမြုပ်နံှလာနိုင်ပါတယ်။ စစ်တပ်ရဲ့ အာဏာသိမ်းရောဂါဟာ နိုင်ငံခြားကုမ္ပဏီတွေကို ထိတ်လန့်စေတာမို့ တရုတ်အတွက် အခွင့်ကောင်းလို ဖြစ်နေပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးကြတဲ့ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါကတော့ စစ်ကောင်စီရဲ့ ဒေါ်လာဝင်ပေါက်တွေကို ပိတ်ဆို့ဖို့အတွက် ဒဏ်ခတ်အရေးယူနေပါတယ်။ ကျောက်မျက်နဲ့ ကျောက်စိမ်းလုပ်ငန်း၊ ပုလဲလုပ်ငန်း၊ သစ်လုပ်ငန်း စတာတွေကို ဒဏ်ခတ်ပိတ်ဆို့ကြပါတယ်။ လွန်ခဲ့တဲ့ ဧပြီလကတင် နေပြည်တော်မှာ ကျောက်မျက်ဒေါ်လာသန်း (၂၀) ဖိုး ရောင်းရပါတယ်။ ကျောက်မျက်လုပ်ငန်းဟာ စစ်တပ်ပိုင်လို ဖြစ်နေတာမို့ ဒီလုပ်ငန်းကို အရေးယူတာဟာ အထိရောက်ဆုံး ဒဏ်ခတ်မှု ဖြစ်ပါတယ်။ သဘာဝဓါတ်ငွေ့နဲ့ ရေနံလုပ်ငန်းမှာ Total နဲ့ Chevron ကပေးတဲ့ ဒေါ်လာတွေကို စစ်ကောင်စီ မသုံးနိုင်အောင် လုပ်နိုင်ဖို့ကလည်း အရေးကြီးတယ်လို့ Global Witness အဖွဲ့က ဆိုပါတယ်။

ဒဏ်ခတ်အရေးယူတဲ့ကာလမှာ မြန်မာနိုင်ငံမှာ ရင်းနှီးနေတဲ့ နိုင်ငံခြားကုမ္ပဏီတွေ ဘယ်လိုဆက်လုပ်မယ်ဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မတ်လအထိ သွင်းကုန် (၆၅) ရာခိုင်နှုန်း၊ ပို့ကုန် (၄၅) ရာခိုင်နှုန်း ကျဆင်းသွားတာ တွေ့ရပါတယ်။ မြန်မာပြည်မှာ ရင်းနှီးမြုပ်နံှနေတဲ့ နိုင်ငံခြားလုပ်ငန်းရှင်အသင်း (၁၀) သင်းက စစ်တမ်းကောက်ယူပြီး၊ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ မေးမြန်းတဲ့ ကုမ္ပဏီ (၃၇၂) ခုမှာ၊ နိုင်ငံခြားကုမ္ပဏီ (၃၁၆) နဲ့ မြန်မာကုမ္ပဏီ (၅၄) ခု ပါဝင်ပါတယ်။ ဒီအထဲမှာ ဂျပန်က (၁၈၂) ခု ပါဝင်ပြီး၊ အနောက်တိုင်းက (၁၁၅) ခု၊ အာဆီယံ (၁၇) ခု၊ အိန္ဒိယ (၂) ခုနဲ့ တောင်ကိုရီးယား (၂) ခု ပါဝင်ပါတယ်။ ဒီကုမ္ပဏီတွေဟာ ၂၀၂၀ တနှစ်လုံး ကိုဗစ်ဒဏ် ခံရပေမယ့် အခြေအနေမပျက်အောင် ထိန်းသိမ်းထားနိုင်ခဲ့တာ တွေ့ရတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ခရီးသည်လုပ်ငန်းကလွဲရင် အလုပ်ရပ်ဆိုင်းလိုက်ရတဲ့ ကုမ္ပဏီဟာ မရှိသလောက် ရှားပါးတယ်လို့ ဆိုပါတယ်။ ၂၀၂၁ ဇန်နဝါရီလရောက်တော့ ကုမ္ပဏီအများစုဟာ လက်ရှိအခြေအနေကို ဆက်ထိန်းထားပြီး လုပ်ငန်းတိုးချဲ့နိုင်ဖို့ စီမံချက်တွေ လုပ်လာတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုကြောင့် စီမံချက်အားလုံး ရပ်ဆိုင်းသွားပါတယ်။ စစ်အာဏာသိမ်းပြီး နှစ်လအကြာမှာ ရင်ဆိုင်ရတဲ့ ဒုက္ခဟာ တနှစ်လုံး ကိုဗစ်ရောဂါဒဏ် ခံရတာထက် ဆိုးတယ်လို့ ကုမ္ပဏီတွေက ပြောပါတယ်။ ဝင်ငွေလုံးဝ မရှိတော့ဘူးလို့ လုပ်ငန်းရပ်ဆိုင်းလိုက်ရတဲ့ ကုမ္ပဏီတွေ များပြားလာပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် ဝင်ငွေကျဆင်းနေတုန်း ဆက်လက်ရပ်တည်နိုင်ဖို့အတွက် အလုပ်သမားကို လစာလျော့ပေးတာမျိုးတွေ ရှိလာပါတယ်။ အလုပ်သမားလျော့ပစ်တာလည်း များပြားလာပါတယ်။ ဒါပေမဲ့ ဒီနှစ်ကုန်မှာ နိုင်ငံရေး၊ စီးပွားရေး အခြေအနေ ကောင်းလာမလားလို့ စောင့်ကြည့်နေတဲ့ ကုမ္ပဏီတွေလည်း အများကြီးရှိပါတယ်။ အောက်တိုဘာလလောက်မှာ အခြေအနေ ကောင်းမလာဘူးဆိုရင်တော့ လုပ်ငန်းအားလုံးရပ်ဆိုင်းပြီး ထွက်ခွာသွားမယ့် ကုမ္ပဏီတွေ တိုးပွားလာနိုင်တယ်လို့ နိုင်ငံခြားကုမ္ပဏီစစ်တမ်းမှာ သုံးသပ်ထားပါတယ်။


==Unicode==









XS
SM
MD
LG