သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလက်အောက် တရားဥပဒေစိုးမိုးရေး


This handout photo taken on May 24, 2021 and released by Myanmar's Ministry of Information on May 26 shows detained civilian leader Aung San Suu Kyi (L) and detained president Win Myint (R) during their first court appearance in Naypyidaw, since the milit
This handout photo taken on May 24, 2021 and released by Myanmar's Ministry of Information on May 26 shows detained civilian leader Aung San Suu Kyi (L) and detained president Win Myint (R) during their first court appearance in Naypyidaw, since the milit
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ တက်လာတယ်လို့ ဆိုတဲ့ စစ်ကောင်စီဟာ ပြည်သူလူထုရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်ဆိုင်ရာ ပြဌာန်းချက်တွေကို ရုတ်သိမ်းလိုက်တဲ့အတွက် ပြည်သူတွေ အကာအကွယ်မဲ့ ဖြစ်နေရတယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်က တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်က ဆိုပါတယ်။ အသေးစိတ်ကို ဦးကြီးမြင့်နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဦးကြီးမြင့်ခင်များ .. ကျနော် ဒီနေ့ဆွေးနွေးလိုတဲ့ အကြောင်းအရာကတော့ မြန်မာနိုင်ငံနဲ့ တရားဥပဒေစိုးမိုးရေး ဖြစ်ပါတယ်။ စစ်ကောင်စီ တက်လာပြီးနောက် တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေး အခြေအနေကို ပထမဦးဆုံး လွှမ်းခြုံသုံးသပ်ပေးပါ။

ဖြေ ။ ။ စစ်ကောင်စီ တက်လာလာချင်း ပထမဦးဆုံးလုပ်တဲ့ အလုပ်ကတော့ ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့မှာ အမိန့်တခုထွက်လိုက်တယ်။ အဲဒါက ဘာလဲဆိုတော့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံရေးတို့ကို ကာကွယ်ပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ဖြစ်တယ်။ မင်းအောင်လှိုင်ကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ ထုတ်တာ။ အဲဒီဥပဒေက NLD အစိုးရလက်ထက်မှာ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးတဲ့ ဥပဒေဆိုတာ ရှိတယ်။ အဲဒီဥပဒေရဲ့ ကောင်းတာတွေ မှန်သမျှကို အကုန်ဖြတ်လိုက်ပြီးတော့ အဲဒီမှာ ဥပဒေမရှိတဲ့ နိုင်ငံကို ကျင့်သုံးသွားတော့တာပဲ။ တည်ဆဲဥပဒေမှတပါး ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရန် မည်သူကိုမဆို ကာကွယ်ပေးရမည် ဆိုတဲ့ဟာကို မလိုက်နာတော့ဘူး။

နောက်တခုက ပုဂ္ဂိုလ်တဦးဦး၏ နေအိမ်နဲ့ နေအိမ်အဖြစ် အသုံးပြုသော အခန်း၊ အဆောက်အဦး (သို့မဟုတ်) ပရဝုဏ်နှင့် ပရဝုဏ်အတွင်းရှိ အဆောက်အအုံများအတွင်းသို့ တည်ဆဲဥပဒေတရပ်ရပ်နဲ့ ဝင်ရောက်ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း (သို့မဟုတ်) လူတဦးဦးကို ရှာဖွေခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်လိုလျှင် သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်စေ၊ ကျေးရွာတာဝန်ခံ (သို့မဟုတ်) ရာအိမ်မှူးဖြစ်စေ၊ ဆယ်အိမ်မှူး တဦးဦး ပါဝင်ပြီး၊ အနည်းဆုံး သက်သေနှစ်ဦးနဲ့အတူ ဆောင်ရွက်ရမည်ဆိုတာကိုလည်း မလိုက်နာတော့ဘူး။

သူတို့ကြိုက်တဲ့အချိန်မှာ အခုနပြောသလို စစ်တပ်က တိုက်ရိုက်ဝင်ပြီးတော့ လုပ်တယ်။ အဲဒါတွေကို စလုပ်တော့တယ်။ တပြည်လုံးမှာ။

မေး ။ ။ ဆိုတော့ နိုင်ငံသားတွေက အခုနပြောတဲ့ ဥပဒေမှာပါတဲ့ အချက်အလက်တွေ ကိုယ်ရေကိုယ်တာ လွတ်လပ်ခွင့်တို့၊ နေအိမ်ခြံဝန်း လုံခြုံခွင့်တို့ စတာတို့ကို ချိုးဖောက်ခံရတယ်ဆိုရင် အခုလောလောဆယ်မှာ မြန်မာနိုင်ငံမှာ အကာအကွယ်ပေးစရာ ဥပဒေမရှိဘူးဆိုတဲ့ သဘောဖြစ်နေတာပေ့ါ။

ဖြေ ။ ။ မရှိတော့ဘူး။ အဲဒီဥပဒေ ပြင်ဆင်လိုက်တယ်။ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းတယ်၊ (၁၃) ရက်နေ့မှာ အဲဒါထုတ်လိုက်တဲ့နောက်မှာ မြန်မာနိုင်ငံမှာ တရားဥပဒေ မရှိတော့ဘူး။

မေး ။ ။ ကျနော် သိချင်တာ တရားဥပဒေတင်မကဘူး၊ လူ့အခွင့်အရေးကိုတောင် မရှိတော့တဲ့ သဘောပေါ့။ အဲဒီထဲမှာ လူ့အခွင့်အရေးတွေအားလုံး ပါသွားပြီပေါ့။

ဖြေ ။ ။ ဟုတ်တယ်။ လူ့အခွင့်အရေးနဲ့ တရားဥပဒေရေးတွေအားလုံး ပါသွားပြီ။ အဲဒါ ပထမဦးဆုံး စလုပ်တာ။ အဲဒီအလုပ်က ပထမဦးဆုံး စလုပ်တဲ့အလုပ်။

မေး ။ ။ အဲဒီတော့ လူတွေက သူတို့ရဲ့ဘဝမှာ နစ်နာမှုတွေ ဖြစ်လာရင် ဥပဒေရဲ့ အကာအကွယ်မရှိဘူး။ သူတို့ ဒီလိုပဲ ခံနေရသလား။ ဘယ်မှာသွားပြီးတော့ တရားမျှတမှု (Justice) ရအောင် ကြိုးစားကြပါသလဲ။

ဖြေ ။ ။ သူတို့ အဲဒီဥပဒေကို မလိုက်နာတော့ဘူး ပြောပြီးတော့ ပြည်သူလူထုကို အကာအကွယ် မပေးတော့ဘဲနဲ့ ပြည်သူလူထုကို ဖမ်းဆီးတယ်၊ သတ်တယ်။ အဲဒါတွေလုပ်လိုက်တဲ့အခါမှာ ကျနော်တို့ လူကြီးတွေကတော့ စစ်အစိုးရနဲ့ အပွဲပွဲတွေ့လာရတော့ သတိကြီးစွာထားတာပေါ့။ ဘာပဲဖြစ်ဖြစ် အသက်တွေကလဲ ကြီးပြီဆိုတော့။ ဒါပေမဲ့ ကလေးတွေကတော့ မတရားတာ မကြိုက်ဘူး။ အဲဒါက ပြဿနာ။ ရှင်းရှင်းပြောရင် ကျနော်တို့က သိပ်သတ္တိရှိလို့ ပြောနေတာ မဟုတ်ဘူး။ ကလေးတွေက ဒီဟာကို ဘယ်လိုမှ လက်မခံနိုင်တော့ဘူး။ သူတို့က (၅) နှစ်လောက် လွတ်လပ်မှုတွေ ရလိုက်တဲ့ အခွင့်အရေးကြီးကို သူတို့က မက်မောပြီးတော့၊ သူတို့အနာဂတ်တော့ ပျက်ဆီးပါပြီဆိုပြီးတော့ သူတို့က အဲဒီလို ဖြစ်ကြတာ။

မေး ။ ။ အဲဒီတော့ တရားစီရင်တဲ့ ကိစ္စတွေမှာ အရပ်ဘက်တရားသူကြီးတွေက တကယ်ဥပဒေအတိုင်း စီရင်ကြတာလား။ သို့တည်းမဟုတ် သူတို့ကိုကြောက်လို့ သူတို့လုပ်ခိုင်းတဲ့အတိုင်း လိုက်လုပ်နေကြတာလား။

ဖြေ ။ ။ အဲဒီဟာနဲ့ ပတ်သက်လို့ကတော့ ကျနော်တော့ ဘယ်လိုခံယူထားသလဲဆိုတော့ တရားရုံးတွေအကြောင်း ပြောနေရတာ တရားဥပဒေ ရုံးတွေမှာ လျှောက်လဲပေးနေရ၊ ခုခံနေရတာတွေက အပိုအလုပ်တွေပဲ။ ဘာမှအရာမရောက်တော့ဘူးလို့ ကျနော်ကတော့ အဲဒီလို ခံယူထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဥပဒေတခုကို သူက လုပ်ပြန်တယ်။ အဲဒါက ဥပဒေဆိုင်ရာ အထောက်အကူပြုရေး ဥပဒေဆိုတာ ရှိတယ်။ အဲဒီဥပဒေကိုလဲ သူက အများကြီးဖျက်ပစ်လိုက်တယ်။ တချို့ဟာတွေကို အစားထိုးလိုက်တယ်။ အဲဒီဟာက ဘာလဲဆိုတော့ နိုင်ငံသားတွေကို ဥပဒေပိုင်းဆိုင်ရာအရ အကူအညီပေးရမယ်။ ရဲအချုပ်မှာ ကျသွားချိန်ကစပြီးတော့ အပြီသတ်အယူခံအဆင့်ဆင့်တွေကို အကုန်လုံး အကာအကွယ်ပေးရမယ်လို့ အဲဒီဥပဒေက သေချာရေးထားတာ။ အဲဒါကို နိုင်ငံတော်စရိတ်နဲ့ကို လုပ်ပေးရမှာ။ ဆင်းရဲနွှမ်းပါးတဲ့ လူတွေဆိုရင်။ အဲဒါကို အဖွဲ့ကြီးလည်း ဖွဲ့ပြီးပြီ။ နိုင်ငံတော်စရိတ်နဲ့ လုပ်ပေးရမယ့်ဟာတွေကို အဲဒီဥပဒေကို မလိုက်နာတော့ဘူးလို့ဆိုပြီး အပိုဒ်တွေဖြတ်ပြီးတော့ တချို့ဟာတွေကို အစားထိုးပြစ်လိုက်တယ်။ အဲဒီဥပဒေလဲ မလိုက်နာတော့ဘူး ပြောတယ်။ အခုဆိုလို့ရှိရင် ဘယ်လိုပြင်လိုက်သလဲဆိုရင် ရဲတပ်ဖွဲ့ကို ဖမ်းတာကစပြီး လာမပြောနဲ့၊ လာပြီးတော့ ပြဿနာမရှာနဲ့။ တရားရုံးရောက်ပြီဆိုရင်တော့ လာပြော၊ တရားဥပဒေနဲ့ ခုခံ၊ အယူခံတက်ပေါ့။ အဲဒီလို အကန့်အသတ်တွေ ဖြစ်လာတယ်။

မေး ။ ။ ခုခံတာကတော့ ဥပဒေဘောင်အတွင်းက ဖြစ်ထွန်းပါရဲ့လား။ တချို့ ကျနော်ကြားတာက ရှေ့နေတွေဆိုရင် တရားရုံးကို သွားနေတဲ့အခါမှာ ရဲတွေက သူတို့တွေကို ခြိမ်းခြောက်တဲ့သဘော၊ ဓါတ်ပုံရိုက်ယူတာတို့ဘာတို့။ နောက်ပြီးတော့ တချို့ရှေ့နေတွေလဲ တရားခွင်အတွင်း အဖမ်းခံရတယ်ဆိုတာတွေကို ကြားရပါတယ်။ အဲဒါတွေကိုလဲ ပြောပါအုံး။

ဖြေ ။ ။ အဲဒါတွေကိုတော့ နှစ်ပိုင်းပြောမှ ရမယ်။ တကယ်စိတ်အားထက်သန်စွာနဲ့ စွန့်စားပြီးတော့ လိုက်တဲ့ရှေ့နေတွေကို ပုပ်ခတ်ပြောတာတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ ဆောင်ရွက်ချက်တွေကလဲ ထိုက်သင့်သလောက်တော့ အမှုသည် ဒုက္ခရောက်နေချိန်မှာတော့ အားရှိတာပေါ့။ အစားအသောက်လေးတွေ ဆက်သွယ်ပေးလို့ရတယ်။ သူတို့ပြောတဲ့ စကားလေးတွေ၊ ဘာလေးတွေ ခဏတဖြုတ် ထောင်မှာ အဲဒါလေးတွေတော့ ရတယ်။ ဒါပေမဲ့ တရားရုံးစစ်တာနဲ့ တပြိုင်တည်း ထောင်ထဲမှာပဲ စစ်တာ။ ထောင်နားက ထောင်ရုံးပေါ့။ ထောင်ဝန်းထဲမှာရှိတဲ့ ရုံး။ စစ်တာပဲ ရှင်းရှင်းပြောရင် တရားလိုရယ်၊ တရားလိုများ သက်သေတွေရယ်။ သူတို့တင်တဲ့ စာရွက်စာတမ်းတွေ လက်ခံပြီးရင် တရားခံနဲ့ တရားခံသက်သေတွေကို သိပ်အလေးမထားတော့ဘူး တန်းချတာပဲ။ နောက်တခုက ကျနော်တို့ ရန်ကုန်မှာဆိုရင် လေးမြို့နယ်ရှိတယ်။ ကျန်တဲ့မြို့နယ်တွေ ရှိတယ်။ မာရှယ်လော ကြေညာထားတဲ့ နေရာတွေ။ အဲဒီနေရာတွေမှာဆိုရင် စစ်ဗိုလ်က တရားစီရင်တာ။ တရားလို ရဲကလာပြီးတော့ ထွက်ဆိုတယ်။ သူတို့ပြချင်တဲ့ သက်သေပြပြီးတော့ တရားခံကို မင်းအပြစ်ရှိလား၊ မရှိလား တန်းမေးတာပဲ။ မရှိဘူးဆိုရင်လဲ ဆွဲချက်တင်တယ်၊ ချတယ်။ ရှိတယ်ဆိုရင်လဲ ချတယ်။ အဲဒီလိုပြောပြီးတော့ လုပ်တယ်။ ဆိုလိုတာက မင်းဝန်ခံရင် နည်းနည်းသက်သာမယ်ဆိုတဲ့ သဘောမျိုးပြောပြီးတော့ ချလိုက်တာပဲ။ မာရှယ်လောစစ်ဗိုလ်တွေ ချတဲ့စီရင်ချက်ကတော့ သေဒဏ်တွေကြီးပဲ။ အများကြီးပဲပါတယ်။ ဒါကြောင့် ကျနော့် Facebook မှာလဲ ရေးလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည် အမှုကို လိုက်နေတဲ့ ရဲဘော်တွေ - ခင်များတို့ ဥပဒေအကြောင်းတွေ သိပ်ပြောမနေပါနဲ့ တရားလိုနဲ့ တရားလိုများအဖြစ် သူတို့တင်မယ့်သက်သေတွေ စစ်ပြီးတော့ ချလိုက်မှာပဲ။ ခင်များတို့ အဲဒီအတွက် ဘာမှပြောမနေပါနဲ့။ အပိုအလုပ်တွေကို။ တရားစီရင်ရေးက သူတို့လက်ထဲမှာရှိတာ။ ဒါကြောင့်မို့ ခင်များတို့က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ ခေတ်မီနေအောင် up-to-date လုပ်ပေးဖို့သာ ကြိုးစားပါဆိုပြီး ကျနော် သူတို့ကို သတိပေးလိုက်တယ်။

မေး ။ ။ ကျနော်က အဲဒါကို မေးချင်နေတာ။ ဒေါ်အောင်ဆန်းစုကြည်အမှုက ပြည်သူတရပ်လုံးကတင်မက နိုင်ငံတကာကပါ စောင့်ကြည့်နေတဲ့ကိစ္စ ဖြစ်ပါတယ်။ သူတို့ရဲ့ တရားရုံးရဲ့ ရလဒ်ကကော credibility ဂုဏ်သိက္ခာရှိတဲ့ ယုံကြည်ကိုးစားခံရမှု တစုံတရာ ရှိနိုင်ပါ့မလား။

ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည်က အခုမှ အဖမ်းခံရတာ မဟုတ်ဘူးလေ။ အကြိမ်ကြိမ် အကြိမ်ပေါင်းများစွာ အဖမ်းခံရတာ။ John Yattaw ကိစ္စတုန်းကလဲကြည့် လာပြီးတော့ ခိုးဝင်တဲ့လူကိုတော့ နောက်ပိုင်းကြတော့ ပြန်လွှတ်ပေးလိုက်တယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေးအရ ပြန်လွှတ်ပေးလိုက်တယ်။ အိမ်ရှင်ကိုတော့ ပထမထောင် (၃) နှစ်၊ နောက်ကျတော့ (၅) နှစ် ချလိုက်တယ်။ အိမ်ရှင်ကိုတော့ အဲဒီလိုပြစ်ဒဏ်တိုး ချလိုက်တယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် တကယ်ဆိုရင် အဲဒီမှာ လုံခြုံရေးကျနေတဲ့ လုံခြုံရေးတပ်မှူးနဲ့ တာဝန်ရှိတဲ့လူတွေကို ထည့်တရားစွဲရမှာလေ။ သူတို့ ပေါ့လျော့လို့ ဒီလိုဝင်နိုင်တာပေါ့။ အဲဒီလောက်ဆို ပူးတွဲတရားခံထဲမှာ တာဝန်ကျတဲ့ လုံခြုံရေးမှူးတွေပါ ပါရမှာလေ။ ဘယ်နဲ့ အိမ်ရှင်ကို ဘယ်မှမသွားနိုင်၊ မလှုပ်နိုင်တဲ့၊ လှုပ်လို့မရ အိမ်ထဲမှာနေတဲ့လူကို ထောင်ချပြစ်တယ်။ အဲဒီလောက် မတရားတဲ့ဟာကြီးတွေကို ကျနော်တို့ တွေ့လာရတဲ့အခါမှာ ဒါကိုတချို့ကပြောတယ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် CDM ဝင်သင့်တယ်။ ဒီတရားရုံးတွေကို အသိအမှတ် မပြုသင့်ဘူးလို့။ အဲဒီလို တောင်းဆိုတဲ့လူတွေလည်း ရှိတယ်။ ဖြစ်စေချင်တယ်ပေါ့။

ဒါနဲ့ ပတ်သက်လို့ ကျနော်တို့က မင်းဆရာလုပ်ချင်တယ်။ ဆရာကြီး လုပ်ချင်တယ် ပြောမှာစိုးလို့။ နောက်တခါ နတ်နေကိုင်း ထိုင်ထားတာပေါ့။ အဲဒါတော့ မပြောတော့ပါဘူး။

မေး ။ ။ ဆိုတော့ အခုအမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ အဓိကအားဖြင့် တမင်တကာ နိုင်ငံရေးအရ ပချင်လို့ နိုင်ငံရေးလုပ်ပိုင်ခွင့်မရအောင် လုပ်ချင်လို့ လုပ်နေတာလို့ တွက်ကြပါတယ်။ ဦးကြီးမြင့်ကော ဥပဒေသမားတယောက်၊ ရှေ့နေတယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ ဒီအမှုတွေအတွက် သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က ဘာအတွက် လုပ်နေတာလဲ။

ဖြေ ။ ။ အဓိက ကျနော်ပြောချင်တဲ့ Key ကတော့ တရားခံ ဖြစ်ရမယ့်လူတွေက တရားလိုလုပ်ပြီးတော့ ဒီဟာတွေကို လုပ်နေတာ ဖြစ်တယ်။ အခုလုပ်နေတာတွေက ၂၀၀၈ အခြေခံဥပဒေနဲ့ မညီဘူး။ ၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင်ပြီးတော့ ဥပဒေနဲ့မညီ တရားစွဲနေတာတွေ ဖြစ်တယ်။ ဒါဟာဆိုလို့ရှိရင် နိုင်ငံရေးအရ လက်စားချေတာ၊ ပြီးတော့ သူက သမ္မတ လုပ်အုံးမှာ။ ရွေးကောက်ပွဲပြီရင်။ အဲဒီလောက်ထိ နောက်ဆယ်နှစ်၊ အနှစ် (၂၀) လောက်အထိ အုပ်ချုပ်ချင်တဲ့စိတ်နဲ့ လုပ်နေတာ။ ရိုးရိုးတော့ မဟုတ်ဘူးလို့ ကျနော် ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ လူထုအတွက်တော့ လူထုခေါင်းဆောင်။ ဒါပေမဲ့ တပ်အတွက်ကတော့ Joker ပဲ။ သူကို ထောင်ချမှာ၊ ဖမ်းလည်းထားအုံးမှာ။ ဒါပေမဲ့လို့ သူတို့ ထွက်ပေါက်တွေအားလုံး ပိတ်သွားပြီဆိုတဲ့ အချိန်မှာတော့ ပြန်လွှတ်လိုက်ပြီးတော့ မန်ဒဲလ်လာလိုပေါ့ ထောင်ကျနေတဲ့အခါမှာပဲ ကြိတ်ပြီးတော့ ဆွေးနွေးပြီးတော့ လွှတ်မလား။ ဘယ်လိုလွှတ်ပြီးတော့မှ ဆွေးနွေးမလားဆိုပြီးတော့ အဲဒီအတွက်ကို Joker ချန်ထားတာ။ ဖြစ်နိုင်လို့ရှိရင် (၂) နှစ်အတွင်းတော့ လုံးဝမလွှတ်ဘူး။ လုံးဝလုံးဝ မလွှတ်ဘူး။ ဖြစ်နိုင်ရင်ဆိုရင်။ ဘာဖြစ်လို့လဲဆိုရင် သူတို့က ရွေးကောက်ပွဲလုပ်မယ်။ သူက သမ္မတ လုပ်ရအုံးမယ်။ အဲဒီလိုလုပ်ပြီးမှ ဒေါ်အောင်ဆန်းစုကြည်တို့ကို လွတ်ငြိမ်းချမ်းသာခွင့်တို့နဲ့ ထည့်ပေးရမှာ။ အခု (၅၀၅) ဘာတွေကောညာတွေကော ရှိသမျှ လူတွေကို သူသမ္မတဖြစ်ပြီးမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးမှာ။

==Unicode ==





















XS
SM
MD
LG