သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန်းချီတဲ့ မြန်မာပြည်သူတွေ အငတ်ဘေးကြုံရဖွယ်ရှိ (WFP)


(Zawgyi/Unicode)

စစ်တပ်အာဏာသိမ်းတာ ၃ လနီးပါး ရှိလာပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ မြို့ကြီးတွေက ဆင်းရဲသားရပ်ကွက်နေလူထုနဲ့ မကြာသေးခင်ကမှ အိုးအိမ်ရွှေ့ပြောင်း ခဲ့ရသူတွေအပါအဝင် ဒုက္ခရောက်နေသူ ၂ သန်းလောက်အတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ WFP က အစီစဉ်သစ်တခု စတင်လုပ်ဆောင်နေပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ပြောပါတယ်။

“မြို့ကြီးတွေက ဆင်းရဲတဲ့ မြို့နယ်တွေနဲ့ တခြားဒေသတွေမှာရှိတဲ့ မကြာသေးခင်ကမှ နေအိမ်တွေကနေ ထွက်ပြေးရသူတွေ လို အကာကွယ်ပေးဖို့လိုအပ်နေသူပေါင်း ၂ သန်းလောက်ကို အကူညီပေးဖို့ WFP က စလုပ်နေပါပြီ” လို့ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ကြာသပတေးနေ့မှာ ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံမှာ ဆင်းရဲတွင်းနက်နေသူတွေအတွက် COVID- 19 ကပ်ရောဂါရော၊ လက်ရှိနိုင်ငံရေး ပြဿနာပါ ပေါင်းပြီး ၃ မျိုးစလုံးရဲ့ ရိုက်ခတ်မှု ဒဏ်ခံရတာကြောင့် ငတ်မွတ်ခေါင်းပါးမယ့် ဘေးနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် လာမယ့် ၆ လအတွင်း လူပေါင်း ၃ သန်းခွဲလောက် အငတ်ဘေး ဆိုက်နိုင်တယ်လို့လည်း WFP က ခန့်မှန်းထားပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံတွင်း အခြေနေတွေ မတည်မငြိမ် ဖြစ်နေပေမယ့် နိုင်ငံတွင်းက ရေရှည်ပြည်တွင်းစစ်ဒဏ် ခံနေရသူတွေနဲ့ ပြည်တွင်းအိုးအိမ်ပြောင်းရွှေ့နေရသူတွေအတွက် WFP ရဲ့ လူသားချင်းစာနာမှု အကူညီတွေကို ဆက်ပေးသွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မြောက်ပိုင်းရှမ်းပြည်နယ်တွေက ဒေသခံ ၃ သိန်းခွဲကျော် ကို WFP က မတ်လထဲမှာ အကူညီတွေ ပေးနိုင်ခဲ့သလို လာမယ့် လတွေ အတွင်းမှာလည်း ၃ ဆလောက်တိုးပြီး လူပေါင်း ၁.၃ သန်းကနေ ၃.၃ သန်းလောက်အထိ WFP က အကူအညီတွေ ပေးဖို့ရှိကြောင်းလည်း ပြောပါတယ်။

ဒီလိုပေးနိုင်ဖို့ WFP အတွက် ရံပုံငွေ ဒေါ်လာ ၁၀၆ သန်းလောက် အရေးတကြီးလိုအပ်နေတယ်လို့ ဆိုပါတယ်။

တချိန်ထည်းမှာပဲ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကနေ သေဆုံးရတဲ့ အမျိုးသမီးအရေအတွက် ဆက်တိုးလာနေတာတွေ့ရပြီး ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး သေဆုံးရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်ပေါင်းက ၄၅ ယောက် ရှိနေပြီလို့ ကုလသမဂ္ဂအမျိုးသမီးအဖွဲ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

...........


(Unicode)









XS
SM
MD
LG