သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ အကူအညီတွေရဖို့ ကြိုးပမ်းနေတဲ့ NUG ဒုဝန်ကြီး နော်ထူးဖော


Naw Htoo Paw, Deputy minister of Humanitarian Affairs and Disaster Management
Naw Htoo Paw, Deputy minister of Humanitarian Affairs and Disaster Management

(Zawgyi/Unicode)

အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းယူထားတဲ့ မြန်မာစစ်တပ်ရဲ့ လူသားမဆန်တဲ့ ဖမ်းဆီး သတ်ဖြတ်မှုတွေ၊ တိုင်းရင်းသားနယ်မြေတွေမှာ ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေကြောင့် ပြည်သူလူထုတွေ ဆင်းရဲဒုက္ခ ပိုကြီးလာပြီး လူသားချင်းစာနာ ထောက်ပံ့မှု အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ မကြာခင်ကပဲ ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုဝန်ကြီး နော်ထူးဖောက ပြောပါတယ်။ ပြည်သူတွေလိုအပ်တဲ့ အကူအညီတွေကို ထိထိရောက်ရောက် ပေးနိုင်အောင် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ကြိုးပမ်းနေပြီး ကုလသမဂ္ဂအပါအဝင် ပြည်တွင်းပြည်ပက လူသားချင်းစာနာကူညီတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ဒုဝန်ကြီးတဦးဖြစ်တဲ့ နော်ထူးဖောကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ တရပ်ကို ပြီးခဲ့တဲ့ ၁၆ ရက်နေ့ကပဲ ဖွဲ့စည်းလိုက်တာမှာ ဒီအထဲမှာ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဌာနရဲ့ ဒုဝန်ကြီးနေရာကို ခန့်အပ်ခံရတယ်ဆိုတော့၊ လူငယ် တိုင်းရင်းသားအမျိုးသမီး တယောက် အနေနဲ့ အခုလို တာဝန် ခန့်အပ်ခံရတဲ့အပေါ်မှာ ဘယ်လိုခံစားရပါသလဲ။ ဒီလို ဝန်ကြီးနေရာ ခန့်အပ်ခံရတဲ့အပေါ်မှာ ဘယ်လို ခံယူထားပါသလဲ။ အရင်ဆုံးပြောပြပေးပါလား။

“ဟုတ်ကဲ့ပါ။ အခုလို နိုင်ငံအတွက် အရေးကြီးတဲ့အချိန်မှာ လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှာ တာဝန်ပေးအပ်ခံရတဲ့အတွက် ကျမ အနေနဲ့ အများကြီး ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ အခုချိန်မှာ စစ်ကောင်စီရဲ့ လူသားမဆန်တဲ့ ဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှုတွေ၊ တိုင်းရင်းသားနယ်မြေတွေမှာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ပြည်သူလူထုတွေ အများကြီး ဒုက္ခရောက်ကြရတယ်။ ပြည်သူလူထုတွေအတွက် လူသားချင်းဆိုင်ရာ ထောက်ပံ့မှုတွေ အများကြီး လိုအပ်နေတယ်ပေါ့နော်။ ဆိုတော့ ဒီလို အရေးကြီးတဲ့ကာလမှာ တကယ် အထူး လိုအပ်နေတဲ့ အကူအညီတွေကို ပေးဖို့ ကျမတို့ဝန်ကြီးဌာနကနေ ဆောင်ရွက်ရမှာ ဖြစ်တာပေါ့နော်။ ဒီဝန်ကြီးဌာနမှာ တာဝန်ပေးခံရတဲ့အတွက် ကျမ အနေနဲ့ အများကြီး အလုပ် လုပ်ဖို့အတွက် အစီအစဉ်ရှိပါတယ်။ ခွန်အားတွေလည်း ရှိပါတယ်။ အခုလို နိုင်ငံအတွက် အရေးကြီးတဲ့အချိန်မှာ ဒီလိုအရေးကြီးတဲ့ဌာနမှာ တာဝန်ပေးအပ်ခံရတဲ့အတွက် ကျမ အနေနဲ့ အများကြီး ဝမ်းသာ ဂုဏ်ယူမိပါတယ်။”

အခုလိုမျိုး လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှာ ဒုဝန်ကြီးတယောက်အနေနဲ့ တာဝန်ပေးအပ်ခံရပြီဆိုတော့ ကိုယ့်အနေနဲ့ ဒီတာဝန်မှာ လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားပါသလဲ။ ဘာတွေ ဆောင်ရွက်သွားဖို့ ရှိနေပါလဲရှင့်။

“ကျမတို့ ဝန်ကြီးဌာန အနေနဲ့ ကဏ္ဍတွေခွဲပြီးတော့မှ လူသားချင်းဆိုင်ရာ လိုအပ်နေတဲ့ အကူအညီတွေ ပေးဖို့ ပြင်ဆင်ထားတာတွေ ရှိပါတယ်။ အဲ့ဒီကဏ္ဍအလိုက် ဆိုတဲ့နေရာမှာ ပြည်တွင်း စစ်ဘေးရှောင်နဲ့ ဒုက္ခသည်တွေရှိမယ်။ CDM လုပ်ဆောင်နေတဲ့ဝန်ထမ်းတွေနဲ့ မတရား ဖမ်းဆီးချုပ်နှောင်ခြင်း ခံရတဲ့သူတွေအတွက် ရှိမယ်။ ပြီးတော့မှ လက်ရှိဆန္ဒပြတဲ့သူတွေ၊ သာမန်ပြည်သူ လက်လုပ်လက်စားတွေ ရှိမယ်။ ဆိုတော့ အဲ့ဒါတွေကို ကဏ္ဍအလိုက်ခွဲပြီးတော့မှ လိုအပ်နေတဲ့အကူအညီတွေကို ထိထိရောက်ရောက်ပေးဖို့အတွက် ပြင်ဆင်ထားတာတွေ ရှိပါတယ်။ အဲ့ဒီလို လုပ်ဆောင်တဲ့နေရာမှာ ကျမတို့အနေနဲ့ကတော့ နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးတွေ လုပ်မယ်ပေါ့နော်။ UN အဖွဲ့အစည်း အပါအဝင် မြန်မာနိုင်ငံကို ကူညီပေးနေတဲ့ သက်ဆိုင်ရာအစိုးရ အဖွဲ့တွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ပြီးတော့မှ သူတို့အနေနဲ့ စစ်ကောင်စီအုပ်စုကို အသိအမှတ်မပြုဖို့နဲ့ မည်သည့်နည်းနဲ့မှ ပူးပေါင်း ဆောင်ရွက်ခြင်းမလုပ်ဖို့ကို တောင်းဆိုမယ်။ စည်းရုံး လှုံ့ဆော်မှုတွေ လုပ်မယ်။ အခုလောလောဆယ်မှာဆိုရင် cross-border humanitarian (နိုင်ငံတကာအကူအညီ) ပေးထားပြီးသား အစိုးရတွေ ရှိတယ်။ အဲ့ဒီအစိုးရတွေကိုလည်း ဆက်ပေးဖို့နဲ့ မပေးရသေးတဲ့အစိုးရတွေကိုလည်း ပေးလာအောင် ဆက်လက် တိုက်တွန်းသွားဖို့ရှိပါတယ်။”

အခုဆိုရင် ကျမတို့ကြားတာ ဒီလ ၁၇ ရက်နေ့က ညီညွတ်သောအစိုးရ ဝန်ကြီးတွေ အစိုးရအဖွဲ့အစည်းအဝေး ခေါ်တယ်လို့လဲ ကျမတို့ကြားတယ်။ တချို့ ဝန်ကြီးဌာနတချို့ကလည်း သူတို့ သက်ဆိုင်ရာဌာနအလိုက် အစည်းအဝေးတွေ ခေါ်ပြီးတော့ လုပ်ငန်းတွေ ဆွေးနွေးကြတယ်လို့ ပြောတယ်။ ဆိုတော့ အခု လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန အနေနဲ့ရော ဆွေးနွေးမှုတွေ၊ လုပ်ငန်းတွေ စတင်နေပါပြီလား။

“ဟုတ်ကဲ့။ စတင်နေပါပြီ။ ကျမတို့ ရေတိုရေရှည် လုပ်ငန်း အစီအစဉ်တွေ ရေးဆွဲပြီးတော့မှ အခုဆိုလို့ရှိရင် ရှေ့မှာ ၁ လအတွင်း လုပ်ဆောင်ရမယ့် အရာတွေ၊ ၃ လအတွင်း လုပ်ဆောင်ရမယ့် အရာတွေ၊ ၆ လအတွင်း လုပ်ဆောင်ရမယ့်အရာတွေ အားလုံးကို ရေးဆွဲ ချထားပြီးပါပြီ။ ဥပမာဆိုရင် ဒီတလအတွင်းမှာဆိုရင် ကျမတို့အပြီးလုပ်ဆောင်ရမယ့် အချက်တွေရှိတယ်။ အဲ့ဒီအထဲမှာ သက်ဆိုင်ရာနိုင်ငံအလိုက် အကူအညီပေးနေတဲ့ အစိုးရအဖွဲ့တွေနဲ့ ဆက်တိုက်တွေ့ဖို့ ရှိတယ်။ ပြီးတော့မှ တိုင်းရင်းသားဒေသ အသီးသီးမှာ လူသားချင်း စာနာကူညီးပေးနေတဲ့ CBO (Cross-broder organization) ၊ CSO (Civil society organization) တွေနဲ့လည်း ဆက်တိုက်တွေ့ဖို့ရှိတယ်။ ပြီးတော့မှ လတ်တလော အကူအညီတွေ လိုအပ်နေတဲ့ CDM လုပ်တဲ့သူတွေရော စစ်ဘေးရှောင်တွေအတွက်ရော နည်းလမ်းတွေရှာပြီးတော့မှ ကူညီဖို့အတွက် အစီအစဉ်တွေ ရှိပါတယ်။ ရေရှည်မှာဆိုရင်တော့ ကျမတို့က အကူအညီလိုအပ်နေတဲ့ လူထုတွေ အတွက် လူသားချင်းဆိုင်ရာ လုံခြုံမှုပေါ့။ human security ကို အပြည့်အဝ ရရှိဖို့အတွက် အစီအစဉ်တွေ လုပ်ငန်းစဉ်တွေကို ချပြီးတော့မှအကောင်အထည် ဖော်သွားဖို့ရှိပါတယ်။”

အခုအချိန်မှာ အာဏာသိမ်းထားတဲ့ စစ်တပ်က ဆန္ဒပြတဲ့သူတွေကို ပစ်ခတ် သတ်ဖြတ်တာတွေ၊ နှိပ်စက်ညှင်းပမ်း ဖမ်းဆီးတာတွေ ရှိနေတယ်။ စစ်တပ်ကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုမှန်သမ ျှကို နှိပ်ကွပ်တာတွေ ရှိနေတဲ့အခါကျတော့ အခုလို စစ်အာဏာသိမ်းထားတဲ့ အခင်းအကျင်း အခြေအနေတခုအောက်မှာ ကိုယ်က ဒီတာဝန်ကို ထမ်းဆောင်ရတာဖြစ်တဲ့အတွက် အကန့်အသတ် အတားအဆီးတွေ၊ အခက်အခဲ စိန်ခေါ်မှုတွေရော ဘာတွေများ ရှိနေနိုင်မလဲ။

“အခက်အခဲ စိန်ခေါ်မှုတွေကတော့ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် ဒုက္ခသည်တွေ၊ စစ်ဘေးရှောင်တွေကို အကူအညီပေးဖို့အတွက် နယ်စပ်ကိုဖြတ်ကျော်ပြီးသား လူတွေက သက်ဆိုင်ရာနိုင်ငံက အစိုးရတွေက တရားဝင် ခွင့်မပြုဘူးဆိုလို့ရှိရင် ကျမတို့က လိုအပ်တဲ့အကူအညီတွေကို ပေးဖို့အတွက် အများကြီးအခက်အခဲ ရှိပါတယ်။ အဲ့ဒါကတော့ လုပ်ငန်း လက်တွေ့ လုပ်ဆောင်တဲ့နေရာမှာ စိန်ခေါ်မှုပေါ့နော်။ ပြည်တွင်းမှာဆိုရင်လဲ CDM လုပ်နေတဲ့ မိသားစုတွေကို အကူအညီပေးဖို့အတွက် ငွေလွှဲတာကအစ အခက်အခဲတွေ အများကြီး ရှိပါတယ်။”

ဆိုတော့ အခက်အခဲတွေကတော့ ရှိတယ်။ ဒါတွေကို လက်တွေ့လုပ်ဆောင်တဲ့နေရာမှာ ဒီအခက်အခဲတွေကို ဘယ်လို အကောင်းဆုံး ကျော်လွှားပြီး လုပ်ဆောင်နေတယ်လို့ရော ပြောလို့ရပါမလဲရှင့်။

“အခက်အခဲတွေကိုကတော့ - ဒီအလုပ်က ကျမတို့ဌာနတခုတည်းနဲ့ လုပ်လို့ရတဲ့အလုပ်မျိုး မဟုတ်ဘူး။ ပြီးတော့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေနဲ့ ပတ်သက်ပြီးတော့မှ တိုင်းရင်းသားဒေသတွေမှာလဲ အုပ်ချုပ်ရေး ယန္တရားရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတဲ့နေရာတွေ ရှိတယ်။ အဲ့ဒီတော့ အဲ့ဒီနယ်မြေတွေမှာဆိုရင် လူသားချင်းစာနာမှု အကူအညီတွေကို လက်ရှိထောက်ပံ့နေတဲ့ အဖွဲ့တွေ အများကြီးရှိတယ်ပေါ့နော်။ CBO တွေ၊ CSO တွေ ရှိမယ်။ NGO ၊ INGO တွေ ရှိမယ်။ ဆိုတော့ သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်ပြီးတော့မှ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အတူတကွ ဖြေရှင်းပြီးတော့ သူတို့နဲ့ အတူ ရတဲ့အနေအထားမှာ ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် လူထုတွေဆီကို အကူအညီ ထိထိရောက်ရောက် ပေးနိုင်ဖို့အတွက် အကောင်းဆုံး ကြိုးစားနေပါတယ်။”

ဟုတ်ကဲ့။ ကျမ နောက်တခု မေးချင်တာက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ MRTV ကနေ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီက ပြောသွားတာတခု ရှိပါတယ်။ အခုဖွဲ့စည်းလိုက်တဲ့ NUG ဟာ စင်ပြိုင်အစိုးရတရပ် ဖြစ်တယ်လို့ သူတို့ပြောသွားပါတယ်။ သူတို့ပြောသလိုပဲ NUG က စင်ပြိုင်အစိုးရလား။ ဒီအပေါ်မှာ အခု NUG ရဲ့ ဒုဝန်ကြီးတယောက်အနေနဲ့ ဘယ်လိုများ တုံ့ပြန်ချင်ပါသလဲရှင့်။

“စစ်ကောင်စီအုပ်စုက ဘယ်လိုပဲပြောပြော ကျမတို့ NUG က ပြည်သူလူထုရဲ့ ထောက်ခံမှုကို အပြည့်အဝ ရရှိထားတဲ့အစိုးရဖြစ်တယ်။ ကျမတို့သာလ ျှင် တရားဝင်အစိုးရ ဖြစ်တာကို လူထုတွေလဲသိတယ်။ နိုင်ငံတကာကလည်း သိပါတယ်။ ဒီစစ်ကောင်စီက သူတို့ကိုယ်သူတို့ အစိုးရလို့ ပြောတာက တကယ်တမ်းကျတော့ တော်တော်လေးကို ရီစရာကောင်းတဲ့ကိစ္စပေါ့နော်။ သူတို့က တိုင်းပြည်ရဲ့အာဏာကို လက်နက်သုံးပြီးတော့မှ မတော်မတရား ရယူထားတယ်။ ဘယ်သူမှလဲ သူတို့ကို အသိအမှတ်မပြုဘဲနဲ့ သူတို့ကိုယ်သူတို့ အစိုးရလို့ ခေါ်တာကတော့ ကျမထင်တယ်။ အဲ့ဒါ အရမ်းပဲ ရှက်စရာကောင်းပါတယ်။”

အသစ်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပေါ်မှာ မြန်မာပြည်သူတွေ ကတော့ အင်မတန်ကို ထောက်ခံနေကြတာ တွေ့ရတယ်။ နိုင်ငံတကာမှာဆိုရင်လည်း ထောက်ခံဆန္ဒပြပွဲတွေ အများကြီးလုပ်ကြတယ်။ ပြည်တွင်းမှာဆိုရင်လည်း ထောက်ခံကြောင်းကို ဆန္ဒပြပွဲတွေမှာ ဆိုင်းဘုတ်တွေနဲ့ ကိုင်ပြီး လုပ်ကြတာတွေ အများကြီးရှိတယ်။ ဆိုတော့ ဒီလို ကြားကာလ အခုလို ဖွဲ့စည်းလိုက်တဲ့ အစိုးရအပေါ်မှာ ထောက်ခံအားပေးနေတဲ့ ပြည်သူတွေကိုရော တစုံတရာ ဘာများပြောချင်ပါသလဲ။

“ကျမကိုယ်တိုင်က ဒီစစ်အာဏာရှင်စနစ်အောက်မှာ ကြီးပြင်းလာတဲ့ တိုင်းရင်းသားဒေသမှာ မွေးဖွားလာတဲ့သူ တယောက် ဖြစ်တော့ ဒီစစ်အာဏာရှင်အောက်မှာ နေရတဲ့ ဒုက္ခဆင်းရဲကို ကျမ သိတယ်။ အဲ့ဒီတော့ ဒီဒုက္ခဆင်းရဲကို ကျမ ခံရပြီးတဲ့နောက်မှာ ကျမ ဘယ်သူကိုမှလဲ ဒီဒုက္ခဆင်းရဲကို မခံစားစေချင်ဘူး။ နောက်မျိုးဆက် ဘယ်သူ့ကိုမှ ဒီဒုက္ခရဲ့ဒဏ်ကို မခံစားစေချင်ဘူး။ ဆိုတော့ ပြည်သူတွေက NUG အစိုးရအပေါ်မှာ ထောက်ခံအားပေးတာက သူတို့အနေနဲ့က ဒီစစ်အာဏာရှင်ရဲ့ မကောင်းတဲ့ဆိုးကျိုးတွေကို သူတို့က ကောင်းကောင်းသိတယ်။ အဲ့ဒါကြောင့်မိုလို့ နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာပြည်သားတွေရော၊ အထူးသဖြင့် မြန်မာပြည်တွင်းမှာရှိနေတဲ့ ပြည်သူပြည်သားတွေက သူတို့ရဲ့အသက်အန္တရာယ်ကို မမှုဘဲနဲ့ NUG အစိုးရကို ထောက်ခံတာက ကျမတို့အတွက် ခွန်အား အများကြီး ဖြစ်စေတယ်။ အဲ့ဒီခွန်အားနဲ့ပဲ ကျမတို့တွေ အားလုံး လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ရရှိဖို့အတွက် ကြိုးစားလုပ်ဆောင်သွားပါမယ်။”

ဟုတ်ကဲ့ပါ။ အခုဆိုရင် ဖွဲ့စည်းလိုက်တဲ့ NUG အစိုးရထဲမှာပဲဖြစ်ဖြစ်၊ ဒီကနေ့ မြန်မာနိုင်ငံအတွင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာဆိုရင်လည်း အမျိုးသမီးတွေ အများအပြားကို ရှေ့တန်းမှာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဖက်ဒရယ် ဒီမိုကရေစီအစိုးရ ဖြစ်လာရင် အမျိုးသမီးတွေအတွက် အနာဂတ်ဟာ ပိုပြီးတော့ ကောင်းလာမယ်လို့ရော မေ ျှာ်လင့်ပါသလား။ ဒီအပေါ် အလားအလာနဲ့ ပတ်သက်လို့ရော ဘယ်လိုများ မှန်းဆမိပါလဲ။

“ဟုတ်ကဲ့။ တကယ်တမ်းကျတော့လေ ကျမတို့နိုင်ငံမှာ လူငယ်တွေ၊ အမျိုးသမီးတွေက အရင်ကတည်းကရော အခုအချိန်မှာရော နောင်အနာဂတ်မှာပါ ကျတဲ့နေရာမှာ၊ အောက်ခြေမှာပဲဖြစ်ဖြစ် နေရာအသီးသီးမှာ အမြဲတမ်း အရှေ့ကနေ ပါဝင်လုပ်ဆောင်နေကြတဲ့ လုပ်ရည်ကိုင်ရည် အရည်အချင်းရှိကြတဲ့ လူတွေဖြစ်ပါတယ်။ အဲ့ဒီတော့ အဲ့ဒီလို လုပ်ဆောင်မှုတွေကို သက်ဆိုင်ရာ ခေါင်းဆောင်တွေက အသိအမှတ်ပြုမှုနဲ့ နေရာပေးမှု၊ ခေါင်းဆောင်မှုနေရာ ပေးမှုပဲ လိုအပ်ပါတယ်။ ဒီတော့ ကျမက အခု ဒုတိယဝန်ကြီး ခန့်အပ်ခြင်းခံရတယ် ဆိုတာဟာ NUG အစိုးရက အမျိုးသမီးတွေ၊ လူငယ်တွေရဲ့ လုပ်နိုင်စွမ်းကို အသိအမှတ်ပြုတဲ့သဘောပဲ ဖြစ်ပါတယ်။ ဒီတော့ နောင်လာမယ့် ဖက်ဒရယ်ဒီမိုကရေစီအစိုးရတွေမှာ အမျိုးသမီးတွေ လူငယ်တွေရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို အသိအမှတ်ပြုပြီးတော့မှ နေရာတွေပေးဖို့၊ ဦးဆောင်ခွင့်ပေးဖို့အတွက် မေ ျှာ်လင့်ပါတယ်။ အဲ့လိုပါမှပဲ တိုင်းပြည်အတွက် လိုအပ်တဲ့ တိုးတက်မှုတွေ ရရှိမှာဖြစ်ပါတယ်။”

အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။

“ဟုတ်ကဲ့။ ကျေးဇူးအများကြီးတင်ပါတယ်။”

တိုက်ရိုက် လင့်ခ်

================================

[Unicode Version]





















XS
SM
MD
LG