ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တွေရဲ့ ၅ ရက်မြောက်နေ့အဖြစ် ရုရှားနိုင်ငံမှာ ဒီကနေ့ ဆက်လက် ကျင်းပတာမှာ မကြာသေးခင် မိနစ်ပိုင်းအတွင်းက ပြီးဆုံးသွားတဲ့ အုပ်စု (F) က ဆွီဒင်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ ပွဲစဉ်မှာ ဆွီဒင်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မကြာခင် မိနစ်ပိုင်းအတွင်း ကစားမယ့် ဒုတိယ ပွဲစဉ်မှာတော့ အုပ်စု (G) က ဘယ်ဂျီယံနဲ့ ပနားမားအသင်းတို့ ယှဉ်ပြိုင်ကြမှာပါ။ ဒီကနေ့အတွက် နောက်ဆုံးပွဲစဉ်ကိုတော့ အုပ်စု (G) ကဘဲ တူနီးရှားနဲ့ အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
မနေ့က ကစားတဲ့ လက်ရှိချန်ပီယံ ဂျာမနီနဲ့ မက္ကဆီကိုပွဲစဉ်မှာတော့ မက္ကဆီကိုအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဂျာမနီအသင်း ပွဲဦးထွက်မှာ အခုလို မက္ကဆီကိုအသင်းကို ရှုံးခဲ့တာကြောင့် ဘောလုံးလောကအတွက် အံ့အားသင့်စရာ ဖြစ်သွားခဲ့ပါတယ်။ ဂျာမနီအသင်း ခြေပေါ်အောင် ကောင်းကောင်း ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။
ဒီနှစ်မှာ ချန်ပီယံဖြစ်မယ်လို့ တစ်ပေးခံထားရတဲ့ အသင်းတသင်းဖြစ်တဲ့ ဘရာဇီးအသင်းဟာလည်း မနေ့က ဆွစ်ဇာလန်အသင်းနဲ့ ၁ ဂိုးစီ သရေဖြစ်သွားခဲ့ပါတယ်။ ဘရာဇီးအသင်းအနေနဲ့ အကွက်ကျကျ၊ သွက်သွက်လေး တဖက်အသင်းကို ဖိကစားနိုင်ခဲ့ပေမယ့် အနိုင်ဂိုးကို ထပ်မသွင်းနိုင်ခဲ့ပါဘူး။
အခုနှစ်မှာကစားခဲ့တဲ့ အုပ်စု ပထမ ပွဲဦးထွက် ကစားပွဲတွေမှာ နာမည်ကြီးအသင်းတွေ ရှုံးတဲ့အသင်းကရှုံး၊ သရေကျတဲ့အသင်းကကျ ဖြစ်နေတာကြောင့် ထိပ်တန်းအသင်းတွေ ကံခေတဲ့နှစ်ဖြစ်မလားဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။