သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာမည်ကြီး ဘရာဇီးလ် သရေကျ၊ လက်ရှိချန်ပီယံ ဂျာမနီ ရှုံးပွဲကြုံ


ပွဲအပြီး စိတ်ပျက်လက်ပျက် ကွင်းထဲမှထွက်သွားသည့် ဘရာဇီးလ်အသင်းသားတချို့။ ၁၇ ဇွန် ၂၀၁၈။
ပွဲအပြီး စိတ်ပျက်လက်ပျက် ကွင်းထဲမှထွက်သွားသည့် ဘရာဇီးလ်အသင်းသားတချို့။ ၁၇ ဇွန် ၂၀၁၈။

ဇွန်လ ၁၇ ရက်နေ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စု E က နာမည်ကျော် ဘရာဇီးလ်နဲ့ ဆွစ်ဇာလန်တို့ပွဲမှာ တဘက် ၁ ဂိုးစီနဲ့ သရေကျသွားပါတယ်။

ဘရာဇီးလ်အသင်းဟာ ပထမပိုင်း မိနစ် ၂၀ မှာကတည်းက Coutinho ရဲ့ အဖွင့်ဂိုးနဲ့ တောက်လျှောက် ဦးဆောင်ကစားလာတာ ပါ။ ဆွစ်ဇာလန်ဘက်က ခေါင်းတိုက်ဖျက်ထုတ် လိုက်တဲ့ ဘောလုံးကိုရတဲ့ Coutinho က ဂိုးစည်းအပြင် ခပ်လှမ်းလှမ်းကနေ အပြင်းကန် သွင်းပြီး ဂိုးရတာဖြစ်ပါတယ်။

Coutinho သွင်းယူသည့် ဘရာဇီးလ်အတွက် အဖွင့်ဂိုး။ ၁၇ ဇွန် ၂၀၁၈။
Coutinho သွင်းယူသည့် ဘရာဇီးလ်အတွက် အဖွင့်ဂိုး။ ၁၇ ဇွန် ၂၀၁၈။

ဘရာဇီးလ်အသင်းဟာ ဒုတိယပိုင်း စစချင်းမှာ ထိထိရောက်ရောက် တိုက်စစ်ဆင်မကစား ဘဲ နှေးကွေးနေတဲ့အချိန် ဆွစ်ဇာလန် အသင်းက မိနစ် ၅၀ မှာရတဲ့ ဒေါင့်ကန်ဘောကို ကျောနံပါတ် ၁၄ Zuber အပိုင် ခေါင်းတိုက်သွင်းပြီးတော့ ချေပဂိုး ရသွားတာပါ။

ဘရာဇီးလ်နှင့်ပွဲတွင် ချေပဂိုးကို ခေါင်းတိုက်သွင်းယူနေသည့် ဆွစ်ဇာလန်အသင်းမှ နံပါတ် ၁၄ Zuber ။ ၁၇ ဇွန် ၂၀၁၈
ဘရာဇီးလ်နှင့်ပွဲတွင် ချေပဂိုးကို ခေါင်းတိုက်သွင်းယူနေသည့် ဆွစ်ဇာလန်အသင်းမှ နံပါတ် ၁၄ Zuber ။ ၁၇ ဇွန် ၂၀၁၈

နောက်ပိုင်းပွဲချိန်တလျှောက် ဘရာဇီးလ်က အများအားဖြင့် တိုက်စစ်ဆင်ပြီး ဂိုးသွင်းခွင့် အတော်များများလည်း ရပေမဲ့ ဆွစ်ဇာလန်ဂိုးသမား Sommer လက်စွမ်းပြ ကာကွယ် သွားနိုင်တာကြောင့် နာမည်ကျော် ဘရာဇီးလ်အသင်း အဖွင့်ပွဲမှာ အနိုင်ရလဒ်နဲ့လွဲပြီး သရေနဲ့ပဲ ကျေနပ်လိုက်ရတာပါ။

ဒီနှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲမယ်လို့ ရေပန်းစားတဲ့ထဲ ထိပ်ဆုံးကပါတဲ့ အုပ်စု F က လက်ရှိ ချန်ပီယံ ဂျာမနီအသင်းဟာလည်း ဘယ်သူမှ ထင်မှတ်မထားဘဲ မက္ကဆီကိုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးသွားပါတယ်။

နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင်ကစားတဲ့ ပွဲကောင်း တကောင်းဖြစ်ပြီး နှစ်ဖက်လုံး အခွင့်အရေးတွေ ရကြတဲ့ ထဲမှာ မက္ကဆီကိုက အပိုင် အသုံးချသွားနိုင်တဲ့အချိန် အနိုင်ဂိုးကို ရသွားတာပါ။ မက္ကဆီကိုအသင်းအတွက် ဂိုးကိုတော့ Lozano က ပထမပိုင်း ၃၅ မိနစ်မှာ ကန်သွင်းယူတာဖြစ်ပါတယ်။

ဂျာမနီဂိုးသမား Neuer မတားဆီးလိုက်နိုင်သည့် မက္ကဆီကိုအသင်းမှ Lozano သွင်းယူလိုက်သည့်ဂိုး။ ၁၇ ဇွန် ၂၀၁၈။
ဂျာမနီဂိုးသမား Neuer မတားဆီးလိုက်နိုင်သည့် မက္ကဆီကိုအသင်းမှ Lozano သွင်းယူလိုက်သည့်ဂိုး။ ၁၇ ဇွန် ၂၀၁၈။

အုပ်စု E ကပဲ ကော်စတာ ရီကာနဲ့ ဆားဘီးယားပွဲမှာ ဆားဘီးယားက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပါတယ်။ ဆားဘီးယားအတွက် တလုံး တည်းသော အနိုင်ဂိုးကို အသင်းခေါင်းဆောင် တိုက်စစ်မှူး Aleksandar Kolarov က ၅၆ မိနစ်မှာရတဲ့ ပြစ်ဒဏ်ဘောကို တိုက်ရိုက် ကန်သွင်း ယူသွားတာပါ။

Aleksandar Kolarov ကန်သွင်းယူသည့် ဆားဘီးယားအတွက် တလုံးတည်းသော အနိုင်ဂိုး။ ၁၇ ဇွန် ၂၀၁၈။
Aleksandar Kolarov ကန်သွင်းယူသည့် ဆားဘီးယားအတွက် တလုံးတည်းသော အနိုင်ဂိုး။ ၁၇ ဇွန် ၂၀၁၈။

အုပ်စု E ရဲ့ နောက်လာမယ့် ပွဲစဉ်တွေအဖြစ် ဇွန်လ ၂၂ ရက်နေ့မှာ ဘရာဇီးလ်နဲ့ ကော်စတာ ရီကာ၊ ဆားဘီးယားနဲ့ ဆွစ်ဇာလန် တို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

အုပ်စု F အနေနဲ့တော့ ဇွန်လ ၁၈ ရက် တနင်္လာနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှာ ဆွီဒင်နဲ့ တောင်ကိုရီးယားတို့ ကစားကြ မှာဖြစ်ပြီး ဇွန်လ ၂၃ ရက်နေ့မှာ ဂျာမနီနဲ့ ဆွီဒင်၊ တောင်ကိုရီးယားနဲ့ မက္ကဆီကိုတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

တနင်္လာနေ့ပွဲစဉ်တွေကတော့ ဆွီဒင်နဲ့ တောင်ကိုရီးယားအပြင် မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ အုပ်စု G က ဘယ်လ်ဂျီယမ်နဲ့ ပနားမား၊ အင်္ဂါနေ့ကူးအပြီး ၁၂ နာရီခွဲမှာ တူနီးရှားနဲ့ အင်္ဂလန်တို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG