သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ငလျင်ဘေး ကြိုတင်ပြင်ဆင်မှု UNDP နဲ့ ပူးပေါင်းဆောင်ရွက်


သမိုင်းဝင်အဆောက်အဦးတွေရှိပြီး လူနေထူထပ်တဲ့ ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာ ငလျှင်အန္တရာယ်ရှိတာကြောင့်၊ ငလျှင်ဘေးဒဏ် ကြိုတင်ကာကွယ်ရေးနဲ့ အန္တရာယ်ဖြစ်လာရင် အကောင်းဆုံးတုန့်ပြန်နိုင်ဖို့ ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ် UNDP နဲ့ မြန်မာအစိုးရတို့ ပူးပေါင်းပြီး စီမံချက်တရပ် ရေးဆွဲဆောင်ရွက်နေပါပြီ။ ဒီ အခြေအနေနဲ့ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ကိုထက်အောင်ခန့်က စုံစမ်းမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

ပဲခူးငလျင်ကြောနဲ့ အနည်းငယ်သာ ကွာဝေးတဲ့ ရန်ကုန်မြို့မှာ သဘာဝဘေးအန္တရာယ် ငလျင်ဒဏ် ကြုံတွေ့ လာတဲ့အခါမှာ ကြိုတင်ပြင်ဆင်တုံ့ပြန်နိုင်ဖို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နဲ့ အစိုးရတို့ ပူးပေါင်းပြီး စီမံချက်တခုကို ရေးဆွဲနေပါတယ်။

UNDP အနေနဲ့ ပြည်ထောင် စုအဆင့် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပြီး အခုလို ငလျင် ကြိုတင်ပြင်ဆင် တုံ့ပြန်ရေး စီမံချက်ရေးဆွဲတာဟာ လူနေထူထပ်ပြီး ရှေးခေတ်သမိုင်းဝင် အဆောက်ဦးတွေရှိတဲ့ ရန်ကုန်မြို့အတွက် လိုအပ်တယ်ဆို့ UNDP က Sustainable and inclusive Growth အဖွဲ့ခေါင်းဆောင် Mr.Biplove Choudhary က အခုလို ပြောပါတယ်။

"အားလုံးသိတဲ့အတိုင်းပဲ ရန်ကုန်မြို့ဟာ အရေးပါတဲ့ သမိုင်းဝင်အဆောက်အဦးတွေပိုင်ဆိုင်တဲ့မြို့ပါ။ ပြီးတော့ လူနေမှုလည်းထူထပ်တယ်ဆိုတော့ တိုက်တာအဆောက်အဦးတွေကလည်း တဖြေးဖြေး တိုးပွားလာနေပါတယ်။ မြန်မာနိုင်ငံက ငလျင်ကြောပေါ်မှာရှိတာဆိုတော့ ရန်ကုန်လိုလူနေမှုထူထပ်ပြီး သမိုင်းဝင်အဆောက်အဦးတွေအများကြီးရှိတဲ့မြို့မှာ ကဏ္ဍအလိုက် ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ဖို့နဲ့ အကောင်းဆုံးတုံ့ပြန်နိုင်ဖို့က အရေးကြီးပါတယ်။ ဒါကြောင့်အစိုးရရဲ့ ငလျင်အန္တရာယ်တုံပြန်ရေး ဆောင်ရွက်ချက်မှာ ကုလသမဂ္ဂအနေနဲ့ နည်းလမ်းမျိုးစုံနဲ့ ပါဝင်ကူညီနေတာပါ။ "

တိုင်းဒေသကြီးအဆင့် ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရေးနဲ့ တုံ့ပြန်ရေးစီမံချက်ကို UNDP က နည်းပညာပိုင်းကူညီပြီး EU လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုများ ဆိုင်ရာ အကူအညီ ပေးရေး အဖွဲ့ အစည်း (ECHO) က ငွေကြေးထောက်ပံ့ပါတယ်။ အစိုးရဖက်ကဆို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနက ပူးပေါင်းပြီး စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဟာ ငလျင်အန္တရာယ် ကျရောက်နိုင်ခြေ များစွာရှိတယ်လို့ ပညာရှင်နဲ့ ကျွမ်းကျင်သူတွေက ခန့်မှန်း ထားကြပါတယ်။ ဒါ့အပြင်တခြားသဘာ၀ ဘေးအန္တရာယ်များအတွက်လည်း ကြိုတင်ပြင်ဆင် တုံ့ပြန်ရေး အစီအမံများ ဆောင်ရွက် ထားတယ်လို့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဆိုပါတယ်။

" လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှု ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏ နည်းပညာပိုင်း ပံ့ပိုးကူညီမှုဖြင့် ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီဌာနမှ တိုင်းဒေသကြီးအဆင့် ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး စီမံချက်ရေးဆွဲခြင်း အား ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ငလျင်အတွက်သာမက အခြားသော သဘာဝဘေးအန္တရာယ်များ အတွက်လည်း ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးအစီအမံများကို ကျွမ်းကျင်သူ ပညာရှင်များ အဖွဲ့အစည်းများ၏ အကူအညီဖြင့် ဆောင်ရွက်လျက် ရှိပါတယ်။"

ရန်ကုန်မြို့ အဆောက်အဦးတွေကို ပညာရှင်တွေက တိုင်းတာကြည့်ရာမှာ ကြံ့ခိုင်မှု မပြည့်ဝဘဲ အဲ့အဆောက် အဦးတွေထဲမှာ ဌာနဆိုင်ရာ အဆောက်အဦးတွေလည်း ပါဝင်နေတယ်လို့ တိုင်းဒေသကြီး သဘာဝဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးဌာန ဦးစီးမှုး ဦးဝင်ရွှေက ဆိုပါတယ်။

"အခုလက်ရှိ ရန်ကုန်မှာ ဘယ်လောက်ထိတောင် ခိုင်ခံ့မလည်းဆိုတာ ဘယ်လိုမှ တွက်လို့မရဘူး။ မြန်မာနိုင်ငံ မြေငလျင် ကော်မတီတို့ အင်ဂျင်နီယာအသင်းတို့ Un habitat တို့ YCDC တို့ ပေါင်းပြီးတော့မှ ပြီးခဲ့တဲ့နှစ်က Building Assessment အလုံး ၆၀ လောက်လုပ်တယ်။ အဲ့အလုံး ၆၀ ကို ဒီပညာရှင်တွေ သူတို့ Myanmar National Building Code ကြီးကို ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ Un habitat တို့ လုပ်ထားတာပေါ့နော်။ အဲ့ code ကြီးနဲ့ သူ့စံနှုန်းနဲ့ တိုင်းလိုက်တဲ့အခါကျတော့ အကုန်လုံးက Level ရဲ့အောက်မှာပဲရှိတယ်။ ၆၀ လောက်ပဲရှိတယ်။ အဲ့ထဲမှာ ဘယ်ဟာတွေပါလည်းဆိုတော့ ကျွန်တော်တို့ အစိုးရ မီးသတ်အဆောက်အဦး ပါတယ်။ ကျွန်တော့်ကယ်ဆယ်ရေးကဆို ဂိုထောင် ၂ လုံးပါတယ်။ ဂိုထောင် ၂ လုံးက Red Colour ပြန်ပြင်လို့ တောင်မရဘူး ဖြိုချရမယ့်ဟာမျိုးပေါ့ အဲ့လိုမျိုးဖြစ်တဲ့အတွက် ဒါကကျွန်တော်တို့ လက်ရှိကြုံတွေ့နေရတဲ့ ပြသာနာပေါ့။"

ဒီစီမံချက်ကို ငလျင်ရန်ကုန် မန္တလေး စစ်ကိုင်း ပဲခူးတိုင်း ကချင်ပြည်နယ် ချင်းပြည်နယ်တို့မှာ ရေးဆွဲ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီစီမံချက်ရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့မှာ ပထမဆုံး ပြုလုပ်သွားပြီး နောက်ထပ် ဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
မြန်မာ့ ငလျင်ဒဏ်ကာကွယ်ရေး ပြင်ဆင်မှု စီမံချက်
please wait

No media source currently available

0:00 0:04:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG