သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ယုံကြည်ရလောက်တဲ့ စုံစမ်းမှုမရှိသေး - ကုလအကြီးအကဲ


ရခိုင်မြောက်ပိုင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ စုံစမ်းစစ်ဆေး အရေးယူမယ်လို့ ပြောနေပေမယ့်၊ ဒီဆောင်ရွက်ချက်တွေအပေါ် ယုံကြည်စိတ်ချရမှုမရှိသေးဘူးလို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Zeid Al Hussein က ဝေဖန်ပြောကြားလိုက်ပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာလည်း လူ့အခွင့်အရေးစောင့်ကြည့်စစ်ဆေးခွင့်တွေမရှိပဲ မဖြစ်နိုင်ဘူးလို့ ထောက်ပြပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက ပြောပြမှာပါ။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအချို့ဟာ ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးမှုတွေကို လက်သင့်မခံတဲ့အပေါ် ဒီကနေ့ ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးဖွင့်ပွဲမှာ လူ့အခွင့်အရေးဆိုင်ရာ ကုလ မဟာမင်းကြီးက ဝေဖန်ရှုတ်ချခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း ရခိုင်ပြည်နယ်မှာသာမက ကချင်နဲ့ ရှမ်းပြည်အထိပါ လူ့အခွင့်အရေးချိုးဖောက်တွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်ဆိုပြီး ကုလ မဟာမင်းကြီး Zeid Al Husseinက သူ့ မိန့်ခွန်းထဲ ထည့်ပြောပါတယ်။

“ လူ့အခွင့်အရေးကောင်စီအနေနဲ့ သတိပြုမိပါလိမ့်မယ်၊ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ရိုဟင်ဂျာတွေဟာ လူမျိုးနွယ်စုတစုအနေနဲ့ ပစ်မှတ်ထားခံရပြီး အစီအစဉ်တကျ ကျယ်ကျယ်ပြန့်ပြန့် အတိုက်ခိုက်ခံနေရတယ်ဆိုတာပါ။ ဥပဒေစံနှုန်းသတ်မှတ်ချက်အရဆိုရင်တော့ Genocide မျိုးဖြုတ်သတ်ဖြတ်မှုအထိ ဖြစ်နိုင်ချေရှိနေပါတယ်။ ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာဆိုရင်လည်း မနှစ်အောက်တိုဘာလကတည်းက ပဋိပက္ခတွေက တိုးမြင့်လာပါတယ်။ ဥပဒေလက်လွတ်သတ်ဖြတ်မှုတွေ၊ ပျောက်ဆုံးမှုတွေ၊ လူမဆန်စွာညှဉ်းပန်းနှိပ်စက်ခံရမှုတွေ၊ လိင်အကြမ်းဖက်မှုတွေ၊ အတင်းအဓမ္မလုပ်အားပေးစေခိုင်းမှုတွေ၊ ကလေးစစ်သား အတင်းအကြပ်စုဆောင်းမှုတွေ၊ လုံခြုံရေးတပ်ဖွဲ့တွေ လက်နက်ကိုင်တွေအကြား ပဋိပက္ခအတွင်း အင်အားမမျှတသုံးတာ ဒါမှမဟုတ် အရပ်သားတွေပါမညှာ မဲမဲမြင်ပစ်ခတ်တာ စသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုတာတွေ ကြားသိနေရပါတယ်။”

ကချင်နဲ့ ရခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးအခြေအနေတွေကို စုံစမ်းဖို့ ကုလ လူ့အခွင့်အရေးကောင်စီက အချက်အလက်စုဆောင်းရေးအဖွဲ့ကို ဖွဲ့ခဲ့ပေမယ့် မြန်မာအစိုးရက အဲဒီအဖွဲ့ကို ပြည်ဝင်ခွင့်မပေးခဲ့ပါဘူး။ ဒါ့အပြင် လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ကိုလည်း အစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုရပ်ထားပြီး နိုင်ငံတွင်းဝင်ရောက်စစ်ဆေးခွင့်တွေမပေးတော့ပါဘူး။ အစိုးရအနေနဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဖက်က သွားရောက်စစ်ဆေးတာမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာက စွတ်စွဲနေသလို အစီအစဉ်တကျလူ့အခွင့်အရေးချိုးဖောက်တာမျိုးမဟုတ်ပဲ၊ လုံခြုံရေးတာဝန်ရှိသူတဦးချင်း ကျူးလွန်တဲ့ပြစ်မှုတွေပဲ တွေ့ရတယ်လို့ သုံးသပ်ထားပါတယ်။ ကုလ မဟာမင်းကြီး Zeid ကတော့ မြန်မာဖက်က အခုလို စုံစမ်းမှုတွေမှာ ခုအချိန်အထိ နိုင်ငံတကာလက်ခံယုံကြည်လို့ရတဲ့ အနေအထားမျိုးမရှိသေးဘူးလို့ အခု အစည်းအဝေးမှာ ပြောသွားပါတယ်။

“ မြန်မာအစိုးရအနေနဲ့ ဒီ စွတ်စွဲချက်တွေကို စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို အပြစ်ပေးအရေးယူမယ်လို့ ပြောနေပေမယ့်လည်း၊ ဒီစုံစမ်းမှုတွေမှာ ယုံကြည်စိတ်ချရမှုနဲ့ လွတ်လပ်မှုဆိုတဲ့ အနိမ့်ဆုံးစံသတ်မှတ်ချက်တွေတောင် မရှိပါဘူး။ နိုင်ငံတကာစုံစမ်းမှုတွေကို ငြင်းနေတာကြောင့် လူ့အခွင့်အရေးဆိုင်ရာ ကုလမဟာမင်းကြီးရုံး၊ ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်နဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့တွေဟာ အဝေးကနေပြီးလှမ်းပြီး စောင့်ကြည့်နေရပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် မြန်မာအစိုးရအနေနဲ့ UNDP၊ UNHCR တို့နဲ့ သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ပကတိအနေအထား လူ့အခွင့်အရေးအခြေအနေစစ်ဆေးစောင့်ကြည့်ခွင့်မရပဲနဲ့တော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး မဖြစ်နိုင်ဘူးဆိုတာကို ကျနော် ထပ်လောင်းပြောပါရစေ။”

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Zeid Al Hussein ရဲ့ အခုမိန့်ခွန်းဟာ မဟာမင်းကြီးအဖြစ်သူရဲ့ နောက်ဆုံးမိန့်ခွန်းဖြစ်မှာပါ။ အခု လူ့အခွင့်အရေးကောင်စီအစည်းအဝေးအပြီး သြဂုတ်လဆိုရင် သူ့သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့်ပါ။

ဇွန်နဲ့ဇူလှိုင်လတွေမှာကျင်းပသွားမယ့် ၃၈ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်အးဝေးတွေမှာတော့ နိုင်ငံတကာလူ့အခွင့်အရေးအခြေအနေတွေထဲ မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးကိစ္စဟာ ဦးစားပေးဆွေးနွေးစရာဖြစ်လာဦးမယ်လို့ ယူဆရပါတယ်။ မြန်မာအစိုးရကတော့ ရခိုင်မြောက်ပိုင်းက လူ့အခွင့်အရေးစွတ်စွဲချက်တွေနဲ့ပတ်သက်လို့ အထောက်အထားခိုင်ခိုင်မာမာပြနိုင်ရင် အရေးယူပါ့မယ်လို့ ဂတိပေး ပြောပြီး၊ နိုင်ငံတကာက သုံးနှုံးတဲ့ ရိုဟင်ဂျာဆိုတဲ့အသုံးကိုတော့ အသိအမှတ်မပြုပါဘူး။ ရခိုင်မြောက်ပိုင်းဒေသ လူ့အခွင့်အရေးစွတ်စွဲချက်တွေနဲ့ပတ်သက်လို့ မကြာခင်မှာလည်း နိုင်ငံတကာပုဂ္ဂိုလ်တဦးအပါအဝင် သုံးဦးပါ စုံစမ်းရေးအဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမယ်လို့ အစိုးရက ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG