ရခိုင်ကိုတင်သွင်းတဲ့ ယစ်မျိုးကုန်အားလုံး AA တားမြစ်

မြန်မာစစ်တပ်နဲ့ဆက်စပ်မှုရှိတဲ့ ဘီယာကြော်ငြာများကိုတွေ့ရစဉ်။ (ယခင်မှတ်တမ်းဓာတ်ပုံ)

ရခိုင်ပြည်နယ်ကိုတင်သွင်းနေတဲ့ ယစ်မျိုးကုန်တွေအားလုံးကို ဒီလကစပြီး တင်သွင်းခွင့်မပြုကြောင်း အာရက္ခတပ်တော် AA ဘက်က အမိန့်ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့ လက်ကျန် ယစ်မျိုးကုန်တွေကိုလည်းအမိန့်ထုတ်ပြန်တဲ့နေ့ကနေ ၃ လအတွင်း အကုန်ရောင်းချရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ AA ထုတ်ပြန်ချက်အပေါ် ရခိုင်ဒေသခံတွေ ဘယ်လိုမြင်ကြပါသလဲ။ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်ကတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း တိုင်းနဲ့ပြည်နယ်တော်တော်များများမှာ စစ်ကောင်စီထုတ်ကုန်တွေကို

သပိတ်မှောက်ဆန့်ကျင်ခဲ့ကြပါတယ်။ ဒါပေမယ့် ရခိုင်ဒေသမှာ စစ်ကောင်စီထုတ်ကုန်တွေကို တင်သွင်းရောင်းချတာတွေ အထူးသဖြင့် အရက်၊ ဘီယာစတဲ့ ယစ်မျိုးကုန်တွေဟာ ဒီကနေ့အထိ ရောင်းအားကောင်းနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ရခိုင်ပြည်နယ်ကို တင်သွင်းရောင်းချနေကြတဲ့ ပြည်မနဲ့ နိုင်ငံခြားထုတ် အရက်၊ ဘီယာ၊ ဝိုင်စတဲ့ ယစ်မျိုးကုန်မှန်သမျှကိုရခိုင်ပြည်တွင်းကို တင်သွင်းခွင့်ပိတ်လိုက်ကြောင်း အာရက္ခတပ်တော် ULA/AA ရဲ့စက်တင်ဘာလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာကျန်ရှိနေသေးတဲ့ ယစ်မျိုးကုန်တွေကိုလည်း အမိန့်ထုတ်ပြန်တဲ့နေ့ကစပြီး ၃ လအတွင်း အကုန်ရောင်းချရမှာ ဖြစ်သလို ထပ်မံတင်သွင်း ရောင်းချတာတွေ တွေ့ရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း AA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုလို စစ်ကောင်စီထုတ်ကုန်တွေကို မတင်သွင်းဖို့ အာရက္ခတပ်တော် AA ရဲ့ ထုတ်ပြန်ချက်အပေါ် ပေါက်တောဒေသခံ အမျိုးသမီးတဦးက အခုလိုပြောပါတယ်။

“အခုလို ဒီလိုမျိုးထုတ်ပြန်တဲ့အပေါ်မှာတော့ ညီမတို့က ကြိုဆိုတယ်ပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်မှာက စစ်တပ်ထုတ်ကုန် တော်တော် များများရှိနေတာပေါ့နော်၊ အရက်တခုတည်းမဟုတ်ဘဲနဲ့ တခြား မိုင်တေးဖုန်းကဒ်တွေလို အများကြီးရှိတယ်။ ဆိုတော့ အဲလိုမျိုး ကန့်သတ် လိုက်တာက စစ်တပ်ကိုပိုပြီးတော့ အားမပေးရာရောက်တယ်။ ရခိုင်ဘက်မှာက မြန်မာဘီယာတို့ တအားအရောင်းသွတ်တယ်။ စစ်တပ်ထုတ် ကုန်တွေကို Boycott လုပ်တာတို့ သိမ်မရှိဘူး၊ အမြဲတမ်းတင်သွင်းနေတာတွေ့တယ်။ မြေပြင်မှာလည်း ပုံမှန်ရောင်းအားရှိနေတာတွေ့ရတယ်။ ဆိုတော့ အခုလို ထုတ်ပြန်လိုက်တာကောင်းပါတယ်။”

အာရက္ခတပ်တော်အနေနဲ့ လက်ရှိမှာ စစ်ကောင်စီထုတ်ကုန်တွေနဲ့ ပြည်မကတင်သွင်းနေတဲ့ ယစ်မျိုးကုန်တွေကို ဘာလို့ကန့်သတ်လိုက်တယ် ဆိုတာ တိတိကျကျ ထုတ်ပြန်ထားတာမရှိပါဘူး။ ဒါပေမယ့်လည်း အခုလို ကန့်သတ်လိုက်တာကရခိုင်ပြည်နယ်က ရနေတဲ့စစ်ကောင်စီရဲ့ ဝင်ငွေကို ကန့်သတ်လိုက်တာဖြစ်တယ်လို့လည်း ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထွန်းကြည်က ပြောပါတယ်။

“စစ်ကောင်စီထုတ်တဲ့အရက်တွေ အထူးသဖြင့် ပြည်မဘက်က တင်သွင်းတဲ့အရက်တွေကို ကန့်သတ်လိုက်တယ်ဆိုတာက အများကြီး သဘာဝကျတယ်လို့ ကျနော်မြင်ပါတယ်။ ဆိုတော့ ဒါတွေကို ကန့်သတ်လိုက်ခြင်းအားဖြင့် ပထမတချက်အနေနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်က ရတဲ့ အရက်ကရတဲ့ ဝင်ငွေတွေ အကုန်လုံး ရပ်တန့်သွားမယ်၊ ရန်သူရဲ့ထုတ်ကုန်ကို အားမပေးဖို့ လုပ်တဲ့ဟာ တခုပဲပေါ့နော်၊ နောက်တချက်ကတော့ ဒီရခိုင်ပြည်နယ်အတွင်းမှာ အရက်ချက်လုပ်ငန်းတွေ စနစ်တကျပေါ်လာနိုင်တယ်ပေါ့လေ ဆိုတော့ ဒီလိုပေါ်လာခြင်း အားဖြင့် စစ်ကောင်စီဘက်ကို ပေးရမယ့်တခြားနေရာတွေကိုပေးရမယ့် ဝင်ငွေတွေကို ဒီရခိုင်ပြည်နယ်အတွင်းမှာပဲ လည်ပတ်သွားနိုင်မယ့် ပုံစံကို ကျင့်သုံးလို့ရမယ်၊ ဆိုတော့ ဒါက အများကြီးသင့်တော်တယ်လို့ ကျနော်မြင်ပါတယ်။”

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံးပြည်နယ်တခုဖြစ်သလို စက်ရုံအလုပ်ရုံတွေလည်းမရှိတာကြောင့် ပြည်နယ်အတွက် ယစ်မျိုးကုန်တွေ၊ စားသုံးကုန်စည်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေကို ပြည်မကနေကတဆင့် မှာယူစားသုံးနေရပါတယ်။

AA ဘက်က ပြည်မနဲ့ နိုင်ငံခြားဖြစ် ယစ်မျိုးကုန်တွေ ပြည်တွင်း တင်သွင်းခွင့် ကန့်သတ်လိုက်တာကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ အရက်ချက်လုပ်ငန်းတွေ ပေါ်လာနိုင် သလို အလုပ်အကိုင်အခွင့်အလမ်းတွေလည်း များလာနိုင်တယ်လို့ ဦးထွန်းကြည်က ပြောပါတယ်။

“ဓနိရည်ကိုချက်တဲ့အရက်က ရခိုင်ပြည်နယ်မှာ အဓိက ထွက်ကုန်ဖြစ်တယ်။ နောက်တခုကတော့ ဆန်အရက်ပေါ့။ ဆိုတော့ ဓနိရည်ထွက်တဲ့ အရက်က ရခိုင်တပြည်နယ်လုံးအတွက် ဆိုလို့ရှိရင် တနှစ်ပတ်လုံး ၃ ပုံ ၁ ပုံလောက်ကို သောက်လို့ရတဲ့ အနေအထားရှိတယ်။ ဥပမာ ပြောရရင် ၁၂ လဆိုလို့ရှိရင် ၄ လလောက်ကို ဒီဓနိရည်အရက်က သောက်လို့ရတယ်။ ဒီအရက်ကလည်းထွက်နေပြီးသားဖြစ်တယ်။ အခုမကြာခင်မှာလည်း ဓနိရာသီဖြစ်တဲ့အခါမှာ အရက်ကို ပိုပြီးတော့ ထုတ်ကြလိမ့်မယ်။ နောက်တခုကတော့ ဆန်အရက်ချက်လုပ်ငန်းတွေ ပိုပြီးတော့ ပေါ် လာနိုင်တယ်။ ပြည်မအရက်တွေမဝင်တော့ဘူးဆိုရင် ဒီအရက်ချက်လုပ်ငန်းတွေ ပေါ်ကိုပေါ် လာလိမ့်မယ်။”

လက်ရှိမှာတော့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AA ကြား နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ရခိုင်ပြည်နယ်က မြို့နယ် ၁ဝ ခုကိုတော့ AA ဘက်က သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ AAထိန်းချုပ် နယ်မြေတွေကို လေကြောင်းဗုံးကြဲတာတွေရှိနေတာကြောင့် မကြာခဏဆိုသလိုအရပ်သား ထိခိုက်သေဆုံးတာတွေရှိနေတာပါ။

Your browser doesn’t support HTML5

ရခိုင်ကိုတင်သွင်းတဲ့ ယစ်မျိုးကုန်အားလုံး AA တားမြစ်