ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တော်မှာ ကျင်းပနေတဲ့ အရှေ့တောင် အာရှ နိုင်ငံများအသင်း အာဆီယံရဲ့ ဒေသဆိုင်ရာ ဖိုရမ်ကို တက်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson နဲ့ မြန်မာ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ သီးခြား တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အာဆီယံ ဒေသတွင်း ဖိုရမ်ကို မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်တင် တက်ရောက်နေတာ ဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Tillerson နဲ့ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့တာပါ။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Tillerson က မြောက်ကိုရီးယား အပေါ် ဖိအားပေးနိုင်ရေး ကြိုးပမ်းနေတာပါ။ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Kang Kyung-wha နဲ့ တွေ့ဆုံ အပြီးမှာတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ချမှတ်လိုက်တဲ့ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်ဟာ သင့်တင့်ကောင်းမွန်တဲ့ ရလဒ် ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုပါတယ်။
တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးကလည်း ကုလရဲ့ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်ကို ကြိုဆိုပါတယ်။ ဒီနေ့ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Tillerson က ရုရှားနိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov ၊ နောက် တရုတ် နိုင်ငံခြားရေး ဝန်ကြီး Wahg Yi တို့နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ တောင်တရုတ် ပင်လယ်ပြင် အတွင်း ရေပြင်ပိုင်နက် အငြင်းပွားမှုတွေကနေ ထိပ်တိုက်ရင်ဆိုင် အကြမ်းဖက်မှုတွေ ဖြစ်ပွားမလာအောင် ကြိုတင်ကာကွယ်ဖို့ အတွက် တရားဝင် လုပ်ထုံးလုပ်နည်း တရပ်ကို ချုပ်ဆိုထားကြဖို့လည်း အမေရိကန်ဘက်က ဆက်လက် တိုက်တွန်းနေတာ ဖြစ်ပါတယ်။
ဒီကနေ့ တနင်္ဂနွေနေ့မှာ တရုတ် အစိုးရ တာဝန်ရှိသူတွေနဲ့ အရှေ့တောင် အာရှ နိုင်ငံများရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံတဲ့ အခါမှာ တောင်တရုတ်ပင်လယ်တွင်း လိုက်နာလုပ်ဆောင်ရမယ့် ကျင့်ဝတ်နည်းလမ်း CoC ရေးဆွဲရေး မူဘောင်ကို လတ်မှတ်ရေးထိုးကြမယ်လို့ ခန့်မှန်းထားကြပါတယ်။
Your browser doesn’t support HTML5