ကွတ်ခိုင်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး ၅ ဦး သေဆုံး

တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီးတွေ့ရစဉ် (ဩဂုတ် ၅၊ ၂၀၂၄)

တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၅ ယောက် ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မကြာသေးခင်ရက်က တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ လားရှိုးမြို့မှာတော့ လတ်တလော ငြိမ်သက်နေတာကြောင့် ဒေသခံတချို့ဟာ ကျန်ရှိနေတဲ့ ပစ္စည်းတွေ ပြန်လည်သယ်ယူတာတွေရှိနေပါတယ်။ စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်မြောက်ပိုင်းက နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ရှိ ရပ်ကွက် ၅ ဈေးကို ဒီနေ့ ညနေ ၃နာရီခန့်က စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူ ၅ဦးသေဆုံးပြီး ၁ဦး ဒဏ်ရရခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသူ တဦးက ပြောပါတယ်။

“ အခု ဒီ ဈေးရှေ့၊ ပြည်ထောင်စု လမ်းမဘေးကို၊ ဈေးဘေးနားမှာ ကြဲသွားတာဗျာ။ လောလောဆည် တယောက်ဒဏ်ရာရ။ ၅ယောက်သေ။ လူအထိအခိုက်ကတော့ ကျနော်တို့ အဖွဲ့တွေ လုပ်နေကြတုံး။ ၄- ၅- ၁၀ယောက်ထက်တော့ မနည်းဘူးနဲ့ထင်တယ်။”

ညနေ ၅နာရီခန့်အချိန်အထိ မီးလောင်နေတဲ့ ဈေးကို ဝိုင်းဝန်းငြိမ်းသတ်နေရသလို အနည်းဆုံး ဆိုင်ခန်း ၁၀ထက်မနည်း မီးလောင်နေကြောင်း ၊ လူအထိအခိုက်အသေအပျောက်နဲ့ ပျက်စီးမှုစာရင်းအတိအကျကိုတော့ ကောက်ယူနိုင်တာ မရှိသေးကြောင်း ပြောပါတယ်။ TNLA ကတော့ ကွတ်ခိုင်မြို့ ရပ်ကွက် ၅ ဈေးဘက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက ဗုံး ၇ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၂လုံး ဗုံးစထိမှန် မီးလောင်နေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ကွတ်ခိုင်မြို့ဟာ ၁၀၂၇စစ်ဆင်ရေး ပထမပိုင်းကာလ ဒီနှစ် ဇန်နဝါရီလ ၇ရက်နေ့မှာ TNLA က သိမ်းယူထားတာဖြစ်ပါတယ်။

တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီးတွေ့ရစဉ် (ဩဂုတ် ၅၊ ၂၀၂၄)

တချိန်တည်းမှာပဲ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် MNDAA ကိုးကန့်ပူးပေါင်းတပ်ဖွဲ့တွေက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာပဲ သိမ်းယူလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ လားရှိုးမြို့ကို ထိန်းချုပ်ပြီးတဲ့နောက် တိမ်းရှောင်နေတဲ့ လားရှိုးမြို့ခံ အချို့ဟာ မိမိနေအိမ်က ကျန်ရှိနေတဲ့ အရေးကြီး ပစ္စည်းတွေ ပြန်လည် ယူဆောင်တာတွေ ရှိနေကြာင်း စစ်ရှောင်နေသူ လားရှိုးမြို့ခံ တဦးက ပြောပါတယ်။

“ ဝင်တယ်ဆရာ၊ ဝင်တယ်။ ကိုးကန့်တွေလည်း အဝင်ခံနေပြီ။ ဝင်နေချင်လည်း ရတယ်။ ဝင်ပြီးတော့ ထွက်ချင်လည်း ရတယ်။ ကိုယ့်အိမ်ကိုယ်သွားချင်လည်း ရတယ်။ သူခိုးတွေ တအားပေါလွန်းလို့တဲ့။ သူတို့လည်း မထိန်းသိမ်းနိုင်ဘူးတဲ့။ လာနေချင်နေကြပေါ့။ အဲလို ပြောတယ်တဲ့။”

လက်ရှိအချိန်ကာလမှာတော့ ညီနောင်မဟာမိတ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့မြို့တွေကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေရှိနေတာကြောင့် နေအိမ်ကိုပြန်ပြီး မနေသင့်သေးကြောင်းလည်း ဆက်ပြောပါတယ်။

“ ဒီအချိန်မှာ ဘယ်လိုမှ ပြန်မနေသင့်သေးတဲ့အချိန်ဖြစ်တယ်။ အခုက သိမ်းသွားပြီးတဲ့နေရာတွေကို တပ်ကလည်း လေယာဉ်နဲ့ ကြဲတဲ့အချိန်မှာ ကိုယ်ပါ ရောပြီးတော့ သေသွားနိုင်တယ်။ မပြန်သင့်ပါဘူး ကျနော့အနေနဲ့ ပြောရင်တော့။ ”

လားရှိုးမြို့တွင်းမှာ ကျန်နေသူတွေလည်း ထပ်မံ ထွက်လာနေတာတွေ ရှိနေကြောင်း နဲ့ မိုင်းရယ် ဟိုယဘက်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်း ပြောပါတယ်။ သြဂုတ်လ ၁ရက်နေ့ ည ၁၁နာရီကနေ ၂ရက်နေ့ မနက် ၁နာရီခွဲ အချိန်အတွင်းမှာ MNDAA ထိန်းချုပ်ထားတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ တုံချိန်ဒေသနဲ့ အမှတ် ၂ ပြည်သူ့ဆေးရုံအနီးမှာ ဗုံး ၆လုံးကြဲချတာကြောင့် လုံခြုံရေးတဦးသေဆုံးပြီး ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်ထားပါတယ်။

MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်နဲ့ သိန္နီမြို့မှာ ဒီလ ၂ရက်နေ့အထိ စစ်ကောင်စီဘက်က လေကြောင်းကနေ ၉ကြိမ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၅ဦးသေဆုံးပြီး စာသင်ကျောင်း၊ ဘုရားကျောင်းနဲ့ ဆေးရုံတွေ ပျက်ဆီးခဲ့ကြောင်း လည်း ဖော်ပြထားပါတယ်။ လားရှိုးမြို့ခံတွေကတော့ လားရှိုးမြို့ဟာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ မြို့ဖြစ်တာကြောင့် လောက်ကိုင်၊ သိန္နီနဲ့ ကွတ်ခိုင်မြို့တွေထက် ပိုမိုပြင်းထန်တဲ့ တုံပြန်မှုတွေကို စစ်ကောင်စီဘက်က ဆောင်ရွက်လာနိုင်ကြောင်း သုံးသပ်တာတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဇူလိုင်လ ၃ရက်နေ့က စတင်ခဲ့တဲ့ လားရှိုးမြို့တိုက်ပွဲမှာ အကြမ်းဖက်သောင်းကျန်းသူတွေဘက်က လူနေရပ်ကွက်တွေအတွင်းမှာပါ ရှော့တိုက်ဒုံး၊ Drop Bomb တွေ ရာနဲ့ချီအသုံးပြုခဲ့ကြောင်းနဲ့ အရပ်သားပြည်သူ ရာနဲ့ချီသေဆုံးရကြောင်းလည်း ပြောဆိုထားပါတယ်။ လားရှိုးတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ ထိပ်တန်းအရာရှိတွေနဲ့ အဆက်အသွယ် ပြတ်တောက်နေပြီး၊ ဖမ်းဆီးခံရသူအချို့ ရှိခဲ့တဲ့ သတင်းတွေ ရရှိထားတယ်လို့လည်း ပြောပါတယ်။ ဒီရက်ပိုင်းတွေမှာတော့ နောင်ချိုနဲ့ ကျောက်မဲမြို့နယ်တွေအတွင်းမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေလည်း ရှိနေကြောင်း TNLA ကလည်း သတင်းထုတ်ပြန်ထား ပါတယ်။

Your browser doesn’t support HTML5

ကွတ်ခိုင်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး ၅ ဦး သေဆုံး