အဂတိအမှုတွေအတွက် ဒေါ်စုအယူခံ ပယ်ချခံရ 

ယခင်မှတ်တမ်းရုပ်ပုံ | နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ -Myanmar State Counsellor Office - သြဂုတ် ၀၅၊ ၂၀၂၀)

နေပြည်တော် အကျဉ်းထောင်မှာ ထောင်ချခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေထဲက အမှု ၆ မှုရဲ့ အယူခံကို နိုင်ငံတော် အထူးတရားရုံးက ပယ်ချ လိုက်ပါတယ်။ အဂတိလိုက်စားတယ်လို့ဆိုပြီး ပြစ်ဒဏ်ချခံထားရတဲ့ အမှု ၆ မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က အပြစ်မရှိကြောင်း အထူးအယူခံ လျှောက်လဲချက် ပယ်ချခံရတာမို့ တရားသူကြီးချုပ်ဆီ အဆင့်ဆင့် အယူခံဆက်တက်သွားမယ်လို့ သိရပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ပြောပြမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချထားတဲ့ အမှုတွေထဲက အဂတိလိုက်စားမှု ၆ မှု အတွက် အယူခံတွေကို နိုင်ငံတော် အထူးတရားရုံးက ပယ်ချလိုက်တာဖြစ်ပါတယ်။ နေပြည်တော်နဲ့ ရန်ကုန်မှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် မြေနေရာ ဝယ်ယူမှု၊ အဆောက်အဦး ဆောက်လုပ်မှုတွေမှာ အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီက စွပ်စွဲပြီး အမိန့်ချမှတ်ထားတဲ့ အဂတိအမှု ၄ မှုနဲ့ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ် ဆီကနေ ဒေါ်လာနဲ့ ငွေကြေး လာဘ်ယူတာတွေ ရှိခဲ့တယ်ဆိုပြီး စွပ်စွဲ အမိန့်ချမှတ်ထားတဲ့ အဂတိအမှု ၂ မှု စုစုပေါင်း ၆ မှုအတွက် ချမှတ်ထားတဲ့အမိန့်တွေကို ပြင်ဆင်ပေးဖို့ အယူခံတွေ ပယ်ချခံရတာဖြစ်ပါတယ်။

ပယ်ချခံရတဲ့ဒီအမှုတွေကို ပြည်ထောင်စုတရားသူကြီးချုပ်အထိ ဆက်လက်အယူခံဝင်သွားဖို့ ရှိတယ်လို့ ရှေ့နေတွေနဲ့နီးစပ်တဲ့ သူတွေကပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်း ကလည်း နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) ၁ မှု၊ သဘာဝဘေး စီမံခန့်ခွဲမှု ၂ မှုနဲ့ စကားပြောစက် လက်ဝယ်ထားရှိလို့ ဆက်သွယ်ရေးနဲ့ ပို့ကုန်သွင်းကုန် အမှု ၂ ခု၊ စုစုပေါင်း ၅ မှုအတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချထားတဲ့အပေါ် အထူးအယူခံကို အထူးတရားရုံးက ပယ်ချခဲ့ပါတယ်။ ဒီအမှုတွေအတွက်ကိုလည်း ပြည်ထောင်စုတရားသူကြီးချုပ်ဆီအထိ အယူခံတက်သွားဖို့ လုပ်သွားနိုင်ဖွယ်ရှိတယ်လို့ နီးစပ်သူတွေကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုပြီး အမိန့်ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေ အကုန်လုံးဟာ အပြစ်မရှိဘဲ အမိန့်ချခံထားရတာ ဖြစ်လို့ အပြစ်မရှိကြောင်း ပေါ်လွင်တဲ့အထိ အယူခံ အဆင်ဆင့် ဆက်တက်သွားဖို့ ပြင်နေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဥပဒေကြောင်းအရ ချမှတ်ထားတဲ့ ပြစ်ဒဏ် မကျူးလွန်ဘူးဆိုတာကို ချမှတ်ခံရသူဘက်က တရားရုံး အဆင့်ဆင့် အယူခံတက်ပိုင်ခွင့်ရှိတာကြောင့် လက်ရှိမှာတော့ အမှုတွေ အကုန်လုံးကို အယူခံတက်ထားတာ ဖြစ်ပါတယ်။

မြို့နယ်တရားရုံးကနေ ခရိုင်၊ ပြီးရင် တိုင်း၊ ဗဟိုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော် အထူးတရားရုံး အဲ့ကနေမှ တရားရေးဥပဒေအရ နောက်ဆုံး တရားသူကြီးချုပ်ဆီ အဆင့်ဆင့် အယူခံတက်နိုင်ကြောင်း တရားဥပဒေမှာ ဖော်ပြထားပါတယ်။

နေပြည်တော် အကျဉ်းထောင်မှာ ထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ချို့တဲ့နေတယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့လအတွင်း ထွက်ခဲ့လို့ သူ့ရဲ့သားဖြစ်သူက အထူးစိုးရိမ်ကြောင်း VOA မြန်မာပိုင်းကို ပြောကြားခဲ့ပါတယ်။ သွားဖုံးနာဝေဒနာခံစားနေရတဲ့အတွက် ပြင်ပသွားဆရာဝန် နဲ့ ပြဖို့ ခွင့်တောင်း ထားတာကို စစ်ကောင်စီက ပယ်ချခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ကျန်းမာရေး တိုးတက်ကောင်းမွန်လာတယ်ဆိုပေမယ့် ဘယ် လောက်ထိကောင်းလာတယ်၊ ကောင်းမွန်စွာ ဆေးကုသခံယူခွင့်ရမရဆိုတာကိုတော့ မသိရပါဘူး။ စစ်ကောင်စီဘက်က ဒါကို သတင်းထုတ်ပြန်တာမရှိသလို အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းပေမယ့်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကိုလည်း အမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို မပြောဖို့ စစ်ကောင်စီကပုဒ်မ ၁၄၄ ဥပဒေထုတ် တားမြစ်ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၇၈ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ပြစ်ဒဏ် ၃၃ နှစ် ချမှတ်ထားတာ ဖြစ်ပြီး ဒီအထဲကမှ ၆ နှစ်ကို သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ လျှော့ပေါ့ ပေးလိုက်ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ ၁၄ မှု အတွက် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

အဂတိအမှုတွေအတွက် ဒေါ်စုအယူခံ ပယ်ချခံရ