မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှု ဆောင်ရွက်ချက်တွေဟာ ဒေသတွင်းက ရိုဟင်ဂျာမူစလင်တွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားရာ ရောက်နေတယ်လို့ ဗြိတိန်လွှတ်တော်က ဒီကနေ့ ပြောဆိုလိုက်ပြီး ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် လိုအပ်ရင် ဖိအားတိုးမြှင့်ပေးသွားဖို့လည်း တိုက်တွန်းထားပါတယ်။ ရခိုင်ပြည်နယ် အရေးအကြောင့် မြန်မာအပေါ် နိုင်ငံတကာရဲ့ ဖိအားတွေ တိုးလာနေပေမဲ့၊ မြန်မာအစိုးရအနေနဲ့ ကတော့ ဒီဖိအားတွေကို ရှောင်လွှဲနိုင်တဲ့ အနေအထားမှာ ဆက် ရှိနေတုန်းပဲလို့ နိုင်ငံရေးသုံးသပ်သူတဦးက ပြောပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက တင်ပြပေးပါလိမ့်မယ်။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေရဲ့ နောက်ဆက်တွဲ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုတွေဟာ အဲဒီဒေသမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ မူစလင်တွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားရာ ရောက်ပြီး၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ပုံစံအထိလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဗြိတိန်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ က ပြောဆိုလိုက်ပါတယ်။
ဗြိတိန်အစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှု အခြေအနေတွေ နဲ့ပတ်သက်လို့ တရားဝင် ဘယ်လို သတ်မှတ် သုံးနှုန်းမလဲ ဆိုတာကို အကဲဖြတ် စမ်းစစ်တာ အမြန်ဆုံး လုပ်ဆောင်ပြီး လိုအပ်ရင် မြန်မာအပေါ် ဖိအားတိုးမြှင့်ပေးတာတွေ လုပ်သွားဖို့ တိုက်တွန်းထားတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းကတော့ - ရခိုင်ပြည်နယ်အရေးကြောင့် နိုင်ငံတကာမှာ ခုလို ဖိအားတွေ တိုးလာနေပေမဲ့၊ မြန်မာအစိုးရအနေနဲ့ကတော့ ဒီဖိအားတွေကို ရှောင်လွှဲနိုင်တဲ့ အနေအထားမှာ ရှိနေပုံရတယ်လို့ သုံးသပ်ပါတယ်။
"ကျနော်မြင်တာကတော့ နိုင်ငံတကာဘက်ကအခု စဉ်းစားတယ်တွေးခေါ်တယ်ပေါ့နော် ဒီပုံစံတွေအရ ဖိအားတွေပိုလာနိုင်တဲ့ အနေအထားလို့ ကျနော်မြင်ပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ဘက်က စဉ်းစားချက်အရကျတော့ ကျနော်တို့ အထူးသဖြင့်တော့ မြန်မာအစိုးရဘက်ကပေါ့နော် တချို့ကိစ္စတွေက သူတို့ ရှောင်လွဲလို့ရဦးမယ်လို့ထင်တယ်။ နောက်တခုကတော့ ဒီလိုအခြေအနေမျိုးမှာကျနော်တို့ အထူးသဖြင့်ကတော့ အိမ်နီးချင်း တရုတ်နိုင်ငံပေါ့နော် သူတို့ကလည်း ကျနော်တို့နဲ့ ပိုနီးကပ်လာတဲ့အနေအထားရှိတော့ ဒီလောက်ကြီး နိုင်ငံတကာဖိအားက မသက်ရောက်နိုင်ဘူးဆိုတဲ့အနေအထားလည်း စဉ်းစားပုံရပါတယ်။”
ပြီးခဲ့တဲ့သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တကျော့ပြန် ပြန်လည်ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေနဲ့ နောက်ဆက်တွဲ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်းမှာ ရိုဟင်ဂျာမူစလင် ၆ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရပြီး ဒီလိုဖြစ်အောင် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက စနစ်တကျ အကွက်ချ စီစဉ်ခဲ့တာဖြစ်တယ်လို့ အနောက်နိုင်ငံ အစိုးရတွေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ပြစ်တင် ဝေဖန်နေတာပါ။ အခု ဗြိတိန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ အစီရင်ခံစာမှာလည်း အလားတူ သုံးသပ်ထားတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ပြဿနာနဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်း နဲ့ မြန်မာနိုင်ငံအကြား ယူဆပုံချင်း သိသိသာသာ ကွဲနေပြီး နှစ်ဘက် နားလည်မှုရဖို့ကတော့ အတော်ညှိနှိုင်းရလိမ့်ဦးမယ်လို့ ဦးအောင်သူငြိမ်းက ပြောပါတယ်။
"အခုက နိုင်ငံတကာဘက်မှာတော့ ဒီရခိုင် ပြည်နယ်မြောက်ပိုင်းပြဿနာက မအေးသေးဘူးပေါ့နော်။ ဒါပေမယ့် မြန်မာပြည်ထဲမှာတော့ ကျနော်တို့က ဒီပြဿနာနဲ့ ပတ်သက်လို့ ရှုမြင်ပုံက နည်းနည်းတမျိုးဖြစ်တယ်လို့ ကျနော်ထင်တယ်။ အခုကျနော်တို့ သိရသလောက်ဆိုရင် မြန်မာပြည်ဘက်မှာက အစိုးရက လက်ရှိ လုပ်နေတာတွေလည်းရှိတယ်။ ကော်မရှင် ဖွဲ့ထားတာတွေလည်းရှိတယ် အကြံပေးအဖွဲ့တွေလည်း ထပ်ဖွဲ့တာတွေရှိပါတယ်။ နောက်တခုကတော့ ဖြစ်နေတဲ့ ပုံစံတွေက အကူအညီဆိုရင် ကျနော်တို့ အစိုးရကိုပေး ပြီးရင် ကျနော်တို့ မြန်မာ့ကြက်ခြေနီအဖွဲ့ကတဆင့် ပြန်ဖြန့်ဖြူးတယ်ပေါ့နော်။ ဆိုတော့ ဒီလိုဖြစ်တဲ့အခါကျတော့ နိုင်ငံတကာ အဖွဲ့အစည်းတော်တော်များများက လက်မခံနိုင်တဲ့ အနေအထားလည်းရှိတယ်။ နောက်တခုကတော့ လက်ရှိအခြေအနေပေါင်းစုံ သုံးသပ်ချက်အရ ဒုက္ခသည်တွေကလည်း ချက်ချင်းပြန်လာနိုင်တဲ့ အနေအထားမရှိဘူးပေါ့နော်။ ဆိုတော့ အဲလိုအနေအထားမှာတော့ ကျနော်ထင်တယ် ၂ ဖက်က နားလည်မှုတော်တော်ဝေးတယ်လို့ထင်ပါတယ်။”
ဒီကနေ့ ထုတ်ပြန်တဲ့ ကော်မတီရဲ့ အစီရင်ခံစာထဲမှာ ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေကို သုံးသပ်ဖော်ပြထားပြီး ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုတွေအတွက် မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ အပြည့်အ၀ တာဝန်ရှိတယ်လို့ ဖော်ပြထားသလို၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း အခုပြဿနာမှာ ကမ္ဘာကမျှော်လင့်သလို ဦးဆောင်မှုမျိုး မပေးနိုင်ခဲ့ဘူးလို့ ဝေဖန်ထားပါတယ်။ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာမူစလင် ဒုက္ခသည် ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ အလုံးအရင်း ထွက်ပြေးခဲ့ရတဲ့ အထိ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို မှန်မှန်ကန်ကန် လေ့လာသုံးသပ်နိုင်ဖို့အတွက် ဗြိတိန်အစိုးရအနေနဲ့ ကျွမ်းကျင်ပညာရှင်အဖွဲ့ ဖွဲ့စည်းပြီး သက်သေ အထောက်အထားတွေ ရှာဖွေနိုင်သွားဖို့နဲ့ ဒီဖြစ်ရပ်တွေဟာ လူမျိုးတုံးသတ်ဖြတ်ရာ ရောက်သလား၊ လူသားထုတခုလုံးအပေါ် ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှု ကျူးလွန်ရာ ရောက်သလားဆိုတာတွေကို လေ့လာသုံးသပ်ပြီးတော့ လိုအပ်ရင် ပြစ်မှုဆိုင်ရာ နိုင်ငံတကာခုံရုံးကို တိုင်တန်းတာတွေအထိ လုပ်သွားဖို့လည်း ဗြိတိန်လွှတ်တော်အမတ်တွေက သူတို့အစိုးရကို တိုက်တွန်းထားပါတယ်။
Your browser doesn’t support HTML5