ကြီးထွားလာတဲ့ ကန်-တရုတ် တင်းမာမှုအပေါ် အမြင်တချို့ 

(Zawgyi/Unicode)

ကမ္ဘာ့အင်အားကြီး ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်ကြား သံတမန်ရေး တင်းမာမှုတွေဟာ မြန်မာနိုင်ငံကိုပါ ရိုက်ခတ်လာနေတဲ့အကြောင်း ဒီတပတ် သတင်းထောက်မှတ်စု အစီအစဉ်မှာ ကိုမိုးဇော် တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်တဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ သြဇာအရှိန်အဝါ လွန်ဆွဲနေကြတဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား မကြာသေးခင် သီတင်းပတ်တွေ အတွင်းမှာပဲ သံတမန်ရေးအရ အားပြိုင်မှုတွေကို ထင်ထင်ရှားရှား တွေ့ခဲ့ရတာပါ။ မြန်မာနိုင်ငံအပေါ် တရုတ်အစိုးရရဲ့ ချဉ်းကပ်ပုံဟာ အခွင့်အရေးရဖို့သက်သက် ဖြစ်တယ်ဆိုပြီး မြန်မာနိုင်ငံအခြေစိုက် အမေရိကန်သံရုံး တာဝန်ခံက ဆောင်းပါးတစောင် ရေးခဲ့တာကို တရုတ်သံအမတ်က ချက်ချင်းဆိုသလို အပြင်းအထန် တုံ့ပြန်ခဲ့သလို ဒီတပတ်တည်းမှာပဲ တရုတ်ကွန်မြူနစ်ပါတီအာဘော် Global Times သတင်းစာမှာလည်း တရုတ်-မြန်မာ ဆက်ဆံရေးဟာ ပိုပြီးတော့တောင် ခိုင်မာလာနေတယ်ဆိုပြီး တရုတ်သံအမတ်ကြီးက ဆောင်းပါးတစောင် ထပ်ရေးခဲ့ပါတယ်။

ဒီလို သံတမန်ရေး တင်းမာမှုတွေဟာ မြန်မာနိုင်ငံမှာသာမက ဒေသတွင်း နိုင်ငံတချို့မှာပါ သိသိသာသာ တွေ့လာရပေမယ့် စစ်ရေးအရ ထိပ်တိုက် အခြေအနေမျိုး အထိတော့ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

“စစ်ရေးအရ ပဋိပက္ခဖြစ်တဲ့အထိတော့ ဦးတည်မသွားနိုင်ဘူးလို့ ကျနော်မြင်တယ်။ အမေရိကန်ရော၊ တရုတ်ရော နှစ်နိုင်ငံစလုံးဟာ သူတို့ရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်ပြီးတော့ ဗျူဟာတွေကို ဖော်ဆောင်နေတဲ့ အခါကျတော့ နှစ်နိုင်ငံလုံးနစ်နာမယ့် လမ်းကြောင်းကို တတ်နိုင်သမျှ ရှောင်ပြီးတော့ ဒေသတွင်းမှာ သူတို့ရဲ့ မဟာဗျူဟာ ရပ်တည်မှုနဲ့ သူတို့ရဲ့ အကျိုးစီးပွားအတွက်ကို အကောင်းဆုံး ဖော်ဆောင်မယ့် အနေအထား ရှိတဲ့အခါကျတော့ စစ်အေးကာလ ပြိုင်ဆိုင်မှုရဲ့ ပုံစံသစ်တခု ဖြစ်လာကောင်း ဖြစ်လာနိုင်တယ်လို့တော့ သုံးသပ်ပါတယ်။”

တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင်မှုအတွက် ဒေသတွင်းနိုင်ငံတချို့နဲ့ အငြင်းပွားနေချိန်မှာ ၂ နိုင်ငံစလုံးက စစ်အင်အားပြတဲ့ လုပ်ရပ်တွေကိုပါ တွေ့လာနေရတာပါ။ ဒီလိုအချိန်မျိုးမှာ အင်အားကြီး ၂ နိုင်ငံကြား အားပြိုင်မှုတွေဟာ မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံတွေက ပဋိပက္ခတွေကို ကြီးထွားအောင် အားပေးတဲ့ အခြေအနေမျိုးကို ဦးတည်နိုင်တဲ့အန္တရာယ် ရှိတယ်လို့လည်း နိုင်ငံရေး၊ စစ်ရေး အကဲခတ် ဦးမောင်မောင်စိုးက ထောက်ပြပါတယ်။

“တရုတ်နဲ့ အမေရိကန် စစ်ရေးတင်းမာမှုက ကျနော်ထင်တယ် ပြင်းပြင်းထန်ထန် ဖြစ်လာဖို့က ခုနက ကျနော်ပြောသလို လေးငါးဆယ်နှစ်တော့ လိုပါသေးတယ်။ သို့သော် ဒီကြားထဲမှာ စစ်ရေးအရှိန်မြင့်လာရင် ဘာဖြစ်တတ်သလဲဆိုတော့ နိုင်ငံကြီးတွေရဲ့ စစ်အေးတိုက်ပွဲမှာ ဒေသတွင်းမှာ Proxy war လေးတွေ ဖြစ်တတ်တယ်။ Proxy war လေးတွေ ဖြစ်မယ်ဆိုရင် ကျနော်တို့ သတိထားဖို့ လိုတာက ကျနော်တို့တိုင်းပြည်ဟာ လက်နက်ကိုင်အဖွဲ့ ၂၀ လောက် ရှိတဲ့အခါကျတော့ Proxy war ဖြစ်ဖို့ အရှေ့တောင်အာရှ ၁၀ နိုင်ငံထဲမှာ ရေခံမြေခံ အကောင်းဆုံးနိုင်ငံ ဖြစ်နေတာကို။ အဲတော့ ဒီအချက်ကိုတော့ ကျနော်တို့က အထူးဂရုပြုပြီးတော့ ဒီ Proxy war တွေ ပေါ်မလာအောင်၊ ပေါ်လာရင်လည်း ဖြေရှင်းနိုင်အောင် ပြင်ဖို့တော့လိုမယ်။”

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ အရင် စစ်အာဏာရှင်တွေ လက်ထက်ကစ နိုင်ငံရေး၊ စီးပွားရေးအရ သြဇာညောင်းတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်တဲ့ အရပ်သားအစိုးရ တက်လာပြီးနောက်မှာလည်း တရုတ်နိုင်ငံက ဆက်ဆံရေးတွေ ဆက်လက် တည်ဆောက်နေရာမှာ ဒီနှစ်ဆန်းတုန်းက တရုတ်သမ္မတ Xi Jinping ကိုယ်တိုင် မြန်မာနိုင်ငံကို လာခဲ့တဲ့အထိပါ။ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ အုပ်ချုပ်မှုအောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ပိတ်ဆို့ဒဏ်ခတ် ဖိအားပေးခဲ့တဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေကတော့ အရပ်သားအစိုးရလက်ထက် ဆက်ဆံရေးတွေ ခိုင်မာအောင် စတင် တည်ဆောက်လာကြပါတယ်။ ဒါပေမယ့်လည်း အင်အားကြီး ၂ နိုင်ငံကြား အားပြိုင်မှုတွေ ကြီးထွားလာနေတာနဲ့အမျှ ပထဝီဝင်နိုင်ငံရေးအရ အချက်အချာကျတဲ့ နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ကြိုတင်တွက်ချက် ပြင်ဆင်ထားဖို့ လိုမယ်လို့ ဦးမောင်မောင်စိုးက ယူဆပါတယ်။

“တရုတ်ပြည်နဲ့ပတ်သက်ပြီး ပင်လယ်လမ်းကြောင်း ထိန်းချုပ်ဖို့ဆိုရင် ၂ ခုဖြစ်တာကိုး။ တစ်က တောင်တရုတ်ပင်လယ် ဖြစ်တယ်။ တခုက အိန္ဒိယသမုဒ္ဒရာ ဖြစ်တယ်။ ဒီ အိန္ဒိယသမုဒ္ဒရာဘက်ခြမ်းနဲ့ ပတ်သက်လာရင် မြန်မာပြည်က အရေးကြီးတဲ့ အနေအထားမှာ ရောက်နေပါတယ်။ ဒီအခြေအနေမှာ ကျနော်တို့က မဟာဗျူဟာအရ ဘယ်လိုတုံ့ပြန်မလဲဆိုတာ စနစ်တကျ ရေးဆွဲပြီးတော့ တုံ့ပြန်ဖို့ လိုအပ်မယ်တော့ ထင်ပါတယ်။”

အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေချိန်မှာပဲ တရုတ်နဲ့ အမေရိကန်နိုင်ငံကြား အားပြိုင်မှုတွေ အရှိန်မြင့်လာနေတာပါ။ အမေရိကန်သမ္မတ Donald Trump လက်ထက်မှာ တရုတ်နိုင်ငံနဲ့ နိုင်ငံရေး၊ စီးပွားရေးအရ အငြင်းပွားစရာတွေ ဆက်တိုက်ကြုံခဲ့ရတာကြောင့် ဒီလိုအားပြိုင်မှုတွေဟာ ရွေးကောက်ပွဲလွန် ကာလအထိ ဆက်လက်တွေ့မြင်ရဦးမယ့် အလားအလာတွေ ရှိနေတယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက မြင်ပါတယ်။

“လတ်တလော အမေရိကန်နဲ့ တရုတ်အကြား ဖြစ်လာတဲ့ ဒေသတွင်း တင်းမာမှုတွေဟာ ရေရှည်ဆက်ပြီးတော့ ဖြစ်မယ့် အနေအထားလို့ သုံးသပ်ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲအကြို မီးရှူးမီးပန်း ဖောက်ရုံသက်သက် မဟုတ်ဘူးလို့ ကျနော်က မြင်ပါတယ်။ နောက်ပြီးတော့ အမေရိကန်နိုင်ငံထဲမှာလည်းပဲ တရုတ်ရဲ့အန္တရာယ်၊ တရုတ်ရဲ့ လွှမ်းမိုးမှုအပေါ်မှာ စိုးရိမ်ကြောင့်ကြမှုတွေ၊ သတိကြီးကြီးထားမှုတွေဟာ အစိုးရထဲမှာရော၊ လွှတ်တော်ထဲမှာရော၊ ပညာတတ် အသိုင်းအဝိုင်းမှာရော၊ နောက် လူမှုအဖွဲ့အစည်းထဲမှာရော မြင့်တက်လာတဲ့ အနေအထားကတော့ သိသာမြင်သာပါတယ်။ အဲဒီအတွက်ကြောင့်မို့ အမေရိကန်ရဲ့ တရုတ်အပေါ် ချဉ်းကပ်မှုအသစ်ဟာ ရေရှည်သွားမယ့် မဟာဗျူဟာမြောက် ခြေလှမ်းတခုဖြစ်တယ်လို့ မြင်ပါတယ်။”

တရုတ်နဲ့ အမေရိကန် နိုင်ငံကြီးနှစ်နိုင်ငံအကြားက ဖြစ်ပေါ်လာတဲ့ ပြိုင်ဆိုင်မှုကို အင်အားချိန်ခွင်လျှာ ညှိနှိုင်ဖို့ဆိုရင် မြန်မာနိုင်ငံက သူ့ရဲ့ လက်ရှိ နိုင်ငံတကာ ဆက်ဆံရေးမူဝါဒ၊ နည်းနာနဲ့ ဗျူဟာတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြန်ပြီး သုံးသပ်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံကြား မကြာသေးခင်က သံတမန်ရေးအရ အချေအတင် ဖြစ်စရာတွေ ကြုံခဲ့ရပြီး နောက်မှာတော့ မြန်မာအစိုးရက ဘက်မလိုက်တဲ့ မူဝါဒကို ဆက်လက်ကိုင်ဆွဲထားမှာဖြစ်ကြောင်း ပြောဆိုထားတာပါ။ ဒါပေမယ့်လည်း အင်အားကြီး ၂ နိုင်ငံကြား အားပြိုင်မှုတွေဟာ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံ အပေါ်မှာလည်း မလွဲမသွေ ရိုက်ခတ်လာနိုင်တာကြောင့် သက်သာရာရအောင် တိကျတဲ့ ပြင်ဆင်မှုတွေ လိုနေပြီလို့လည်း အကဲခတ်တွေက ယူဆနေကြတာကို ဒီတပတ် သတင်းထောက်မှတ်စု အစီအစဉ်ကနေ တင်ပြလိုက်ရပါတယ်။

Your browser doesn’t support HTML5

ကြီးထွားလာတဲ့ ကန်-တရုတ် တင်းမာမှုအပေါ် အမြင်တချို့

..................

(Unicode)











