(Zawgyi/Unicode)
ကယား (ကရင်နီ) ပြည်နယ် ဘောလခဲမြို့နယ်ထဲက နန်းဖဲကျေးရွာအပေါ် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် နှမ်းခုတ်နေတဲ့ အမျိုးသမီးတဦး သေဆုံးပြီး ကလေးငယ်တွေအပါအဝင် ၄ ဦးဒဏ်ရာရခဲ့တယ်လို့ မိသားစုဝင်က ဗွီအိုအေကို ပြောပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပို့ဖို့ ကူညီခဲ့တဲ့ ပရဟိသမားတဦးကိုလည်း စစ်တပ်က ဖမ်းဆီးသွားပါတယ်။ အဲဒီနေရာတဝိုက် အခုရက်ပိုင်း တိုက်ပွဲတွေမရှိပေမဲ့ စစ်ကောင်စီတပ်တွေဘက်က ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို နန်းလောင်ဝ်က ပြောပြပါမယ်။
ဘောလခဲမြို့နယ် နန်းဖဲကျေးရွာဘက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ စက်တင်ဘာ ၉ ရက် ကြာသပတေးနေ့က ပစ်ခတ်မှုအတွင်း တောင်ယာထဲ နှမ်းခုတ်နေတဲ့ အမျိုးသမီးတဦး သေဆုံးပြီး တောင်ယာထွက် နှမ်းခုတ်သူ ၁၈ ဦးလောက် ဘေးလွတ်ရာသို့ ပြေးထွက်ချိန် လက်နက်ကြီးကျည် ကျလာပြီး တချို့လည်း ဒဏ်ရာရခဲ့ကြတယ်လို့ ဒဏ်ရာရသူတယောက်ရဲ့ မိသားစုဝင်က ဗွီအိုအေကို ပြောပါတယ်။
“တောင်ယာမှာ သွားတဲ့လူတွေလေ၊ အဲ့ဒါ မနားခင်မှာကိုက လက်နက်ကြီးထုတာကျတော့ ရမ်းသမ်းပြီးထုတော့ သူတို့က ပြေးတာလေ၊ ပြေးထွက်ကုန်ကြတာ၊ ကျမတို့တောင်ယာကလူတွေပေါ့နော် ကလေးမတယောက်တော့ ပွဲချင်းပြီးပါ၊ ပြီးတော့ ကျမရဲ့ အမျိုးသားရဲ့ ညီတယောက်ကတော့ အသည်းအသန်းဖြစ်နေတယ် ဗိုက်မှာ ထိသွားတာပေါ့နော် ဗိုက်ပေါက်သွားတာ သေတဲ့ လူကတော့ တယောက် ဒဏ်ရာရတဲ့သူက ၄ ယောက် အသည်းအသန်းက ၄ ယောက်စလုံးပဲပေါ့နော်၊ အဲ့ဒီတောင်ယာသွားတယ်ဆိုတော့ သတင်းကြားတာတော့ အသံထွက်တာနဲ့ကို တစ်ခါတည်းကို ရောက်လာတာပဲ အဲ့မှာ ၄ ၊ ၅ ၊ ၁၀ ချက် အဆက်မပြတ်ပေါ့ လက်နက်ကြီးကတော့ ကျမလည်း မမှန်းတတ်ဘူး သူကတော့ ၆၀ မမ လို့ထင်တာပဲ၊ တိုက်ပွဲမဖြစ်ဘဲ ရမ်းသမ်းပစ်နေတာ။”
အခုလက်နက်ကြီးကျည်ကျတဲ့ နေရာတွေမှာ လက်ရှိ တိုက်ပွဲတွေမရှိပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ သြဂုတ်လကတော့ ဘောလခဲမြို့နယ်ထဲမှာ ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားကာကွယ်ရေး KNDF အဖွဲ့တို့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
စက်တင်ဘာ ၉ ရက်နေ့က စစ်တပ်ဘက်က လက်နက်ကြီးကျည်ပစ်ခတ်မှုကြောင့် အသက် ၂၁ နှစ်အရွယ် မဖိုးမူ၊ အသက် ၁၃ နှစ်အရွယ် မောင်ထက်ဇေယျာဝင်း၊ အသက် ၁၆ နှစ်အရွယ် မောင်ညီညီစိုးကြိုင်၊ အသက် ၁၆ နှစ်အရွယ် မဌေးလာပေါနဲ့ အသက် ၄၀ အရွယ် ဦးလယ်မူတို့ ၄ ဦးလည်း ကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ အကူအညီပေးသူတဦးက ပြောပါတယ်။
"စုစုပေါင်းကတော့ ၅ ယောက်ပေ့ါ၊ ကျနော်ကတော့ ၄ ယောက်ကို အချိန်မီ ကယ်ထုတ်နိုင်တယ်၊ ဒဏ်ရာအနေအထားကတော့ ဒီ ကိုဇေယျာဝင်း အသက်က ၁၃ နှစ် ဘယ်ခေါင်း အစထိမှန်ထားတယ်၊ ဌေးလာပေါက အသက် ၁၆ နှစ် သူကတော့ ဘယ်ဘက်ပေါင်မှာ အစထိမှန်ထားတယ်၊ နောက်တယောက်ကတော့ ညီညီစိုးကြိုင် အသက်က ၁၆ နှစ် ဘယ်ဘက် ဘယ်မျက်ခုံး ဘယ်ပါးပေါ့နော် ဘယ်ဘက်အခြမ်းတွေပဲ ထိမှန်ထားတယ်၊ နောက်တယောက်ကတော့ နည်းနည်းအခြေအနေဆိုးတဲ့ ဦးလယ်မူပေါ့နော် အစောပိုင်းတုန်းကတော့ ကိုထက်ဇေယျာဝင်းရဲ့အဖေ သူကတော့ ဘယ်ဘက်ဝမ်းဗိုက်ထိထားတယ် အူတွေဘာတွေတောင်ထွက်တဲ့ အနေအထားမျိုးရှိတာပေါ့။”
လက်နက်ကိုင် တိုက်ခိုက်နေသူတွေမဟုတ်ဘဲ သာမန် တောင်ယာစိုက်စားနေကြတဲ့ ဒေသခံပြည်သူတွေအပေါ် ခုလို တိုက်ခိုက်မှုတွေ လုပ်နေတဲ့အတွက် ထိခိုက်ဆုံးရုံးမှုကြီးမားတယ်လို့ ဒဏ်ရာရသူ မိသားစုဝင်က ဆက်ပြောပါတယ်။
“ဒီလိုမျိုး အခုထိခိုက်မှုရှိသွားတော့ ကျမတို့တော့ တော်တော်ဆုံးရှုံးမှုရှိပြီပေါ့နော် တောင်ယာအနေနဲ့လည်း ဆုံးရှုံးမှုရှိတယ် မိသားစုစီးပွားရေးတွေလည်း တော်တော်ထိခိုက်သွားတယ်၊ ပြီးတော့ အခုဖြစ်လာတဲ့ဟာမျိုးကျတော့ တိုက်ပွဲဖြစ်လို့ ကြားညပ်ခံရရင် ကျမတို့က မပြောလိုဘူးပေါ့နော် အခုကကျတော့ တောင်ယာသွားတဲ့အချိန် ပြည်သူတွေပဲရှိတဲ့အချိန်မှာ အဲ့လိုမျိုးဖြစ်သွားတာတော့ မတရားလို့ မတရားဘူးလို့ပဲ ကျမထင်တာပေါ့။”
ကျည်ထိမှန် ဒဏ်ရာရရှိသူတွေ ဘောလခဲမြို့မှာရှိတဲ့ စစ်ဆေးရုံမှာ ကုသမှု ခံယူနေကြတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံကို ကူညီပို့ဆောင်ခဲ့တဲ့ ပရဟိတသမားတဦးကိုလည်း စစ်ဆေးမေးမြန်စရာရှိတယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
သူ့ကို ခေါ်ဆောင်သွားတာ ၂၄ နာရီကျော်သွားပြီဖြစ်ပေမယ့် ပြန် လွတ်မလာသေးတာကြောင့် မိသားစုဝင်နဲ့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
..................................................................................
Your browser doesn’t support HTML5