ကိုဗစ်ကာလ ရွေးကောက်ပွဲ သက်ကြီးပိုင်း မဲ ဆန္ဒရှင်များ အိမ်ကနေ ကြိုတင်မဲပေးနိုင်

စက်တင်ဘာ ၂၄ ရက်နေ့က သဘာဝတရားရိပ်သာရှိ သက်ကြီးရွယ်အိုများ

(Zawgyi/Unicode)

ကပ်ရောဂါကာလ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သက်ကြီးပိုင်းမဲဆန္ဒရှင်တွေ အိမ်မှာနေရင်း ကြိုတင်မဲပေးနိုင်အောင် ရွေးကောက်ပွဲ ကော်မရှင်က စီစဉ်နေပါတယ်။ မဲရုံသွားစရာ မလိုပဲ မဲပေးနိုင်ရေး စီမံဆောင်ရွက်နေတာတွေနဲ့ ပတ်သက်လို့သက်ဆောင်ရာ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမေခ က အကြောင်းစုံပြောပြမှာပါ။

ရွေးကောက်ပွဲမှာ မဲပေးကြမယ့် မဲဆန္ဒရှင်တွေထဲက အသက် ၆၀ နဲ့ အထက် ရှိသူတွေ အနေနဲ့ ဒီလ ၂၉ ရက်နေ့ကစ အိမ်ကနေ ကြိုတင်မဲပေးနိုင်အောင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု အန္တရာယ်ကို သတိထားဖို့လိုတဲ့ သက်ကြီးပိုင်းတွေ လူစုလူဝေးရှောင်ပြီး မဲရုံသွားစရာ မလိုအောင် ပြင်ဆင်နေတယ်လို့လည်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးရှိန်ဝင်းကပြောပါတယ်။

“လိုက်ကောက်မယ့် ကော်မရှင် အဖွဲ့ခွဲတွေ၊ ယာဉ်မောင်းတွေကိုတော့ ကိုဗစ် SOP 1 အတိုင်း Mask တို့၊ လက်အိတ်တို့နဲ့ Face shield တွေ ဆောင်းပြီသွားမယ်။ မဲပေးချင်လား မဲမပေးဘဲ နေနိုင်တယ်ဆိုတဲ့ ဥပဒေတွေ နည်းဥပဒေတွေညွန်ကြားချက်ကို ကျနော်တို့ မေးရတာပေါ့။ မေးတဲ့အတိုင်း ပေးမယ်ဆိုရင်လဲ သူ့အိမ်ထဲသူဆန္ဒမဲပေးပေါ့။ သူပေးတဲ့ ကြိုတင်မဲအိတ်ကို စာအိတ်နဲ့လက်ခံပြီးတော့ မဲဗုံးနဲ့ထည့်သယ်သွားမယ်။ ကျနော်တို့ ကောက်နေတယ် ကျနော်တို့မှာ လေ့လာစောင့်ကြည့်မယ့်သူတွေ၊ ကိုယ်စားလှယ်လောင်း ဒါမှမဟုတ်သူ့ကိုယ်စားလှယ်တွေကိုခေါ်သွားမှာ ခင်ဗျ။ ဘာမှစိုးရိမ်စရာမရှိဘူး သူတို့ရှေ့လုပ်မှာ။ ကော်မရှင်က ၃ယောက်ဘဲပါမယ်။ ကျန်တာကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် မျှတမှု ဘက်လိုက်မှု ဘက်လိုက်မှု ရှိမရှိ စောင့်ကြည့်လေ့လာမယ့် ကိုယ်စားလှယ်တွေပေါ့။ ကျနော်တို့ ကော်မရှင်အနေနဲ့ကတော့ ၃ ယောက်ပါ ခင်ဗျ။”

သက်ကြီးပိုင်းတွေ အိမ်ကနေ ကြိုတင်မဲပေးဖို့အတွက် ကိုဗစ်ကပ်ရောဂါ အဓိက ကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း ကိုကိုးကျွန်းကလွဲလို့ ကျန် ၄၄ မြို့နယ်နဲ့ ရခိုင်ပြည်နယ်၊ မန္တလေး၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းက မြို့နယ်တစ်ချို့ အပါအဝင် စုစုပေါင်း မြို့နယ် ၇၀ကျော် သတ်မှတ် ထားပါတယ်။ ကျန်တဲ့မြို့နယ်တွေက အသက်၆၀နဲ့အထက် မဲဆန္ဒရှင်တွေအနေနဲ့လည်း မဲရုံတွေမှာ ကိုယ်တိုင်လာရောက် မဲမပေးချင်ရင် ရပ်ကျေးကော်မရှင် ရုံးတွေ ကို သွားရောက်ပြီး ကြိုတင်မဲပေးနိုင်သလို ကျန်းမာရေးအခြေနေအရ ကိုယ်တိုင်သွားဖို့ အခက်အခဲရှိရင်လည်း သက်ဆိုင်ရာ ရပ်ကျေး ကော်မရှင်တွေဆီ အကြောင်းကြားရင် နေအိမ်မှာပဲ ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်ပေးမယ်လို့လည်း ကော်မရှင်က ပြောဆိုထားပါတယ်။

ဒီလနှောင်းပိုင်းကစ သက်ကြီးပိုင်းတွေ အိမ်ကနေ ကြိုတင်မဲပေးခွင့်ရမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အသေးစိတ် ညွှန်ကြားချက်တွေကိုတော့ မသိရသေးဘူးလို့လည်း ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက် ဘက်ပိုင်း) မြို့နယ်ကော်မရှင်ဥက္ကဌ ဦးကြည်ဌေးကပြောပါတယ်။

“ အသက် ၆၀ ကြိုတင်မဲပေးရမယ်ဆိုတာတော့ လက်ခံထားပြီးပြီ။ ဒါပေမယ့် ဘယ်လိုပုံစံပေးမယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာက တော့ ညွှန်ကြားချက်တော့မထွက်သေးဘူး။ သူ့လုပ်ငန်းအစီအစဉ် အသေးစိတ်တော့မထွက်သေးဘူး။ ၆၀ကျော်လူဦး ရေစာရင်းတို့ကလည်းကျနော်တို့ဒီမှာ ပြန်ပြုစုရသေးတာပေါ့နော်။ ၁၄ရက်နေ့အထိက ပုံစံ ၃က လက်ခံထားသေးတာ ဆိုတော့ စာရင်းပိတ်လို့ မရသေးဘူး”

အသက်အရွယ်ကြီးရင့်သူတွေအနေနဲ့ကိုဗစ်ကူးစက်ခံရရင် စိုးရိမ်ရတဲ့ အခြေနေနဲ့ရင်ဆိုင်ရနိုင်တာမို့ ကြိုတင်မဲ ပေးနိုင်ဖို့ စီစဉ်တာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၉ရက်နေ့က ပြောထားပါတယ်။

“ဒီလိုအသက် ၆၀တွေ ကြိုတင်မဲပေးမယ်ဆိုရင် ရွေးကောက်ပွဲနေ့မှာမဲရုံတွေမှာ သွားပြီးတော့ မဲပေးမယ့်သူတွေရဲ့ အရေအတွက်လည်း ကျဆင်းသွားမှာဖြစ်တယ်။ လိုအပ်တဲ့ ၆ ပေ အကွာ ဖြစ်အောင်လုပ်တာ တစ်ယောက်နဲ့ တစ်ယောက်ထိတွေ့မှု နည်း အောင်လုပ်နိုင်တာမို့ ပို ပြီး တော့ အားလုံးလုံခြုံမှာဖြစ်တယ်။ ပြည်သူတွေလုံခြုံဖို့ လိုအပ်တဲ့ Mask တို့ ၊ Face shield (မျက်နှာ အကာ)တို့လည်း နိုင်ငံတော်ကနေ တာဝန်ယူလုပ်ပေးပါမယ်။ ကျန်းမာရေးအတွက်လည်း ၆၀ကျော်တွေအတွက် ပိုစိတ်ချရပါတယ်။ ကျမလည်းအိမ်ကနေ ကြိုတင်မဲပေးလို့ရတာပေါ့။”

ရွေးကောက်ပွဲ ဥပေဒမှာတော့ မဲဆန္ဒနယ်မြေမှာ ရှိနေပေမဲ့ ကိုယ်တိုင်လာမဲမပေးနိုင်တဲ့ အသက်အရွယ် ကြီးရင့်နေသူတွေအနေနဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်နဲ့ ဆန္ဒမဲပေးခွင့်ရှိပြီး သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက စီစဉ်ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါ တယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်နဲ့ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ရွေးကောက်ပွဲမှာတော့ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော် ရှိမယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

ကိုဗစ်ကာလ ရွေးကောက်ပွဲ သက်ကြီးပိုင်း မဲ ဆန္ဒရှင်များ အိမ်ကနေ ကြိုတင်မဲပေးနိုင်


................


(Unicode)









