COVID 19 ဒဏ်သင့် ရခိုင်က ပညာရေး ဝန်ထမ်းတွေကို ငွေသုံးသောင်းစီ ထောက်ပံ့

မှတ်တမ်းဓါတ်ပုံ -ရန်ကုန်မြို့က အထက်တန်းကျောင်းတခုမှာ COVID-19 ကပ်ရောဂါကာလ ပထမဆုံး ကျောင်းဖွင့်ရက် မြင်ကွင်း။ (ဇူလိုင် ၂၁၊ ၂၀၂၀)

(Zawgyi/Unicode)

ကိုဗစ်တစ်ကျော့ပြန်ကူးစက်မှု အများဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ အမှုထမ်းနေကြတဲ့ ပညာရေးဝန်ထမ်းတွေကို အရေးပေါ်ကာလ ထောက်ပံ့ကြေးအဖြစ် တစ်ဦးကို ‌ငွေကျပ် ၃၀၀၀၀ စီ ထောက်ပံ့နေပါတယ်။ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် မအိမ့်သန္တာထွန်း က အပြည့်အစုံ တင်ပြပေးမှာပါ။

ကပ်ရောဂါနဲ့ စစ်ရေးပဋိပက္ခတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ ပညာရေးဝန်ထမ်းတွေ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၃၀,၀၀၀ စီ စပေးနေပြီလို့ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။

ကပ်ရောဂါကူးစက်မှုတွေ တိုးလာရာက ပြည်နယ်တခုလုံး မလိုအပ်ရင်အပြင်မထွက်ဖို့ အမိန့်ထုတ်ပြန်ထားသလို စာသင်ကျောင်းတွေ အားလုံးကိုလည်း ပိတ်ထားရချိန်မှာ အခက်အခဲ ကြုံနေရတဲ့ ဝန်ထမ်းတွေအတွက် ထောက်ပံ့နေတာလို့လည်း အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ‌ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

“ဆရာ၊ဆရာမတွေ နောက် ပညာရေးဝန်ထမ်းတွေကို ဆန်၊ ဆီ၊ ကြက်သွန်၊ ပဲပေါ့ အဲ့ဒါတွေ ဝယ်ဖို့အတွက် ၃၀၀၀၀ စီ ထောက်ပံ့ဖို့ ဆိုပြီးတော့ စစ်တွေမှာ အုံလိုက်ကျင်းလိုက်တွေ့တဲ့ နောက်နေ့မှာပဲ ဆရာတို့ ဝန်ကြီးဌာနက နေပြီးတော့ ဆုံးဖြတ်လိုက်တာပေါ့နော်။ အဲ့လို ဆုံးဖြတ်လိုက်တဲ့ အတွက်ကြောင့်မို့လို့ အခြေခံပညာ ဦးစီးဌာန အနေနဲ့ ချက်ချင်းပဲ အဲ့နေ နေ့ချင်းပဲ ဘဏ္ဍာငွေခွဲဝေတာတွေ ကျွန်တော်တို့သိပါတယ်။ အခက်အခဲကို ထိုက်သင့်သလောက်ပြေလည်နိုင်အောင်ဆိုပြီးတော့ ပညာရေးဝန်ကြီးဌာန အနေနဲ့ ထောက်ပံ့တာဖြစ်တယ်။ ရခိုင်ဒေသကျတော့ ကိုဗစ်ကူးစက်မှုအပြင် နယ်မြေ မအေးချမ်းတဲ့ အတွက်ကြောင့်လည်း ပါမယ်လို့ ယူဆပါတယ်။ အထူးဒေသအဖြစ်သတ်မှတ်ပြီးတော့ ပေးတဲ့ သဘောမျိုးဖြစ်မယ်လို့ ယူဆပါတယ်။”

ရခိုင်ပြည်နယ်မှာ ပညာရေးဝန်ထမ်းတွေ ထောက်ပံ့ကြေးပေးမယ့် ကိစ္စနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်က အလယ်တန်းပြ ဆရာမ ဒေါ်ခင်သန္တာက ခုလို ပြောပါတယ်။

“ပိုက်ဆံ ၃၀,၀၀၀ ပေးမယ့် ကိစ္စက ဒီနေ့ လကုန်ရက်မှာတော့ မရသေးဘူး။ မရသေးဘဲ မနက်ဖြန်ကျရင် ကျောင်းအုပ်စုလေ ကျောင်းအုပ်စုတွေဖွဲ့ထားတာက ခေါင်းဆောင်ကျောင်းက ကျောင်းအုပ်ကြီးတွေ ဆရာမကြီးတွေ ဆီမှာ ထုတ်ရမယ်လို့ ပြောတယ်။ ဒီနေ့ကတော့ လက်မှတ်တွေထိုးပြီးတော့ ဆရာမကို အပ်ခဲ့ရတယ်။ အဲ့ဒီလက်မှတ်အတိုင်း မနက်ဖြန်ကျရင် ထုတ်ပေးမယ်လို့ ပြောတယ်။”

အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ‌ဒေါက်တာတင်မောင်ဝင်းကတော့ ရခိုင်ပြည်နယ်ထဲက လက်လှမ်းမမီနိုင်တဲ့ ဒေသတွေမှာ ဆရာဆရာမ လိုအပ်ချက်အရ ခန့်ထားတဲ့ သင်ကြားရေး လက်ထောက်တွေနဲ့ တိုင်းရင်းသားဘာသာစကားသင် ဆရာတွေကိုလည်း စိစစ်ပြီး ထောက်ပံ့ဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။

“လူမရှိဘဲပေးတာမျိုးမဖြစ်အောင်တော့ စိစစ်ဖို့လိုအပ်တာပေါ့။ လူမရှိဘဲပေးလိုက်တဲ့ ဟာမျိုးတွေရှိတယ်။ ဥပမာအားဖြင့် ကျောင်းမှာ စာသင်ကျောင်းသားက ၅ ယောက်ပဲရှိပေမယ့်လို့ Language Teacher ကို ၆ ယောက်လောက်ခန့်ထားတာမျိုး စာရွက်ပေါ်ခန့်ထားတဲ့ဟာတွေလည်း တစ်ချိန်တုန်းက ရှိခဲ့တာပေါ့နော်။ ဒါကြောင့်မို့ အဲ့ဒါတွေလည်း မဖြစ်အောင် သေချာ ကြပ်မတ်မှ ရမှာပေါ့နော်။ ”

ရခိုင်ပြည်နယ်မှာ တနလာၤနေ့ မနက် ၈ နာရီအထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ စုစုပေါင်းက ၃၆၁ ဦး ရှိနေပါတယ်။ မြန်မာတနိုင်ငံလုံး အနေနဲ့ကတော့ သေဆုံးသူ ၆ ဦး အပါအဝင် ကူးစက်သူ ၇၈၇ ယောက် ရှိပါတယ်။

Your browser doesn’t support HTML5

COVID 19 ဒဏ်သင့် ရခိုင်က ပညာရေး ဝန်ထမ်းတွေကို ငွေသုံးသောင်းစီ ထောက်ပံ့


..............


(Unicode)








