မြန်မာနိုင်ငံမှာ Omicron ကိုဗစ်ပိုး ပြည်တွင်းကူးစက်သူတွေရှိနေချိန် ရောဂါကာကွယ်ရေးနည်းလမ်းတွေကို လူတိုင်းလိုက်နာဖို့ ကျွမ်းကျင်သူတွေ တိုက်တွန်းနေသလို၊ ရောဂါကာကွယ်ဆေး လူတိုင်း မဖြစ်မနေထိုးထားဖို့ကိုလည်း သတိပေးနေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်နဲ့ ကာကွယ်ဆေးထိုးသူတွေရှိသလို၊ ကာကွယ်ဆေးထိုးနိုင်တဲ့ အခြေအနေမရသေးသူတွေလည်း ရှိနေပါတယ်။ တချို့ကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် အဖိုးအခပေးပြီး ကပ်ရောဂါကာကွယ်ဆေး ထိုးနေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပိုတဲ့သတင်းကို နန်းလောဝ်ပြောပြပါမယ်။
မြန်မာနိုင်ငံမှာ ကူးစက်မြန် Omicron ကိုဗစ်ပိုး အတည်ပြုလူနာ ၁၈၀ ကျော်ရှိတဲ့ထဲမှာ ၂ ယောက်က ပြည်တွင်းမှာ ကူးစက်သူတွေ ဖြစ်ပါတယ်။ Omicron ကိုဗစ်ပိုး မကူးစက်အောင် ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေကို အလေးထားကြဖို့နဲ့ ကိုဗစ်ကူးစက်ခဲ့ရင်တောင် ရောဂါကို ပြင်းပြင်းထန်ထန် မခံစားရအောင် အားဖြည့် ကိုဗစ်ကာကွယ်ဆေးထိုး ထိုးကြဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းနေပါတယ်။ ကိုဗစ်ကာကွယ်ဆေး လူတိုင်းထိုးနှံနိုင်ဖို့ ကျန်းမာရေးဌာနက မြို့နယ်အလိုက် ဆောင်ရွက်ပေးနေတယ်လို့ စစ်ကောင်စီရဲ့ သတင်းမီဒီယာတွေကနေတဆင့် နေ့စဉ်ထုတ်ပြန်နေပါတယ်။
မြန်မာနိုင်ငံမှာတော့ အားဖြည့်ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေ မတေ့ွရသေးပေမဲ့ ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ အစီအစဉ်နဲ့ ကိုဗစ်ကာကွယ်ဆေးထိုး ၂ ကြိမ်ထိုးထားပြီးသူတွေတော့ တော်တော်များများရှိနေပါတယ်။ ပထမတကြိမ်ထိုးပြီးလို့ ဒုတိယအကြိမ် ထိုးဖို့ စောင့်နေသူတွေလည်း မနည်းပါဘူး။ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှာ ကာကွယ်ဆေး ဒုတိယတကြိမ်ထိုးဖို့ ကျန်နေသူတွေကို ဆေးခွဲတမ်းရသလောက် တရက်တည်းသာ ထိုးပေးသွားမယ်လို့ မြို့နယ်ကိုဗစ်ရောဂါ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။ ကာကွယ်ဆေး လုံးဝမထိုးရသေးလို့ စောင့်ဆိုင်းနေသူတွေအတွက်တော့ ဆေးခွဲတမ်းပေါ်မူတည်ပြီး စောင့်ဆိုင်းနေရတယ်လို့ ဒေသခံတဦးကပြောပါတယ်။
"ဒီမှာက အခုဟာက သူတို့ဆေးအသစ်တွေ ထပ်မရောက်သေးဘူးပြောတယ်။ ကိုဗစ်ဆေးခွဲတမ်းအသစ်တွေ ထပ်မရောက်သေးဘူးပြောတယ်၊ ပထမတကြိမ်ထိုးဖို့အတွက်ကိုလေ မရောက်သေးဘူးလို့ပြောတယ်။ အဟောင်းတွေကတော့ ထိုးပြီးသွားကြပြီ။ အရင်တခေါက်ကတော့ ဒုတိယအသုတ်ဆိုပြီးတော့ သူတို့ခေါ်ထိုးတာတွေ့တယ်။ ဒါကကျတော့ မြို့ပေါ်ကလူတော့ မဟုတ်ဘူး။ အဲဒီနေ့ကတော့ ရွာဘက်ကလူတွေ အများဆုံးပဲ သူတို့ခေါ်ထိုးတာပေါ့နော်။"
နောင်ချိုမြို့ ထဲက တောင်ရပ်ကွက်မှာရှိတဲ့ မဏိရတနာခန်းမနေရာမှာ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပေးနေတာပါ။ ခန်းမအကျယ်အဝန်းနဲ့ ကိုဗစ်ကာကွယ်ဆေးလာထိုးသူ အရေအတွက် မမျှတာကြောင့် ရောဂါပိုးကူးစက်ခံရမှာကို ပြန်ပြီး စိုးရိမ်နေရတဲ့ အခြေအနေကိုလည်း ခုလိုပြောပါတယ်။
"ရက်သတ်မှတ်ချက်တွေကတော့ အဆင်ပြေတယ်။ နေရာကတော့ အဆင်မပြေဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တအားကြီးကျပ်တဲ့အခါကျတော့ လူတွေကလေ တယောက်နဲ့တယောက်ကလည်း ပြွတ်သိပ်ကြပ်ညပ် အဲလိုမျိုးတွေ တန်းစီရတဲ့အခါကျတော့ ပိုဆိုးတာပေါ့။ ရောဂါဖြစ်မှာစိုးလို့ ဆေးလာထိုးခါမှ ရောဂါကူးမယ်။ အဲလိုပုံစံမျိုးဖြစ်နေတာပေါ့ လူတွေက တအားများတဲ့အခါကျတော့လေ။"
ကျန်းမာရေးဌာနရဲ့ အစီအစဉ်နဲ့ ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံရမယ့်အုပ်စုအလိုက် သတ်မှတ်ရက်အတိုင်း အခမဲ့ထိုးနေတာဖြစ်ပါတယ်။ တချို့ကတော့
ကိုယ့်အစီအစဉ်နဲ့ကိုယ် အခကြေးငွေပေးပြီး ဆေးထိုးနိုင်တဲ့ နေရာတွေမှာ ကိုဗစ်ကာကွယ်ဆေး ထိုးနေကြပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုး ဝန်ဆောင်မှုပေးနေတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေက ကာကွယ်ဆေးထိုးနှံချင်သူ တဦးချင်း ဒါမှမဟုတ် အစုအဖွဲ့အလိုက် ဝန်ဆောင်မှုပေးတာတွေလည်း ရှိလာပါတယ်။ အဖိုးအခယူပြီး ကိုဗစ်ကာကွယ်ဆေးထိုးဝန်ဆောင်မှုပေးနေတဲ့ Lodggy ဆိုတဲ့ ခရီးသွားလုပ်ငန်းက ခုလိုရှင်းပြပါတယ်။
"ဆေးကကျတော့ လူ ၁၀ ယောက်ကို ၁ လုံးထိုးရတာဖြစ်တဲ့အတွက် လူစုရတယ်။ Batch တခုကို Weekend တိုင်းမှာ ရှိတယ်ပေါ့နော်။ နောက်တခုက နောက်ထပ် Product တခုအနေနဲ့ Home Service ရှိပါတယ်။ သူကကျတော့လည်း ညီမတို့ date ပေးတာများတယ်။ ဒါပေမယ့် ဆေးထိုးမယ့်သူက လူများမယ်ဆို ၁၀ ယောက်ဖြစ်တယ်ဆိုရင်တော့ သူတို့လိုချင်တဲ့ date ရနိုင်တယ်ပေါ့နော်။ နောက်ပြီးတော့ ကုမ္ပဏီအဖွဲ့အစည်းတွေကို လိုက်ထိုးပေးတာ Product နောက်တခုပေါ့နော်။ လောလောဆယ် ဆေးထိုးတာနဲ့ပတ်သက်ပြီး အဲလို ၃ မျိုးခွဲထားတယ်။ အာမခံချက်သဘောမျိုးကတော့ ဆေးထိုးပေးတဲ့ ဒေါက်တာရဲ့ ဆမ သဘောမျိုးပေးထားတယ်။ နောက်ပြီးတော့ Lodggy ကနေပြီးတော့ letterhead ပုံစံမျိုးထုတ်ပေးတာ ရှိပါတယ်ရှင့်။"
မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူက ၁၈ သန်းကျော် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
တချိန်ထဲမှာ ကပ်ရောဂါကာကွယ်ဆေး လုံးဝမထိုးရသေးဘဲ ကိုယ့်အလှည့်ရောက်ဖို့ စောင့်ဆိုင်းနေသူတွေလည်း ရှိပါတယ်။ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ တချို့ကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် အဖိုးအခပေးပြီး အားဖြည့်ကိုဗစ်ကာကွယ်ဆေး ထိုးထားကြပါတယ်။
...............................................................................................
Your browser doesn’t support HTML5
(Unicode)