ကိုဗစ်တကျော့ပြန် ဖြစ်ပွားနိုင်ခြေနည်းကြောင်း WHO ပြော

(Zawgyi/Unicode)

ဟောင်ကောင်မှာ ကိုဗစ် ၁၉ ရောဂါ နောက်တချီ ပြန်ဖြစ်ပွါးသူ အတည်ပြုလူနာ တဦးကို တွေ့ရှိခဲ့တာဟာ လူပေါင်း ၂၃ သန်း ကျော် ထဲက တဦးဖြစ်နေတာ ကြောင့် အခုလို တကျော့ပြန်ဖြစ်ပွားနိုင်ခြေဟာ သိပ်ကို နည်းပါးတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောပါတယ်။

ဒီရောဂါအကူးစက်ခံခဲ့ရသူ တဦးဟာ နောက် ၄ လ ကျော် ကြာသွားချိန်မှာ ထပ်မံ ဖြစ်ပွါးခဲ့ပြီး အခု တွေ့ရတဲ့ ဗိုင်းရပ်စ်ဟာ ပထမအကူးစက်ခံရချိန်က ဗိုင်းရပ်စ် နဲ့ မတူကြောင်း ဟောင်ကောင်တက္ကသိုလ် သုတေသီတွေက တနင်္လာနေ့က ကြေညာခဲ့တာ ဖြစ်ပါတယ်။

အခုလို တွေ့ရှိချက်တွေကို မှတ်တမ်းတင် အတည်ပြုရေးဟာ အရေးကြီးကြောင်းလည်း WHO ပြောခွင့်ရ Dr. Margaret Harris က အင်္ဂါနေ့ အွန်လိုင်း ဂျနီဗာသတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

အရင်ကလည်း ပြန်အကူးစက်ခံရတယ် ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေထွက်ပေါ်ခဲ့ ပေမယ့် ဒါဟာ ဒီရောဂါပိုး ရှိမရှိ စမ်းသပ်စစ်ဆေးစဉ်မှာ ပေါ်ပေါက်ခဲ့တဲ့ ပြဿနာ ဖြစ်နိုင်ချေရှိနေတာပါ။

အခု ဒီရောဂါ ပြန်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တာဟာ လူ ၂၃ သန်းကျော်မှာ တဦးဖြစ်ကြောင်းနဲ့ တကယ်လို့ ဒီလို ကူးစက်မှုမျိုး ပုံမှန်လိုလို ရှိနေတယ် ဆိုရင် အခု အချိန်လောက်မှာ ဒီလိုဖြစ်ပွါးသူ အရေတွက် ဒီ့ထက်မက ပိုများမှာ ဖြစ်ကြောင်းလည်း Dr. Harris က ပြောပါတယ်။

ဒီရောဂါပိုး အကူးစက်ခံရသူတွေမှာ ဒီဗိုင်းရပ်စ် အတွက် ခုခံနိုင်အားတွေ ထွက်လာတတ်တာကြောင့် ရောဂါအကူးစက်ခံရသူတွေကို ခြေရာခံလိုက်တာ၊ ခန္ဓာကိုယ် ခုခံနိုင်အား တိုင်းတာတာတွေ လုပ်ပြီး ဒီခုခံအားဘယ်လောက် ကြာကြာခံတယ်ဆိုတာကို လေ့လာနေကြတဲ့ သုတေသနအဖွဲ့ အများအပြား ရှိနေကြောင်းလည်း ပြောပါတယ်။

Your browser doesn’t support HTML5

ကိုဗစ်တကျော့ပြန် ဖြစ်ပွားနိုင်ခြေနည်းကြောင်း WHO ပြော


.............


(Unicode)





