CRPH ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းကြောင်း ကြေညာချက်ကို NCA ၁၀ ဖွဲ့ ကြိုဆို

CRPH က ဖျက်သိမ်းကြောင်း ကြေညာခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ။

(Zawgyi / Unicode)

NCA အပစ်ရပ်စာချုပ်လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးဟာ ဒီကနေ့ ပြီးဆုံးခဲ့ပြီး CRPH ခေါ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ထုတ်ပြန်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းတာနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ကြိုဆိုလိုက်တာအပြင် CRPH နဲ့ ပူးပေါင်းဆောင်ရွက်မယ့် အလားအလာတွေအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မဆုမွန် တင်ပြပေးထားပါတယ်။

NCA မှာ ပါဝင်တဲ့ လက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို Video Conferencing နဲ့ ၂ ရက်ကြာ ကျင်းပပြီးတဲ့နောက်မှာ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းတာနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ထုတ်ပြန်တာကို ထောက်ခံကြိုဆိုကြောင်း ဆုံးဖြတ်ခဲ့တာပါ။

ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ရဲ့ အစည်းအဝေးအပြီး အပိတ်မိန့်ခွန်းမှာ အခုလို ထည့်သွင်း ပြောဆိုထားပါတယ်။

“ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာချက်နှင့် CRPH ထုတ်ပြန်ခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်တို့အား ကြိုဆိုပါကြောင်း ပြောကြားလိုပါတယ်။”

PPST ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း ဒီအချက်တွေကို ထည့်သွင်းထားပါတယ်။

ဒီလို ထောက်ခံကြိုဆိုထားပေမယ့် CRPH နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အတွက်ကတော့ ဆွေးနွေးနေဆဲရှိကြောင်း PPST ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ လျန်မှုန်းဆာခေါင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ၁၀ ဖွဲ့လုံး အနေနဲ့တော့ ပံ့ပိုးကူညီမယ်ဆိုတဲ့ အဆင့်မှာ ရှိပါတယ်။ ပူးပေါင်းဆောင်ရွက်ဖို့ အဆင့်ကြတော့ ကျနော်တို့ တဖွဲ့ချင်းအတွင်းမှာ ပြန်တိုင်ပင်ပြီးတော့ လိုအပ်လို့ရှိရင် စုပေါင်း ပူးပေါင်းပါဝင်မယ်။ လိုအပ်လို့ရှိရင် တဖွဲ့ချင်းအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ အခု ပြည်သူလူထု တရပ်လုံးက ဆင်နွှဲနေတာကို အားပေးမယ်၊ ထောက်ခံမယ်၊ ကူညီမယ်။ ဒီထဲမှာ ပူးပေါင်းဆောင်ရွက်မယ် ဆိုတာကတော့ ကဏ္ဍအရ အများကြီးရှိပါတယ်။ သို့သော် ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းကတော့ ကျနော်တို့မှာ ဆွေးနွေးနေတုန်း ဖြစ်ပါတယ်။”

SEE ALSO: စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ဆွေးနွေး

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖွဲ့စည်းသွားမယ်လို့ ကြေညာထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ကိစ္စကိုလည်း တရားဝင်ဆွေးနွေးထားတာ မရှိသေးကြောင်း ဒေါက်တာ လျန်မှုန်းဆာခေါင်းက ဆက်ပြောပါတယ်။

“ဖက်ဒရယ်အာမီကိစ္စနဲ့ CRPH နဲ့ ကျနော်တို့ PPST အတွင်းမှာ တရားဝင်ဆွေးနွေးတဲ့ အဆင့်တောင် မရောက်သေးဘူး။ ကျနော်တို့ တိုင်ပင်ညှိနှိုင်းပြီးတော့မှ ဒါ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ အဆင့်ကျမှပဲ ကျနော် ဒီကိစ္စကို ဖြေကြားလို့ရမှာ ဖြစ်ပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အနေနဲ့ NCA ခေါ် အပစ်ရပ်စာချုပ်ဟာ ပြည်ထောင်စုအစိုးရနဲ့ ချုပ်ဆိုတဲ့ စာချုပ်ဖြစ်တာကြောင့် လက်ရှိအခြေအနေမှာ စစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးမှာ မဟုတ်ဘဲ ရွေးကောက်ခံ ပြည်ထောင်စုအစိုးရ ပြန်လည်ဖွဲ့စည်းပြီးမှသာ နိုင်ငံရေးဆွေးနွေးဖို့ ရှိနေတာ ဖြစ်ပါတယ်။

NCA စာချုပ်အရ ဆွေးနွေးမှုတွေ ရပ်ဆိုင်းချိန်မှာ NCA လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေနဲ့ မထိုးသေးတဲ့အဖွဲ့တွေ စုစည်းပြီး PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ကို ဖက်ဒရယ်ကောင်စီအဖြစ် ဖွဲ့စည်းသွားဖို့လည်း ပြင်ဆင်နေကြောင်း ဒေါက်တာ လျန်မှုန်းဆာခေါင်းက ပြောပါတယ်။

ဒီကနေ့ထုတ်ပြန်တဲ့ PPST ရဲ့ ကြေညာချက်မှာ အပြစ်မဲ့ပြည်သူတွေကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ် ပစ်ခတ်နှိမ်နင်းမှုကို ချက်ချင်းရပ်တန့်ဖို့၊ ဖမ်းဆီးထားသူတွေကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့၊ ပြည်သူလူထု တရပ်လုံးက ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေး အပါအဝင် CDM လှုပ်ရှားမှုများကို ဆက်လက်ပံ့ပိုး ကူညီဖို့တို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းကြောင်း CRPH ရဲ့ ကြေညာချက်ကို ကြိုဆိုကြောင်းနဲ့ CRPH က ထုတ်လိုက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ကြေညာချက်ကို ကြိုဆိုကြောင်း စတဲ့ အချက် ၅ ချက်ကို ထည့်သွင်း ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

CRPH ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းကြောင်း ကြေညာချက်ကို NCA ၁၀ ဖွဲ့ ကြိုဆို

----------------------

(Unicode)




SEE ALSO: CRPH ဖယ်ဒရယ်ပဋိညာဉ် ကြေညာစာတမ်း ထုတ်ပြန်









