{{Zawgyi/Unicode}}
အမေရိကန်သမ္မတဟောင်းထရမ့်ဟာ သူ့ရဲ့ဖလော်ရီဒါအိမ်ကနေ သူ့ကို ရာဇဝတ်မှုနဲ့ ဒီကနေ့ အင်္ဂါနေ့ရုံးတင်မယ့် နယူးယောက်မြို့ကို ရောက်ရှိနေပါပြီ။ အမေရိကန်သမ္မတဟောင်းတယောက်ကို ရာဇဝတ်မှုကြောင်းအရ တရားစွဲရုံးတင်တာ ဒါဟာ ပထမဆုံးအမှုလည်းဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲအနိုင်မရခင် အပြာရုပ်ရှင်မင်းသမီးတယောက်ကို မစ္စတာထရမ့်က နှုတ်ပိတ်ခ ဒေါ်လာ ၁ သိန်း ၃ သောင်းပေးခဲ့တာနဲ့ ဒီ အမှုက ပတ်သက်နေပါတယ်။ မစ္စတာထရမ့်ကတော့ ဒီလို ဆက်စပ်တယ်ဆိုတာကို ငြင်းဆိုထားပါတယ်။
ဒီအမှုမှာ မစ္စတာထရမ့်ဟာ ရာဇဝတ်ကြောင်းသင့်နိုင်တဲ့ဖြစ်ရပ် ၃၀ ကျော်ကျူးလွန်ခဲ့တယ်လို့ သူ့အမှုကို စုံစမ်းစစ်ဆေးခဲ့တဲ့ အထူးတရားသူကြီးက စွဲတင်ထားပါတယ်။ ဒါပေမဲ့ ဘာနဲ့စွဲဆိုမယ်ဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။ စွဲချက်ကို ချိတ်ပိတ်ထားပြီး နယူးယောက်လွှတ်တော်တရားရုံးချုပ် တရားသူကြီး Juan Merchan ရှေ့မှောက်မှာ ဖွင့်တဲ့အခါကျမှ အများပြည်သူ သိရမှာ ဖြစ်ပါတယ်။
တခြားရာဇဝတ်မှုနဲ့ တရားရင်ဆိုင်ကြရသူတွေလိုပဲ မစ္စတာထရမ့်ရဲ့လက်ဗွေကို ယူမှာဖြစ်သလို တရားစွဲဆိုခံရသူတွေ အရိုက်ခံရလေ့ရှိတဲ့ပုံစံအတိုင်း ဓာတ်ပုံလည်းအရိုက်ခံရမှာ ဖြစ်ပါတယ်။
ရုံးတင်မယ့် တရားရုံးအနီးအနားမှာ အတားအဆီးတွေ ချထားပါတယ်။ ထရမ့်ရဲ့ မဟာမိတ်၊ အောက်လွှတ်တော်အမတ် Marjorie Taylor Greene နဲ့ နယူးယောက် ရီပါဘလီကန် လူငယ်ကလပ်အဖွဲ့ဝင်တွေက အင်္ဂါနေ့နေ့လယ်ပိုင်းမှာ တရားရုံးရဲ့ လမ်းတဘက်ကနေ ဆန္ဒပြကြဖို့လည်း စီစဉ်ထားကြပါတယ်။
ထရမ့်ကိုရုံးတင်မယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ သတင်းထွက်လာပြီးကတည်းက ရံပုံငွေ ၅ သန်း ရရှိပြီး လုပ်အားပေး ၁၆,၀၀၀ စာရင်းပေးထားပြီးကြပြီလို့ ထရမ့်ရဲ့ရွေးကောက်ပွဲစည်းရုံးရေးအဖွဲ့က ပြောပါတယ်။ သမ္မတဂျိုးဘိုင်ဒန်နိုင်ခဲ့တဲ့ ရွေးကောက်ပွဲရလာဒ်ကို ပြောင်းပစ်လိုမှုနဲ့ လျှို့ဝှက်စာရွက်စာတမ်းများ လက်ဝယ်ထားရှိမှုအပါအဝင် ကိစ္စတချို့ကိုလည်း ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးတာကို မစ္စတာထရမ့် ရင်ဆိုင်နေရပါတယ်။
Your browser doesn’t support HTML5
=============
{{Unicode}}