New Hampshire ပါတီတွင်းရွေးကောက်ပွဲအလွန် ပြိုင်ဘက်နှစ်ဦး အလားအလာ

သမ္မတဟောင်း အိမ်ခြံမြေလုပ်ငန်းရှင် Donald Trump နဲ့ ပါတီတွင်းပြိုင်ဘက် အမေရိကန်ဆိုင်ရာ ကုလသံအမတ်ဟောင်း Nikki Haley

သမ္မတဟောင်း အိမ်ခြံမြေလုပ်ငန်းရှင် Donald Trump နဲ့ ပါတီတွင်းပြိုင်ဘက် အမေရိကန်ဆိုင်ရာ ကုလသံအမတ်ဟောင်း Nikki Haley

ရီပတ်ဘလစ်ကန်ပါတီတွင်း New Hampshire ပြည်နယ် ပါတီသမ္မတကိုယ်စားလှယ်လောင်းရွေးကောက်ပွဲမှာ သမ္မတဟောင်း Donald Trump က ပြိုင်ဘက်ဖြစ်တဲ့ သံအမတ်ကြီးဟောင်း Nikki Haley ကို အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း သံအမတ်ကြီး Nikki Haley ကတော့ ပါတီတွင်းနောက်ထပ်ရွေးကောက်ပွဲတွေမှာ ထပ်မံယှဉ်ပြိုင်သွားမယ်လို့ ပြောထားပါတယ်။ သူတို့နှစ်ဦးရဲ့အလားအလာနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံရေးကို စောင့်ကြည့်နေတဲ့ နယူးရောက်က မြန်မာနွယ်ဖွား ကိုမိုးချမ်းကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ အင်္ဂါနေ့က နယူးဟမ့်ရှိုင်းယားပြည်နယ်မှာ ရီပတ်ဘလစ်ကန်ပါတီတွင်း သမ္မတလောင်းရွေးပွဲတွေ လုပ်တဲ့အချိန်မှာ အများမျှော်လင့်ထားတဲ့အတိုင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အမေရိကန်သံအမတ်ကြီးဟောင်း Nikki Haley ကို အနိုင်ရသွားပါတယ်။ ဆိုတော့ အဲဒီ ရီပတ်ဘလစ်ကန်ပါတီတွင်းမှာ အခု ထရမ့်ကနေပြီးတော့ တောက်လျှောက် အသာစီးရနေတဲ့အလားအလာပေါ်မှာ ဘယ်လို သုံးသပ်လဲရှင့်။

ကိုမိုးချမ်း။ ။ အဲဒါကတော့ ရီပတ်ဘလစ်ကန်တွေကြားထဲမှာ တော်တော်များများက မျှော်လင့်ထားပြီးသားပေါ့နော်၊ ဒါပေမဲ့ အဲလိုပြောလို့ တသီးပုဂ္ဂလပေါ့နော်၊ ရီပတ်ဘလစ်ကန်ထဲမှာလည်း တသီးပုဂ္ဂလဘက်ကို ယိမ်းတဲ့သူတွေရှိတယ်။ နောက်ပြီးတော့လက်ရှိဖြစ်ပျက်နေတဲ့အနေထားပေါ်မှာ ယှဥ်ထိုးပြီးတော့မှ ကြည့်တဲ့လူတွေ ရှိတယ်။ အဲဒီလိုလူတွေက တကဏ္ဍသပ်သပ်ရှိလိမ့်မယ်။ ဆိုတော့ အဲလိုမျိုး အနေအထားပေါ်မှာမူတည်ပြီးတော့ ကြည့်လိုက်တော့ နယူးဟမ့်ရှိုင်းယားမှာ တော်တော်များများက မျှော်လင့်ထားတာက ဒေါ်နယ်ထရမ့်က အနည်းဆုံး ၂၀ % လောက်ကို Nikki Haley ထက်ကို သာမယ်လို့ မျှော်လင့်ထားကြတာပေါ့နော်။ ဒါပေမဲ့ အခု ထွက်လာတော့ ၁၀ % တောင်မှ မပြည့်တပြည့်ဖြစ်နေတယ်ပေါ့။ မဲတွေကတော့ အားလုံးရေတွက်တာ မပြီးသေးဘူးလို့တော့ ပြောတာပေါ့။ ဒါပေမဲ့ တော်တော်များများကတော့ ပြီးနေပြီ​၊ အဲဒီမှာ ၁၀ % တောင်မှ မပြည့်တပြည့် အဲလောက်ပဲ သာတယ်ပေါ့နော်။ အဲဒီအခါကျတော့ Nikki Haley ဘက်က သူတို့မထင်မှတ်တဲ့အနေအထားကနေပြီးတော့မှ မဲတွေတက်လာတယ်ဆိုတာကို တွေ့နေရတယ်ပေါ့နော်။ ဒါပေမဲ့ ဟုတ်ယ်၊​ ရီပတ်ဘလီကန်ထဲမှာကတော့ ဒေါ်နယ်ထရမ့်ရဲ့အရှိန်အဝါကတော့ ကြီးတယ်။​ ဒေါ်နယ်ထရမ့်သည် အဲဒီအတွက်ကြောင့်လည်းပဲ အနိုင်ရသွားတယ်။​

အင်ကြင်းနိုင်။ ။ တဘက်မှာကျတော့ Nikki Haley က နယူးဟမ့်ရှိုင်းယားလိုမျိုး မဲဆန္ဒရှင်အများစုက အလယ်အလတ်သမားတွေများတာပေါ့နော်။ နိုင်ငံရေးအယူအဆအရ ပြောရရင် အလယ်အလတ်များတဲ့သူရှိိတဲ့ပြည်နယ်မှာတောင်မှ သူက ဒေါ်နယ်ထရမ့်နဲ့ယှဥ်ရင် ဒုတိယနေရာမှာပဲ ရှိနေဆဲဖြစ်နေတယ်။ ဒါပေမဲ့ တဘက်မှာလည်း သူကိုယ်တိုင်ကတော့ သူ့ပြည်နယ်ဖြစ်တဲ့ တောင်ကာရိုလိုင်းနားပြည်နယ်အထိ သူသွားမယ်ဆိုတဲ့ Nikki Haley က ပြောဆိုချက်အပေါ်မှာရော ဘယ်လိုမြင်လဲရှင့်။

ကိုမိုးချမ်း၊ ၊ သူကတော့ အကြိတ်အနယ်ဆက်ပြီးတော့ ကြိုးစားမှာပဲ။ အခု ဒီမနက်မှာတင်ပဲ ကျနော်လေ့လာနေတာပေါ့နော်။ သူက အရှုံးမပေးသေးဘူး၊ ဆက်သွားမယ်လို့ ပြောတယ်။ နောက်ပြီး နယူးဟမ့်ရှိုင်းယားမှာရှိတဲ့ နောက်လိုက်တွေ၊ သူ့ကိုထောက်ခံတဲ့သူတွေ ကိုလည်းပဲ မိိန့်ခွန်းပြောသွားတာ တွေ့လိုက်ရတယ်။ သူ့အတွက်က ပွဲမပြီးသေးဘူး၊ အခုမှ အစပဲရှိိသေးတယ် ဆိုပြီးတော့မှ ။ သူပြောတာလည်း မမှားပါဘူး၊ ဒါ အခုမှ ဒုတိယမြောက် ပြည်နယ်လေ၊ နော်။ အခုမှ အစပဲရှိသေးတယ်။ အစကို အဆုံးလို့ သတ်မှတ်လို့မရဘူးပေါ့နော်။ အဲဒီအတွက်ကြောင့် ရှေ့ဆက်ပြီးတော့မှ တိုက်ပွဲဝင်သွားအုံးမယ်ပေါ့၊ ဒေါ်နယ်ထရမ့်ကိုစိန်ခေါ်သွားပြီးတော့မှ ယှဥ်သွားအုံးမယ်ပေါ့နော်။ တပြိုင်နက်တည်းမှာပဲ သူ့အတွက်အလားအလာကောင်းသလားလို့ အပေါ်ယံကြည့်လိုက်လို့ရှိိရင် အလားအလာသိပ်မကောင်းဘူး။ ဒီ ရီပတ်ဘလစ်ကန်ထဲမှာ ကြည့်လိုက်မယ်ဆိုရင်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ဒေါ်နယ်ထရမ့်ရဲ့သြဇာက မနည်းဘူးလေ-နော်။ ဆိုတော့ ဘယ်လိုပဲဖြစ်နေ ဖြစ်နေ သူသည် တနည်းအားဖြင့် ပြောရမယ်ဆိုရင် ဘုရားသိကြား မ-မလား၊ မျက်လှည့်ပြမှုတွေများပေါ်လာမလားဆိုတဲ့ အနေအထားမျိုးမှာ မူတည်ပြီးတော့ သူကတော့ ဆက်လက် ကြိုးစားသွားနိုင်တယ်။ ကြိုးစားသွားဖို့အတွက်လည်း အခိုင်အမာကို သံန္နိဌာန်ချထားပုံရတယ်။

အင်ကြင်းနိုင်။ ။ ရီပတ်ဘလစ်ကန်ပါတီတွင်းမှာ အထူးသဖြင့်ပေါ့နော်၊ သူတို့က ကွန်ဆာဗေးတစ် (ရှေးရိုးစွဲ) အများစုဖြစ်တယ်၊၊ ဒါပေမဲ့ တဘက်မှာ ထရမ့်ကို ပုခုံးချင်းယှဥ်ဖို့ ကြိုးစားနေတဲ့အမျိုးသမီးတယောက်အပေါ်မှာ ပါတီတွင်း ထောက်ခံမှုအလားလာကရော ဘယ်လိုရှိလာနိုင်လဲ၊

ကိုမိုးချမ်း။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် ခက်တယ်ဗျ။ ဘာလို့လဲဆို ရီပတ်ဘလစ်ကန်ထဲမှာက ရှေးရိုးစွဲတွေများတယ်။ လှေနံဓားထစ်တွေများတယ်။ ဒါမှဒါ ဆိုတဲ့သူတွေများတယ်။ အဲလိုအနေအထားပေါ်မှာ မူတည်ပြီးတော့မှ ဒေါ်နယ်ထရမ့်ကလည်း ဒီလိုလူမျိုးတွေကို ကောင်းကောင်းသိထားတယ်။ သူက ဒီလိုလူမျိုုးတွေကြိုက်တာဘာလဲ၊ ဒီလိုလူမျိုးတွေလိုချင်တာဘာလဲ၊ …သူက စီးပွါးရေးလုပ်ငန်း ဆိုတာတောင်မှ တချို့က သူ့ကို ဝေဖန်ပါတယ်လေ။ တကယ့်စီးပွါးရေးသမားတွေက သူ့ကို ဝေဖန်ပါတယ်။​ ထားပါတော့- ဒါကတော့ နောက်တက္ဍပေါ့နော။ ဒါပေမဲ့ သူသည် ငှက်ပျောသီးလိုချင်တဲ့သူကို ငှက်ပျောသီးကျွေးလိုက်တယ်။ အုန်းသီးလိုချင်တဲ့သူကို အုန်းသီး ပေးတတ်တယ်။ အဲလိုအနေအထားမျိုးမှာ ကျွမ်းကျင်တာဖြစ်တဲ့အတွက်ကြောင့် ရီပတ်ဘလစ်ကန် ရှေးရိုးစွဲပါတီ ရီပတ်ဘလစ်ကန်ထဲမှာ သာမန်လူတွေတော်တော်များများ ဘာလိုချင်သလဲဆိုတာ သူက သိနေတာဖြစ်တဲ့အတွက်ကြောင့် မျက်စိမှိတ်ပြီးတော့မှ သူတို့လိုချင်တဲ့အခွင့်အရေးတွေ၊ သူတို့လိုချင်တဲ့အရေးတွကို ဖြေရှင်းပေးဖို့အတွက်၊ ကိုင်တွယ်ဖို့အတွက် သူ့အနေနဲ့ ဝန်လေးတဲ့သူတယောက် မဟုတ်ဘူးဆိုတာကို ရီပတ်ဘလစ်ကန်တော်တော်များများက သိထားတယ်။​ ဒီအပေါ်မှာမူတည်ပြီးတော့မှ သူ့အပေါ်မှာ ဝိုင်းပြီးတော့ မဲထည့်ကြတဲ့သဘောလို့ အဲလို မြင်လို့ရတယ်ပေါ့နော်။

Your browser doesn’t support HTML5

New Hamsphire ပါတီတွင်းရွေးကောက်ပွဲအလွန် ပြိုင်ဘက်နှစ်ဦး အလားအလာ