ဗီဇပြောင်း ကိုရိုနာဗိုင်းရပ် နှင့် ကာကွယ်ဆေးအလားအလာ (မြန်မာသမားတော်နဲ့ဆက်သွယ်မေးမြန်းချက်)

(Zawgyi/Unicode)

ကိုရိုနာ ဗိုင်းရပ်စ် မျိုးဗီဇ ပြောင်းလဲမှုမှာ မူလဗိုင်းရပ်စ်ထက် ပိုပြီးအစွမ်းထက်လာတဲ့သဘောတွေ့ရကြောင်း ဗြိတိန်နိုင်ငံ ရောက် မြန်မာသမားတော်တဦးက ဗွီအိုအေကိုပြောပါတယ်။

လက်ရှိ ဗြိတိန်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားမှာ ကိုရိုနာဗိုင်းရပ်စ် မျိးဗီဇဖွဲ့စည်းပုံ ဆင့်ကဲပြောင်းလဲပြီး ကူးစက် မြန်လာနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ဗြိတိန်နိုင်ငံက မြန်မာသမားတော်ကြီး ဒေါက်တာ သက်ကိုကို ကိုကိုအောင်မြတ်သူက ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

အခု နောက်ဆုံးတွေ့ရှိရတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးရဲ့ အန္တရာယ်အတိုင်းအတာကို ဒေါက်တာသက်ကိုကိုက အခုလို စပြောပါတယ်။

ဒေါက်တာသက်ကိုကို။ ။ သူကတော့ အန္ဒရာယ်ပိုကြီးတာတော့ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုင်းရပ်စ်ဆိုသည်မှာ သူ့ရဲ့ပတ်ဝန်းကျင်မှာ သူဆက်လက်ရှင်သန်ရေးအတွက် ဗီဇတွေ အမြဲတမ်းပြောင်းပြီးတော့ ၊ လူတွေသတ်လို့မရအောင်လို့ပေါ့ ။ ပိုခက်အောင်လုပ်တဲ့သဘောရှိတယ်။ ဒီဗိုင်းရပ်စ်မှမဟုတ်ဘူး။ တခြားဗိုင်းရပ်စ်တွေလည်း အဲလိုလုပ်ကြပါတယ်။ အဲတော့ကျ ဒီကောင်က ဘယ်ဖြစ်သွားလည်းဆိုတော့ အခု လူခန္ဒာကိုယ်ထဲမှာပေါ့နော်။ နာတာရှည်လူတွေဆီက ရတယ်လို့ကျနော်တို့ခန့်မှန်းထားပါတယ်။ ဗိုင်းရပ်စ်က လူကိုယ်ခန္ဒာထဲမှာ အကြာကြီးနေသွားတဲ့အခါမှာ ဗီဇတွေကို ပြောင်းလဲဖို့သူ့အတွက် အချိန်ရသွားတယ်ပေါ့နော်။ လူတယောက်ရဲ့ ခန္ဒာကိုယ်ထဲမှာနေပြီးသွားတဲ့အခါမှာ ဗိုင်းရပ်စ်က ပိုပြီးအစွမ်းထက်လာတဲ့သဘောရှိတယ်။ အရင်တွေ့ထားထက်ဟာထက်ကို ပိုပြီး ၇၀% ပိုကူးပါတယ်။ အဲဒါကြောင့် ကျနော်တို့က ဒီဟာကို တော်တော်စိတ်ပူရပါတယ်။

မေး။ ။ ဗြိတိန်မှာတွေ့ရတဲ့ မျိုးဗီဇပြောင်းဗိုင်းရပ်နဲ့ နောက်ပိုင်း တောင်အာဖရိကတို့နဲ့အာရှတချို့နိုင်ငံတွေမှာ တွေ့လာရတဲ့ ဗီဇပြောင်းဗိုင်းရပ်နဲ့အတူတူပဲလား။

ဒေါက်တာသက်ကိုကို။ ။ သူကတော့ ဗိုင်းရပ်စ်ဟာ စောစောက ကျနော်ပြောပြတဲ့အတိုင်းပဲ ဗိုင်းရပ်စ်ဟာ ထုံးစံအတိုင်းပဲ အမျိုးမျိုး strain ပြောင်းလဲနေမှာဖြစ်တဲ့အတွက် ဒါကတော့ ဓမ္မတာပဲပေါ့နော်။ တချို့strain တွေလည်း မတူချင်လည်းမတူတာဖြစ်နိုင်သလို အခုဆောင်းတွင်းမှာဖြစ်သွားခဲ့တဲ့ အခုလောလောလပ်လပ်ပေါ့နော်၊ ကျနော်တို့ဗြိတိန် ကူးစက်ရောဂါအထူးကုတွေနဲ့ ဗိုင်းရပ်စ်အထူးကုတွေကဘာပြောထားလဲဆိုတော့ ဒီဗိုင်းရပ်စ်ဟာ တောင်အာဖရိကကနေ UK ကို ရောက်လာတယ်လို့သူတို့ထင်ပါတယ်လို့ပြောထားတယ်။ ဆိုတော့ တူနိုင်ပါတယ်ပေါ့။ နောက်တခုဟာ တခြားနိုင်ငံတွေမှာပေါ့။ အခုဒီနေ့ဆို ၂၀ ကျော်သွားပြီ ။ ဒီ Strain အသစ်ပြောင်းတဲ့ဟာက ဘယ်အထိရောက်လဲဆိုရင် သြစတေးလျတို့ဂျပန်တို့စင်္ကာပူတို့ထိုင်းတို့အထိရောက်သွားတယ်။ ပြီးရင် ဒီ ဥရောပသမဂ္ဂက အိမ်နီးနားချင်းနိုင်ငံတွေရော အပါအဝင်ပေါ့နော်။ အဲတာလိုက်စစ်ကြည့်တော့ ဒီ UK ကလာတဲ့ ခရီးသွားတွေဆီကလာတယ်လို့သူတို့သိရှိရတယ်။ အဲဒီအတွက်ကြောင့်မို့ကျနော်တို့က အဲဒီ evidence တွေအရ ဒါဟာဗီဇကွဲလို့ပဲ ကျနော်ယူဆပါတယ်။

မေး။ ။ ဒီလိုဆိုရင် မြန်မာနိုင်ငံမှာရော ဒီဗိုင်းရပ်စ်က ဗီဇပြောင်းသွားတဲ့ အခြေအနေရှိနေလား။

ဒေါက်တာသက်ကိုကို။ ။ အဲဒါကတော့ ကျနော်တို့ပြောရခက်ပါတယ်။ ဗီဇပြောင်းသွားလား မပြောင်းသွားလားဆိုတာ ကျနော်တို့ ဘာပေါ်မှာမူတည်လဲဆိုတော့ Habitat အပေါ်မှာ မူတည်ပါတယ်။ နိုင်ငံတိုင်းမှာကျနော်တို့ ဒီဗိုင်းရပ်စ်အကောင်ကို လိုက်ပြီးမကြည့်နေနိုင်ဘူး။ ကျနော်တို့က ဥပမာအားဖြင့်တခုပြောရရင်ပေါ့နော် ကျနော်တို့Test လုပ်တယ်ဆိုတာ ၊ PCR လုပ်တယ်ဆိုတာ Covid-19 ပေါ့စတစ် ဟုတ်မဟုတ်ဆိုတာကိုပဲသိရတာပါ။ ဘယ်ဗိုင်းရပ်စ်အမျိုးအစားမျိုးလည်းဆိုတာ သေသေချာချာ Virology လို့ခေါ်တဲ့ ဗိုင်းရပ်စ်အထူးကု တွေကနေပြီး ဗိုင်းရပ်စ်ကို specialist လုပ်ထားတဲ့လူတွေ ကနေပြီးတော့ ဓာတ်ခွဲခန်းတွေမှာ သေသေချာချာလေ့လာပြီးတော့မှ ဒီဗိုင်းရပ်စ်ဟာ Covid-19 နဂိုစဖြစ်တဲ့ ဗိုင်းရပ်စ်မျိုးလား၊ နောက်အသွင်ပြောင်းသွားတဲ့မျိုးလားဆိုတာကို သိနိုင်ပါတယ်။ ရိုးရိုးကျနော်တို့test လုပ်ရုံနဲ့ COVID-19 ဆိုတာကိုပဲသိရမယ်။ ဘယ် strain လည်းဆိုတာကို ကျနော်တို့မသိနိုင်ပါဘူး။ အဲလိုပြောခြင်းအားဖြင့် မြန်မာပြည်မှာ ဘယ် strain လည်းလို့ကျနော်တို့ပြောလို့မရပါဘူး။

မေး။။ အခုပြောင်းလဲလာတဲ့ ဗီဇပြောင်းဗိုင်းရပ်စ်နဲ့ပက်သက်ပြီး လက်ရှိကာကွယ်ဆေးတွေက ထိရောက်မှုရှိနိုင်မလား။

ဒေါက်တာသက်ကိုကို။ ။ အခုကျနော်တို့တွက်ထားတာကတော့ ဒီကာကွယ်ဆေးတွေဟာ ထိရောက်မယ်လို့ ကျနော်တို့တွက်ထားတယ်။ ဘာလို့လဲဆိုတော့ ဗိုင်းရပ်စ်ဟာ ပြောင်းမသွားဘူး။ သူ့မှာရှိတဲ့ အတက်ကလေးတွေ နည်းနည်းပေါ့နော် ဗီဇပြောင်းတဲ့သဘောပေါ့ နည်းနည်းပြောင်းတဲ့ သဘောရှိတဲ့အတွက် (ကာကွယ်ဆေးက) အားလုံးကို နိုင်တယ်လို့ပဲကျနော်တို့ယူဆထားပါတယ်။ ဒါပေမယ့်လည်း ထုံးစံအတိုင်းပဲ ဒီ ဆေးပညာမှာက ကံသေကံမ ၁၀၀ ရာခိုင်နှုန်းဆိုတာ ဘယ်သူမှ ပြောလို့မရဘူး။ အမြဲတမ်း ကျနော်တို့မှာ probability နဲ့ပဲ အလုပ်လုပ်ရတဲ့အတွက် ဒါတွေကတော့ ကျနော်တို့အသေချာစောင့်ကြည့်မှပဲ ကျနော်တို့သိရမယ်။ အခုကျနော်တို Pfizer ကဘာပြောလဲဆိုတော့ သူတို့ဆေးဟာ new strain ကိုများ ကာဗာမဖြစ်ရင် သူတို့ချက်ချင်းပြန်ထုတ်နိုင်ပါတယ်လို့သူတို့ပြောထားပါတယ်။ အခုကျနော်တို့သိသလောက်ကတော့ ဒါဟာ ကာကွယ်ပါလိမ့်မယ် အားလုံးကို ။

မေး။။ Dr. သက်ကိုကို ကိုယ်တိုင် ကာကွယ်ဆေးထိုးထားတယ်ဆိုတော့ ဆရာရဲ့ အတွေ့အကြုံနဲ့ ဗြိတိန်နိုင်ငံမှာ ကာကွယ်ဆေးထိုးပေးနေတဲ့ အခြေအနေ ဘယ်လိုရှိသလဲ ဆိုတာ ပြောပြပေးလို့ရမလား။

ဒေါက်တာသက်ကိုကို။ ။ ကျနော်အခုလောလောဆယ်တော့ ဘယ်မှကိုမဖြစ်ဘူး အခုထိ။ နည်းနည်းတော့ လက်မောင်းလေးတော့ အောင့်တောင့်တောင့်လေးဖြစ်လာတယ်ပေါ့နော်။ ကျနော်က UK စံတော်ချိန် မနက်ပိုင်းက ထိုးခဲ့တာ။ အခု UK စံတော်ချိန်က ည ဖြစ်နေပြီ။ အခုထိကျနော် touch wood ကို ဘာမှမဖြစ်သေးပါဘူး။ လက်မောင်းလေး နည်းနည်းတော့ အောင့်တောင့်တောင့်လေးရှိတယ်။ ကျနော်တို့ကြိုတင်ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်မယ်။ ဒီနေ့ည ပါရာစီတမောလေး နှစ်လုံးသောက်ပြီးအိပ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်တော်များများကပြောတယ် ခေါင်းကိုက်တယ်။ အဖျားတက်တယ်ပြောလို့ ကျနော်အဲတာတော့ နည်းနည်းကာကွယ်လိုက်မယ်ပေါ့နော်။ ပါရာစီတမော ၂ လုံးလောက်သောက်အိပ်တာ ဘာမှပြသနာမရှိပါဘူး။ လူ့အတွက်လည်း ဘာမှ အန္ဒရာယ်မရှိပါဘူး။ ဒါပေမယ့်အဓိကသူတို့ပြောတာကတော့ အရမ်း Sensitive ဖြစ်တဲ့သူတွေရှိတယ်ပေါ့နော်။ allergy (ဓာတ်မတည့်မှု)တွေဖြစ်ပြီးတော့ အရမ်းကို ဆိုးဆိုးဝါးဝါး ဖြစ်ပြီးတော့ တချို့ Intensive Care (အရေးပေါ်ခန်း) ထဲကိုရောက်ဖူးတဲ့သူတွေဆိုရင်တော့ အရမ်းကို သတိထားရမယ်လို့ပြောပါတယ်။ ဆေးထိုးပြီးတော့လည်းသူတို့က ကျနော်တို့ကို အိမ်ပေးမပြန်ဘူး။ observation ဆယ့်ငါးမိနစ် ထားပါတယ်။ အဲဒီ ၁၅ မိနစ်ထားပြီးတော့မှ ကျနော်တို့ကို သေသေချာချာကြည့်ပြီးတော့မှ စိတ်ချရပြီဆိုမှ အိမ်ပေးပြန်လွှတ်ပါတယ်။ ကျနော်တို့ကားမောင်းပြန်လို့ရပါတယ်။ vaccine (ကာကွယ်ဆေး) မထိုးခင်တော့ ဘာသတိပြုရမလဲဆိုရင် ၂၈ ရက်အတွင်းမှ ကိုဗစ်မဖြစ်ထားရဘူး။ ၂၈ ရက်အတွင်း ကိုဗစ်မဖြစ်ထားရဘူးဆိုတဲ့နေရာမှာ ၂ မျိုးရှိတယ်ပေါ့နော်။ တချို့ကတော့ test positive ဖြစ်ထားတဲ့လူရှိတယ်။ တချို့ကတော့ test မလုပ်ပဲနဲ့ ကိုဗစ်ရဲ့ symptom တွေ၊ ကျနော်တို့ဖျားတာတွေ၊ နာတာတွေ၊ ချောင်းဆိုးတာတွေ အဲလိုလူမျိုးဆိုရင်သူတို့မထိုးပေးဘူး။

ပြီးလို့ရှိရင် ကျနော်တို့လွန်ခဲ့တဲ့ တပတ်အတွင်းမှာ ဆောင်းရာသီမှာထိုးတဲ့ Flu Jab လို့ခေါ်တဲ့ တုတ်ကွေးရောဂါကာကွယ်ဆေး ထိုးမထားရဘူး။ ထိုးမယ်ဆိုရင် တပတ်အရက်ကြိုထိုးထားရမယ်ပေါ့နော်၊။ ပြီးလို့ရှိရင် အခုလောလောဆယ်ဆယ်လာထိုးတဲ့အချိန်မှာ အဖျားမရှိရဘူး။ ပြီရင် ကိုဗစ် symptom တွေပေါ့နော် နှာစီးတာတို့၊ ချောင်းဆိုးတာတို့၊ အဖျားတက်တာတို့၊ လည်ချောင်းနာတာတို့၊ နှာခေါင်းကနေ အနံ့မရတာတို့၊ လျှာကနေ အရသာမရတာတို့ဒီ symptom တွေရှိနေရင် ကာကွယ်ဆေးထိုးမပေးပါဘူး။

လက်ရှိဗြိတိန်နိင်ငံရဲ့ နေရာတချို့မှာ ဗိုင်းရပ်စ်ပိုး ဗီဇပြောင်းပြီးကူးစက်နေတဲ့နှုန်းက အရမ်းဆိုးလာနေတဲ့အတွက် ရောဂါထိန်းချုပ်နိုင်ရေး ဗြိတိန်အစိုးရက တင်းတင်းကျပ်ကျပ်ကိုင်တွယ် နေကြောင်းလည်းဒေါက်တာ သက်ကိုကိုက ဗွီအိုအေကို ပြောပါတယ်။

Your browser doesn’t support HTML5

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ် နှင့် ကာကွယ်ဆေးအလားအလာ (မြန်မာသမားတော်နဲ့ဆက်သွယ်မေးမြန်းချက်)


...............


(Unicode)













