တန့်ဆည်မှာ ညလုံးပေါက်တိုက်ပွဲဖြစ် 

Google Earth မြေပုံက မြင်ရတဲ့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့ ဝေဟင်မြင်ကွင်း

စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့အနောက်ဖက်က နေရာ ၄ နေရာကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက မနေ့ညပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ၂ ဖက်တပ်တွေကြား ညလုံးပေါက် တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ဒီနေ့သောကြာနေ့ နေ့လည်ပိုင်းမှာ တိုက်ပွဲတွေ ငြိမ်နေပေမဲ့ မြို့ခံတွေ အိမ်ပြင်မထွက်ရဲဘဲ တမြို့လုံးခြောက်ကပ်နေပါတယ်။ တန့်ဆည်မြို့နောက်ဆုံး အခြေအနေတွေကို ကိုရန်နိုင်က တင်ပြပေးပါမယ်။

တန့်ဆည်မြို့ အနောက်ဘက်မှာ စစ်တပ်တပ်စွဲထားတဲ့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံး၊ ပညာရေးမှူးရုံး၊ တရားရုံးနဲ့ ရွှေဒေါင်းမင်း စက်သုံးဆီဆိုင် နေရာ ၄ နေရာကို စက်တင်ဘာ ၂၂ ရက် ညသန်းခေါင် ၁၂ နာရီကျော် အချိန်မှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲကြာချိန် ၃ နာရီနီးပါး ကြာမြင့်ခဲ့ပြီး လဝကရုံး၊ ပညာရေးမှူးရုံးနဲ့ တရားရုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့သလို စစ်တပ်ဘက်က သေဆုံးသူတွေလည်း ရှိပြီး လက်နက်အချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“မနက် ၁၂ နာရီ ၃၃ ကနေ မနက် ၃ နာရီခွဲလောက်ထိ ၃ နာရီလောက်ဖြစ်တယ်။ လဝက ရုံးရယ်၊ မြို့နယ် တရားရုံးရယ်၊ မြို့နယ်ပညာရေးရုံးရယ် အဲ့နားမှာ ဖြစ်တာပေါ့နော်။ ဝင်တိုက်တာပေါ့။ တိုက်တော့ စခန်း ၃ ခု စခန်းတွေ အကုန်လုံးရယ်။ နောက်ပြီး ရွှေဒေါင်းမင်း ဆီဆိုင်ဆိုတာရှိတယ်။ သူတို့တပ်စွဲတဲ့နေရာ အဲ့မှာလည်း လုပ်ထားခဲ့တယ်။ ပစ်မှတ်ထားပြီးတော့ လုပ်တာ။ လုပ်တော့ အကုန်သိမ်းပြီး မီးရှို့ထားတယ်လို့ ပြောတယ်။ အလောင်း အယောက် အစိတ်လောက် ဆုံးပြီးတော့ MA-13 ၃ လက်ရယ်၊ ကာဘိုင် ၇ လက်ရယ်၊ G3 ၃ လက်ရယ်၊ ခဲယမ်း ၁ ထောင်ကျော်ရယ်၊ ခြောက်လုံးပြူး ၁ လက်ရယ် ရတယ်။”

မြို့နယ်ရုံးတွေနဲ့ ရွှေဒေါင်းမင်း စက်သုံးဆီဆိုင်ဟာ မျက်နှာချင်းဆိုင် အနေအထားရှိပြီး ၄ နေရာလုံးကို ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ပြောတဲ့ စစ်တပ်ဘက်က သေဆုံးတဲ့ အရေအတွက်နဲ့ ပတ်သက်လို့တော့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သလို တန့်ဆည်တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ပွဲဖြစ်ပြီး နေ့လည် ၁ နာရီမှာ တန့်ဆည်မြို့နဲ့ ၆ မိုင်ကွာဝေးတဲ့ အက်တောကျေးရွာကို စစ်တပ်ဘက်က လေယာဉ်တွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေယာဉ်နဲ့ ပစ်ခတ်သံတွေကို မြို့ပေါ်ကနေပါ ကြားရတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီး မနက်ပိုင်းမှာ တန့်ဆည်မြို့ပေါ်မှာ အသွားအလာ ခြောက်ကပ်နေပြီး ဈေးဆိုင်တွေလည်း ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တန့်ဆည်မြို့ပေါ်က ဒီကနေ့ အခြေအနေကို ဒေသခံတဦးက ခုလို ပြောပြပါတယ်။

“မြို့ပေါ်က လက်ရှိအခြေအနေက ဘယ်သူမှကို မထွက်ကြတော့တာ ဘယ်သူမှကို မရှိတော့တာ။ ဟိုကလာမလား ဒီကလာမလားဆိုပြီး ကြောက်နေကြတာပဲ။ ထွက်လိုက်ရင်လည်း ပစ်မှာ ကြောက်ကြတာလေ။ ပိတ်မိနေတဲ့ သဘောမျိုး အိမ်ထဲမှာပဲ ကုတ်နေကြရတာပေါ့။ ဈေးကတော့ မဖွင့်ဘူး။ ဒီနေ့လည်း ဈေးကမဖွင့်ဘူး။ ဖွင့်တဲ့သူတွေလည်း ပြန်ပြေးကုန်ကြတော့တာ။ ညကတော့ တော်တော်ပြင်းထန်တယ်။ လူအော်သံတွေ မီးတောက်တွေ မြင်ရတယ်။ အသံတွေ ပစ်တာခတ်တာတွေလည်း တော်တော်ကို ကြာတယ်။ ၁၂ နာရီခွဲလောက်က ဖြစ်တဲ့ဟာကို ၄ နာရီထိုးပြီးတော့မှ အေးဆေးဖြစ်သွားတော့တာ။”

လက်ရှိအချိန်မှာတော့ စစ်တပ်ဟာ မြို့အနောက်ဘက် အဝင်အထွက်တွေကို ပိတ်ထားပြီး စစ်ကား ၃ စီးနဲ့ အင်အား ဖြည့်တင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အရင်ကလည်း စစ်တပ်တပ်စွဲထားတဲ့ ရွှေဒေါင်းမင်း စက်သုံးဆီဆိုင်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ၃ ကြိမ် ထက်မနည်း ဝင်ရောက်တိုက်ခိုက်တာတွေ ရှိခဲ့ဖူးပါတယ်။

Your browser doesn’t support HTML5

တန့်ဆည်မှာ ညလုံးပေါက်တိုက်ပွဲဖြစ်