George Floyd သေဆုံးမှုနဲ့ ဆက်နွယ်တဲ့ ရဲအရာရှိ ၃ ဦးကို အာမခံကြေးသတ်မှတ်

(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ် Minneapolis မြို့မှာ လူမည်းအမျိုးသား George Floyd သေဆုံးမှုအတွက် အမေရိကန်နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒီ ဆန္ဒပြပွဲအခြေအနေနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေ ဘယ်လိုရှိသလဲဆိုတာကို မျက်ခြည်မပြတ် စောင့်ကြည့်နေတဲ့ ဗွီအိုအေ အယ်ဒီတာ ဦးကျော်ဇံသာကို ကိုငြိမ်းချမ်းက Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုငြိမ်းချမ်း။ ။ ဒီနေ့ အမေရိကန် နိုင်ငံတဝှမ်းမှာ ဆန္ဒပြပွဲ လူထုလှုပ်ရှားမှု အခြေအနေတွေ ဘယ်လိုရှိပါသလဲ။

ဦးကျော်ဇံသာ။ ။ ဒီနေ့အခြေအနေကတော့ လူထုလှုပ်ရှားမှုကို သိပ်မတွေ့ရဘူး။ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းရှိတယ်လို့ ပြောရပါလိမ့်မယ် ဘာကြောင့်လဲဆိုတော့ သေဆုံးသွားတဲ့ George Floyd အတွက် အောက်မေ့ဖွယ်အခမ်းအနားတွေ ကျင်းပနေပါတယ်။ Minneapolis မှာလည်း ကျင်းပနေတယ် Minnesota မှာလည်း ကျင်းပနေတယ် နောက်ပြီးတော့ New York မှာလည်း ကျင်းပနေတယ် ဆိုတော့ အောက်မေ့ဖွယ်အခမ်းအနားဟာ ဘာသာရေးဆန်တဲ့ သတိရ အောက်မေ့ဖွယ်အခမ်းအနားဖြစ်တဲ့အတွက် တည်ငြိမ်အေးချမ်းမှုကို ပိုပြီးတော့ တွေ့ရပါတယ်။

ဆန္ဒပြပွဲတွေကတော့ သိပ်ပြီးတော့ ဆူဆူပူပူလည်း မရှိဘူး ၊ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်ဆိုတာလည်း ရုပ်မြင်သံကြား တွေမှာလည်း မပြသပါဘူး။ များသောအားဖြင့် အခမ်းအနားအကြောင်းပါပဲ ။ ညနေ နောက်ပိုင်းမှာတော့ ဘာဖြစ်လာမလဲဆိုတာ မပြောနိုင်ဘူးပေါ့ခင်ဗျ။

ကိုငြိမ်းချမ်း။ ။ George Floyd သေဆုံးတဲ့ အမှုမှာ ကူညီခဲ့တဲ့ ရဲ ၃ ယောက်ကို တယောက်ကို ဒေါ်လာ ၇ သိန်းခွဲနဲ့ အာမခံပေးဖို့ သတ်မှတ်လိုက်တဲ့သတင်းတွေကို ကျနော်တို့ ဒီနေ့ ဖတ်ရပါတယ်။ အဲဒီအပေါ်မှာ ဆန္ဒပြပွဲတွေနဲ့ ဆန္ဒပြသူတွေ ဘယ်လိုတုံ့ပြန်နိုင်ပါသလဲ။

ဦးကျော်ဇံသာ။ ။ တရားသူကြီးကတော့ အာမခံကြေး သတ်မှတ်လိုက်တာပေါ့ တယောက်ကို ဒေါ်လာ ၇ သိန်းခွဲနဲ့။ အဲဒါကို တယောက်ယောက်က သူတို့အတွက် ကျနော်ပေးပါ့မယ် ဒီအာမခံကြေးဆိုပြီးတော့ အာမခံနဲ့ ရွေးထုတ်တဲ့ လူတွေရှိရင်တော့ သူတို့ လွတ်နေမှာပေါ့လေ။ ဒါပေမယ့် နောက်ထပ်ရုံးချိန်းကတော့ဇွန်လ ၂၉ ရက်နေ့မှာ ထပ်ပြီးတော့ ချိန်းထားပါတယ်။ တရားသူကြီးတွေကတော့ အာမခံပေးတဲ့နေရာမှာ အဓိက ၂ ချက်အပေါ် စဉ်းစားတယ်လို့ ယူဆရပါတယ်။ ဒီသံသယရှိသူတွေဟာ သူတို့ကို ဆန့်ကျင်ထွက်ဆိုမယ့် သက်သေတွေကို ဖျက်ဆီးနိုင်သလား အပြင်မှာရောက်နေရင်၊ နောက် ဒီလူတွေ ထွက်ပြေးနိုင်သလား အဲဒီလို ၂ ခုမျိုးမလုပ်ဘူးဆိုရင်တော့ သူတို့ကို သိပ်အရေးကြီးတဲ့ ကိစ္စမဟုတ်ရင်တော့ သူတို့ကို အာမခံပေးဖို့ ဆုံးဖြတ်မယ်လို့ ထင်ပါတယ်။

ဆိုတော့ အခုကိစ္စမှာ သူတို့ကို တယောက်ယောက်က အာမခံပေးပြီးတော့ ရွေးထုတ်မယ်ဆိုရင် ဆန္ဒပြသူတွေရဲ့ တုံ့ပြန်မှုကို ကျနော်တို့ တမျိုးမြင်လာရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကို မဖမ်းလို့ စောစောကဆူပူခဲ့တာမလား ၊ သူတို့ကို ဘာကြောင့်အရေးမယူတာလဲဆိုပြီးတော့ ဆန္ဒပြသူတွေ တောင်းဆိုတဲ့အထဲမှာ အဲဒါတခုလည်း ပါတယ်ဆိုတော့။ ဒါလည်း ဘယ်လိုဖြစ်လာမလဲ ဒီလူတွေ အာမခံနဲ့ အပြင်ကို ရောက်သွားရင် ဘယ်လိုဖြစ်မလဲဆိုတာကတော့ စောင့်ကြည့်ရမယ့် ကိစ္စပါ အတိအကျ မပြောနိုင်သေးပါဘူး။

ကိုငြိမ်းချမ်း။ ။ အဲဒီတော့ မနေ့က အဓိက တာဝန်ရှိတဲ့ Derek Chauvin ကို လူသတ်မှု ထပ်တိုးပြီးတော့ စွဲချက်တင်ထားတာ တွေ့ရပါတယ်။ အဲဒီတော့ ဒီနောက်ထပ် ရဲ ၃ ယောက်ကိုလည်း အခုလို စွဲဆိုခဲ့တဲ့အပေါ်မှာ ဥပဒေကြောင်းအရ ဘယ်လိုထပ်ဖြစ်နိုင်သလဲခင်ဗျ။

ဦးကျော်ဇံသာ။ ။ ပထမတုန်းကတော့ ဒီ ၃ ယောက်ကို မစွဲဘူး။ ဟိုလူကိုလည်း တတိယအဆင့် လူသတ်မှုနဲ့ စွဲထားတာဖြစ်တယ်။ အခုအခါမှာ အဆင့်မြှင့်ပြီးတော့ ဒုတိယအဆင့်တင်လိုက်တယ် ဆိုတော့ စွဲဆိုတဲ့ အဆင့်က မြင့်လာလေလေ ၊ သက်သေပြဖို့ တာဝန် ကြီးလာလေလေ ဖြစ်ပါတယ်။ သက်သေပြဖို့ တာဝန်က အခု Minnesota ပြည်နယ်ရှေ့နေချုပ်က တရားလိုလုပ်ပြီးတော့ သူက စွဲမှာဖြစ်တယ်ဆိုတော့ ဒီလူ့အတွက် သူတို့ တင်ထားတဲ့ လူသတ်မှုအဆင့် ၂ ကို ကျူးလွန်တယ်ဆိုတာကို သက်သေပြရပါလိမ့်မယ်။

ဒီနေရာမှာ သက်သေပြဖို့ ဘာတွေလိုလာသလဲဆိုတော့ဒီလူတွေဟာ George Floyd ကို သေအောင်လုပ်တဲ့အခါမှာ သေစေလိုတဲ့ သဘောထားရှိတယ်ဆိုတာကို သက်သေပြရမယ် အဲဒါက တော်တော်ခက်ခဲတဲ့ ကိစ္စပါ။ ဒီထက် တဆင့်တက်ပြီးတော့ ဆန္ဒပြနေတဲ့လူတွေရော၊ George Floyd မိသားစုဝင်တွေက ပထမအဆင့်နဲ့တောင် စွဲစေချင်တယ်။ ပထမအဆင့်နဲ့ စွဲလိုက်ရင် ပိုပြီးသက်သေပြရတာ ခက်မယ်။ ကြိုတင်ကြံစည်မှု ရှိခဲ့သလား။

ကိုငြိမ်းချမ်း။ ။ အဲဒီတော့ ဘယ်လို ဆုံးဖြတ်ဖို့ အလားအလာရှိပါသလဲ။

ဦးကျော်ဇံသာ။ ။ Minnesota ပြည်နယ်မှာ ပထမအဆင့်ဖြစ်ရင်တောင် သေဒဏ်မရှိပါဘူး။ Minnesota ဟာ သေဒဏ်မပေးတဲ့ ပြည်နယ်ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်ဥပဒေကို ပြည်နယ် လွှတ်တော်တွေက သူတို့ သဘောအရ လုပ်ထားနိုင်တယ်ဆိုတော့ပြည်နယ်မှာ သေဒဏ်မရှိပါဘူး။ တသက်တကျွန်းပဲ အမြင့်ဆုံးဖြစ်ပါတယ်။ အခု လူသတ်မှု အဆင့် ၂ Second degree murder နဲ့ ပြစ်မှုထင်ရှား စီရင်ခြင်းခံရရင် တရားသူကြီးက ထောင်ဒဏ် အနှစ် ၄၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။

ဆိုတော့ အဲဒီမှာလည်း ပြည်နယ် Jury နဲ့ ဆုံးဖြတ်ရမှာပါ အမေရိကန် တရားရေးစနစ်မှာက ဆိုတော့ Jury ကို ရွေးတဲ့အခါ ဘယ်လောက်ပါမလဲ ၊ လူဖြူ လူမဲ ဘယ်လိုအချိုးအစားရှိနိုင်ဆိုတာကလည်း issue တခုဖြစ်ပါတယ်။ နောက် ဒီအမှုဟာ လူထု စိတ်ဝင်စားတဲ့ အမှုဖြစ်တယ် ဆိုတော့ အများပြည်သူရဲ့ ဖိအားကရော ဘယ်လောက်ရိုက်ခတ်နိုင်မလဲဆိုတာ အင်မတန် စိတ်ဝင်စားဖွယ်ကောင်းတဲ့ အမှုတခုတော့ ဖြစ်ပါတယ် အဲဒါကို စောင့်ကြည့်ရမှာပါ။

ကိုငြိမ်းချမ်း။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အန်ကယ် ၊ ဆက်ပြီးစောင့်ကြည့်ပေးပါဦး။

ဗွီအိုအေ အယ်ဒီတာ ဦးကျော်ဇံသာကို ကိုငြိမ်းချမ်းက Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

Your browser doesn’t support HTML5

George Floyd သေဆုံးမှုနဲ့ ဆက်နွယ်တဲ့ ရဲအရာရှိ ၃ ဦးကို အာမခံကြေးသတ်မှတ်

Your browser doesn’t support HTML5

အမေရိကန် ဆန္ဒပြပွဲ နောက်ဆုံးအခြေအနေ သုံးသပ်ချက်

.............


(Unicode)








SEE ALSO: George Floyd အတွက် အောက်မေ့ဖွယ် အခမ်းအနားတွေ ကျင်းပ







