မြန်မာ့သယံဇာတတူးဖော်ရေး ပွင့်လင်းမြင်သာမှု မရှိ

ဖားကန့် ကျောက်စိမ်း တူးဖော်ရေး လုပ်ကွက်တခု။ ( ဓာတ်ပုံ Ye Aung Thu / AFP - အောက်တိုဘာ ၄၊ ၂၀၁၅)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ သယံဇာတ တူးဖော်တဲ့ လုပ်ငန်းတွေမှာ ကုမ္ပဏီတွေဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့အကြောင်း သဘာဝပတ်ဝန်းကျင်အရေး နိုင်ငံတကာ လှုပ်ရှားမှုအဖွဲ့ တခုဖြစ်တဲ့ Global Witness အဖွဲ့ရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

မိုးကုတ်ဒေသမှာ ကျောက်မျက်တူးဖေါ်နေတဲ့ မြင်ကွင်း။ (မေ ၁၆၊ ၂၀၁၉)

မြန်မာနိုင်ငံတဝန်းက သယံဇာတူးဖော်ရေး လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေဟာ ရရှိလာတဲ့ အကျိုးအမြတ်တွေကို ဘယ်သူတွေက လက်တွေ့ခံစားရရှိနေသလဲ ဆိုတာတွေကို ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ဖော်ပြောဆိုမှုတွေ အားနည်းနေဆဲ ဖြစ်ကြောင်း Global Witness အဖွဲ့က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်ဖို့ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီပေါင်း ၂၆၀ ကျော်ရဲ့ ၇ ရာခိုင်နှုန်းဟာ အချက်အလက်တွေ မှန်ကန်မှု မရှိသလို အများစုဟာလည်း လုပ်ငန်းနဲ့ ပတ်သက်လို့ အစီရင်ခံစာ ပြည့်ပြည့်စုံစုံ တင်ပြဖို့ ပျက်ကွက်နေတယ်လို့လည်း ပြောပါတယ်။

SEE ALSO: လက်တွေ့ကျမယ့် ကျောက်မျက်မူဝါဒ

မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ MATA ရဲ့ တာဝန်ရှိသူ ဦးရဲလင်းမြင့်ကတော့ သယံဇာတတူးဖော်တဲ့ လုပ်ငန်းတွေက ကုမ္ပဏီတွေရဲ့ ပျက်ကွက်မှုတွေကို တာဝန်ရှိသူတွေက စစ်ဆေးအရေးယူဖို့ အားနည်းနေတယ်လို့လည်း ပြောပါတယ်။

“အကျိုးအမြတ်ပိုင်ဆိုင်သူတွေရဲ့ ထုတ်ပြန်ချက်ဆိုပြီး သူတို့လုပ်တယ်ပေါ့နော်။ လုပ်တော့ အခုတော့ ပထမဆုံး အစီရင်ခံစာဆိုပြီး ထွက်ပြီပေါ့နော်၊ အဲဒီအစီရင်ခံစာမှာပါတဲ့ ကုမ္ပဏီတွေရဲ့ report လုပ်ထားတဲ့ဟာတွေနဲ့ ပတ်သက်လို့ ပြန်လည်ဆန်းစစ်တဲ့ဟာ၊ စစ်ဆေးတဲ့ဟာ အခုထိ မလုပ်နိုင်သေးဘူး။ တကယ်တမ်းကျ အစိုးရဘက်က လုပ်ပေးဖို့ တာဝန်ရှိတာပေါ့ဗျာ။ ဒီဟာကို ဘယ်လိုစစ်ဆေးမယ် ဘယ်လိုတိုက်ဆိုင်ပြီးတော့ ဟုတ်လား၊ မဟုတ်လားဆိုတာ ပြန်ကြည့်မယ်ဆိုတဲ့ဟာ အခုထိကို ကျနော်တို့ မလုပ်နိုင်သေးဘူး။ ဒါတော့ လက်ရှိအခြေအနေမှန်ပေါ့နော်။”

Global Witness အဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ ကုမ္ပဏီ အများအပြားဟာ အချက်အလက်တင်ပြမှုတွေ လုံးဝမလုပ်တာတွေ ရှိသလို၊ သတ်မှတ်ရက်ထက် နောက်ကျတင်ပြတာတွေ ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ပထမအဆင့်အစီရင်ခံစာ တင်သွင်းတဲ့ ကုမ္ပဏီ စုစုပေါင်း ၁၆၂ ခုမှာ ဆိုရင်လည်း ကုမ္ပဏီ ၂၄ ခု (၁၅ ရာခိုင်နှုန်း) က တင်ပြဖို့ပျက်ကွက်ခဲ့သလို၊ ကုမ္ပဏီ ၁၇ ခု (၁၀ ရာခိုင်နှုန်း) ဟာလည်း သတ်မှတ်ရက်ထက် နောက်ကျခဲ့ကြောင်း ဖော်ပြခဲ့တာပါ။ ဒီလိုပျက်ကွက်တဲ့ ကုမ္ပဏီတွေကို အစိုးရက လုပ်ငန်းလိုင်စင် ဆိုင်းငံ့တာ၊ ရပ်ဆိုင်းတာ၊ ပယ်ဖျက်တာ၊ ကြီးမားတဲ့ ဒဏ်ငွေ ချမှတ်တာတွေ အပါအဝင် ထိထိရောက်ရောက် အရေးယူဖို့လည်း တိုက်တွန်းထားပါတယ်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးကတော့ အားနည်းချက်တွေနဲ့ ပတ်သက်လို့ မကြာသေးခင်ကစလို့ တိုးတက်အောင် ဆောင်ရွက်နေတာတွေ ရှိတယ်လို့ ပြောပါတယ်။

“အဓိကတော့ ဒီလိုဗျ ကျနော်တို့က Beneficial Ownership နဲ့ပတ်သက်ပြီးတော့ စီးပွားရေးလုပ်ငန်းတွေက အသိအမြင်နည်းခဲ့တာက ၁ အချက်၊ ၂ အချက်က ဒါနဲ့ပတ်သက်တဲ့ လိုက်နာကျင့်သုံးမှုနဲ့ ပတ်သက်ပြီးတော့လည်း ပြဋ္ဌာန်းချက်တွေ ပြည့်ပြည့်စုံစုံမရှိခဲ့တာ၊ ၃ အချက်က ဒီဟာကို ပြဋ္ဌာန်းချက်တွေ လိုက်တာခြင်းရှိ၊ မရှိကို ဆန်းစစ်တဲ့ ဒီ regulatory authority ကလည်း အဆင်သင့်မဖြစ်ခဲ့တာ ဒီအချက်ကြီး ၃ ချက်ကြောင့်မို့လို့ ကျနော်တို့ တိုင်းပြည်မှာ ဒီဟာတွေ အားနည်းခဲ့တယ်။ သို့သော်လည်းပဲ အခုလုပ်စရာရှိတာတွေ အကုန်လုပ်နေတယ်ဗျ။ လုပ်တော့ တဆင့်ပြီးတဆင့်လည်း တိုးတက်မှုတွေ ကျနော်တို့အတော်လေး ရပါတယ်။”

SEE ALSO: ဖားကန့် မြေပြို သေဆုံးများမှုအတွက် စိတ်မကောင်းဖြစ် (ကုလအတွင်းရေးမှူးချုပ်)

Global Witness ရဲ့ အစီရင်ခံစာမှာတော့ ကချင်ပြည်နယ်က ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းတွေမှာ ပိုင်ရှင်အစစ်ကို ဖုံးကွယ်ထားတာတွေ ရှိနေကြောင်းနဲ့ နောက်ကွယ်မှာ စစ်တပ်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေ အာဏာပိုင်တွေနဲ့ ရင်းနှီးသူတွေက ထိန်းချုပ်ထားတယ်လို့လည်း ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ ကျောက်စိမ်းထုတ်လုပ်မှုကနေ အမြင့်ဆုံးဝင်ငွေအဖြစ် ၂၀၁၄ မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ကျော်ရရှိခဲ့ဖူးသလို နောက်ပိုင်းမှာလည်း နှစ်စဉ် ဒေါ်လာ ၂ ဘီလီယံကနေ ၁၅ ဘီလီယံကြား ဝင်ငွေရနေတယ်လို့လည်း ခန့်မှန်းထားတာပါ။

ဒီလဆန်းတုန်းက ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတွင်းမှာ လူပေါင်း ၂၀၀ ကျော် သေကြေဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံက သယံဇာတ ထုတ်လုပ်ရေးလုပ်ငန်းက အခြေအနေအပေါ် အများအာရုံစိုက်လာနေသလို မကြာခဏ ထိခိုက်မှုတွေ ကြုံနေရတဲ့ အခြေအနေကို ထိန်းချုပ်ဖို့ တိုက်တွန်းသံတွေလည်း ထွက်ပေါ်နေချိန်မှာပဲ Global Witness ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာတာပါ။

တပ်မတော်ကတော့ ဇူလိုင်လ ၂ ရက်နေ့က မြေပြိုမှုနဲ့ ပတ်သက်ပြီး လုံခြုံရေးတာဝန်ရှိသူတွေအဖြစ် အဆင့်မြင့် အရာရှိ နှစ် ယောက်ကို အရေးယူထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

မြန်မာ့သယံဇာတတူးဖော်ရေး ပွင့်လင်းမြင်သာမှုမရှိ

[Unicode Version]






SEE ALSO: ဖားကန့်ကျောက်စိမ်းမြေ ထိန်းကွပ်နိုင်ခြေ ရှိပါသေးရဲ့လား …




SEE ALSO: တားမြစ်ထားတဲ့ကြားက ဖားကန့်မှာ ဥပဒေမဲ့ ကျောက်စိမ်းတူးဖော်မှု ရှိနေဆဲ


