ဂါဇာမှာ နောက်ထပ် ယာယီအပစ်ရပ်ရေးနဲ့ ဓားစာခံတွေလွှတ်ပေးရေး သဘောတူညီချက်ရနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ထွက်ပေါ်နေချိန်မှာဘဲ ဟာမတ်စ်ခေါင်းဆောင်ဟာ ဒီကနေ့ပဲ အီဂျစ်နိုင်ငံကို ရောက်လာပါတယ်။
ကာတာအခြေစိုက် ဟာမတ်စ်အကြီးအကဲ Ismail Haniyeh ဟာ ဂါဇာကမ်းမြှောင်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ အခြားကိစ္စရပ်တွေကို ဆွေးနွေးဖို့အတွက် ကိုင်ရိုမြို့ကို ရောက်နေလာတာလို့ ဟာမတ်စ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ ဟာမတ်စ်အကြီးအကဲဟာ အီဂျစ်ထောက်လှမ်းရေးအကြီးအကဲနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ အဲဒီအဖွဲ့နဲ့ နီးစပ်သူတဦးက AFP ကို ပြောပါတယ်။
အီဂျစ်ဟာ နိုဝင်ဘာလနှောင်းပိုင်းက ယာယီအပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံ အယောက် ၁၀၀ ကျော် လွှတ်ပေးခဲ့တဲ့ ဖြစ်စဉ်အပါအဝင် ဟာမတ်စ်နဲ့ အစ္စရေးတို့ရဲ့ ပဋိပက္ခအရေး ကြားဝင်ဖျန်ဖြေရာမှာ ပါဝင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဟာမတ်စ်က ဓားစာခံတွေ ထပ်မံ လွှတ်ပေးရေးနဲ့ တိုက်ပွဲတွေ ခေတ္တ ရပ်နားဖို့အတွက် ညှိနှိုင်းမှုတွေ ပြုလုပ်နေခဲ့ပေမယ့် နှစ်ဖက်စလုံးက သဘောတူညီမှု မရသေးပါဘူး။
အစ္စရေးသမ္မတ Isaac Herzog ကတော့ ဓားစာခံတွေ လွတ်မြောက်ရေးအတွက် တုံ့ပြန်တဲ့ အနေနဲ့ နောက်ထပ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်ခေတ္တရပ်ထားရန် အစ္စရေးက ပြင်ဆင်ထားကြောင်း အင်္ဂါနေ့က နိုင်ငံတကာ သံတမန်တွေစုဝေးပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အစ္စရေးက ပါလက်စတိုင်းလူမျိုးတွေကို တိုက်ခိုက်နေခြင်းမဟုတ်ဘဲ ဟာမတ်စ်တွေကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ဟာမတ်စ်အဖွဲ့က ကြီးမှူးတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အစ္စရေးရဲ့ တုံ့ပြန် တိုက်ခိုက်မှုကြောင့် ဂါဇာမှာ လူပေါင်း ၂ သောင်းနီးပါး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ အစ္စရေးဘက်ကတော့ စစ်ပွဲတွေကြောင်း အစ္စရေးတပ်သား ၁၃၂ ဦး ကျဆုံးခဲ့တယ်လို့ ပြောထားပါတယ်။
Your browser doesn’t support HTML5