စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ဆင်ရေးလုပ်နေတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အိမ်ရာနဲ့ချီ ပျက်စီးတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် လုံခြုံရေး စိုးရိမ်တဲ့ ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြတာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။
ဒီသီတင်းပတ်ထဲ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ နေအိမ်တွေ မီးရှို့ခံနေရတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေကပြောပါတယ်။ ဧပြီ ၂၅ ရက်မှာ တပင်ကောင်းကျေးရွာနဲ့ ၂၆ ရက်နဲ့ ၂၇ ရက်တို့မှာ မြို့သစ်ကျေးရွာတို့က နေအိမ်တွေကို မီးရှို့သွားတာပါ။ မီးရှို့ခံရတဲ့အခြေအနေနဲ့ ပတ်သက်လို့ စစ်ဘေးရှောင်ကူညီနေသူ တဦးက အခုလို ပြောပါတယ်။
“၂၅ ရက်နေ့ တပင်ကောင်းကိုဝင် တပင်ကောင်းကိုညနေခင်းရှို့တာပေါ့။ မနေ့က ညနေခင်းကျတော့ မြို့သစ်ရွာထဲကို မီးရှို့တာ မနေ့က ၂ နေရာလောက်ရှို့တယ်။ အခုမနက် ၄ နေရာလောက်ရှို့ပြီးထွက်သွားတယ်။ အိမ်ခြေ ၄၀၀ ကျောက်လောက်ပါသွားမှာပေါ့။ ၅၀၀ လောက်ရှိတာ ၁၀၀ လောက်ပဲကျန်တယ်။ ပြည်သူတွေကတော့ မဝင်နိုင်သေးဘူးပေါ့။”
တပင်ကောင်းကျေးရွာက နေအိမ် ၄၀ နီးပါး မီးလောင်ကျွမ်းခဲ့ပြီး မြို့သစ်ရွာက တရွာတည်း ၄၀၀ ကျော် မီးလောင်ကျွမ်းခဲ့ရတာပါ။ ဒေသခံအချို့လည်း ဖမ်းဆီးခံရတာရှိတယ်လို့ ပြောပေမဲ့ အတိအကျတော့ မသိရသေးပါဘူး။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ခင်ဦးမြို့နယ်ထဲက ကျေးရွာ ၆၁ ရွာက နေအိမ် ၄၇၀၀ နီးပါး မီးရှို့ခံခဲ့ရတယ်လို့ အချက်အလက် စုဆောင်းနေတဲ့ အကဲခတ်တချို့က ခန့်မှန်းထားပါတယ်။
ဆားလင်းကြီးဘက်မှာလည်း မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ဆားလင်းကြီးကနေ မုံရွာမြို့ကို ပြန်လည်ထွက်ခွါသွားတဲ့အတွက် လမ်းတလျှောက်က ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။ တိမ်းရှောင်နေရတာနဲ့ ပတ်သက်လို့ ဒေသခံတဦးက
“ဟိုနေ့က လာတဲ့စစ်ကြောင်း တဝက်က ညောင်ပင်ကြီး ဆိပ်ကမ်းကနေမှ ပြန်အသွားကို လမ်းကြောင်းနီးတဲ့ရွာတွေ ပြည်သူတွေပြေးရတယ်။ စစ်ကြောင်းထိုးတဲ့အနေအထားတော့မဟုတ်ဘး။ သူတို့မြို့ပေါ်ကနေ တဝက်(မုံရွာ) ကို ပြန်ဆုတ်သွားတဲ့သဘော။မုံရွာကိုပြန်ကူးသွားတယ်။ ညောင်ပင်ကြီးဆိပ်ကမ်းကနေ။”
စစ်တပ်ဟာ ဧပြီ ၂၅ ရက်က မုံရွာကနေ ဆားလင်းကြီးဘက်တလျှောက် စစ်ဆင်ရေးအတွင်း ရွာသား ၆ ဦး အသတ်ခံခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ လတ်တလော သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။
Your browser doesn’t support HTML5