အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုရပ်ဖို့ မြန်မာကို ILO တောင်းဆို

ILO logo, International Labor Organization

မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂတွေ ဖိနှိပ်နေတာ၊ အထူးသဖြင့် စစ်တပ်က ပေါ်တာဆွဲတာအပါအဝင် အတင်းအဓမ္မ လုပ်အားပေးခိုင်းစေတာတွေပုံစံမျိုးစုံနဲ့ ရှိနေတာအားလုံး ချက်ချင်းရပ်ဖို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က တောင်းဆိုလိုက်တဲ့အပေါ် အလုပ်သမားအရေးဆောင်ရွက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် (ITUC) က အင်္ဂါနေ့က ကြိုဆိုလိုက်ပါတယ်။

ITUC ရဲ့ အထွေထွေအတွင်းရေးမှူး Luc Triangle က ILO အစီရင်ခံစာကို ကြိုဆိုလိုက်ပြီး “စစ်တပ်ရဲ့ ရက်စက်ယုတ်မာတဲ့ အပြုအမူကို လက်ခံနိုင်စရာမရှိကြောင်းနဲ့ စစ်အစိုးရကို ဖယ်ကြဥ်ပြီး လွတ်လပ်ခြင်းနဲ့ ဒီမိုကရေစီ ပြန်လည်ထူထောင်နိုင်ရေး ကမ္ဘာတဝန်းက မြန်မာ ပြည်သူတွေနဲ့ ရပ်တည်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။ “သမဂ္ဂလွတ်လပ်ခွင့်နဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှု ပပျောက်ရေးက အခြေခံလူ့အခွင့်အရေးဖြစ်ပြီး ကမ္ဘာ့ဒေသတခုမှာ ဒီလို အခွင့်အရေးတွေဆုံးရှုံးနေရင် ကမ္ဘာ့နေရာတိုင်းမှာ ဆုံးရှုံးတာပဲဖြစ်လို့ “ကမ္ဘာ့အလုပ်သမားသမဂ္ဂတွေအနေနဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၊ ထောင်တွင်းနဲ့ ထွက်ပြေး တိမ်းရှောင်နေရတဲ့ မြန်မာအလုပ်သမားတွေနဲ့အတူ ရပ်တည်ကြောင်း ITUC က ပြောပါတယ်။

စာမျက်နှာ ၂၀၅ မျက်နှာပါတဲ့ ILO စုံစမ်းစစ်ဆေးရေး ကော်မရှင်အစီရင်ခံစာကို အရင်အပတ် အောက်တိုဘာ ၄ ရက်က ထုတ်ပြန်ခဲ့တာမှာ အစီရင်ခံပါအချက်တွေကို လိုက်နာခြင်းမရှိရင် မြန်မာ စစ်အာဏာရှင်တွေဟာ နိုင်ငံတကာတရားရုံးမှာ ဖြေရှင်းရမှာ ဖြစ်ပါတယ်။

ဒီ အစီရင်ခံစာမှာ ဒီမိုကရေစီစနစ်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်လည်သွားဖို့ သက်ဆိုင်သူတွေကို တောင်းဆိုထားပြီး စစ်အစိုးရကိုတော့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေအပေါ် အကြမ်းဖက် ညှဉ်းပန်းနှိပ်စက်မှုနဲ့ အခြားလူမဆန်စွာ ပြုမူဆက်ဆံမှုပုံစံအားလုံးကို ရပ်တန့်ဖို့၊ သမဂ္ဂလှုပ်ရှားမှုတွေကြောင့် ထိန်းသိမ်းခံထားရသူတွေကို ရာဇဝတ်မှုဆိုင်ရာ စွဲချက်အားလုံးကို ရုပ်သိမ်းဖို့နဲ့ အာဏာသိမ်းပြီးကတည်းက ဆိုင်းငံ့ထားတဲ့ အခြေခံ ပြည်သူ့လွတ်လပ်မှု ကာကွယ်ရေးကို အပြည့်အဝ ပြန်ပေးဖို့တွေ တောင်းဆိုထားပါတယ်။

Your browser doesn’t support HTML5

အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုရပ်ဖို့ မြန်မာကို ILO တောင်းဆို