စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေမှာ ဒေသခံ စစ်ဘေးရှောင်အများအပြား အရေပြားရောဂါ အဖြစ်များလာကြတယ်လို့ ဒေသတွင်းမှာ ကုသပေးနေတဲ့ ဆရာဝန်နဲ့ ဒေသခံတွေက ပြောပါတယ်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ ငွေကြေးအခက်အခဲတွေကြောင့် အရေပြားရောဂါအတွက် ကုသဖို့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ကလေးမြို့တောင်ပိုင်းက ရေရှင်၊ ရှားဖို၊ အရှေ့စည်း၊ အင်းကျွန်း၊ ကုက္ကိုလ်၊ ရှားတော စတဲ့ ဒေသတွေက ဒေသခံတွေဟာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး ဒဏ်တွေကြောင့် အိမ်မပြန်နိုင်ကြတော့ဘဲ တောထဲမှာ စစ်ဘေးရှောင်နေကြရတာ အခုဆိုရင် ၃ နှစ်ဝန်းကျင် ရှိနေပါပြီ။
ပြီးခဲ့တဲ့ ဩဂုတ်လ ဒီမိုးရာသီအတွင်းမှာ ဒေသခံတွေမျာ အရေပြားရောဂါတွေ စဖြစ်လာကြတာဖြစ်ပြီး ဒီလထဲမှာတော့ ဖြစ်တဲ့သူ ရာနဲ့ချီပြီး ရှိလာနေတယ်လို့ “ခဏတာ အရိပ်” ဆေးရုံတည်ထောင်သူ ဒေါက်တာ ဖြိုးကျော်က ပြောပါတယ်။ ၈ ရက်သားအရွယ်ကနေ အသက် ၅၀ အရွယ် ဝန်းကျင်အထိ လူကြီး လူငယ်မရွေး ဖြစ်နေကြတာလို့ ပြောပါတယ်။ စစ်ဘေးရှောင်တွေကို ဆေးဝါးကုသပေးတဲ့ ဆေးခန်းတချို့ ရှိကြပေမယ့် ခဏတာ အရိပ်ဆေးရုံကို အရေပြားရောဂါ လာရောက်ပြသတဲ့ စစ်ဘေးရှောင်ဦးရေ ၁၅၀ ကျော်လောက် ရှိနေပြီလို့ ဒေါက်တာဖြိုးကျော်က ပြောပါတယ်။
“တချို့ကျတော့လည်း အရေကြည်ဖုလေးတွေဖြစ်တယ်၊ အသားနီလန်တာလေးတွေ ဖြစ်တယ်ပေါ့နော်။ တချို့ကျတော့လည်း အနာအလုံးက နည်းနည်းကြီးတယ်ပေါ့နော်၊ သွေးစုနာလောက်ပေါ့၊ အဲ့လို အလုံးကြီးတွေပေါ့။ အဲ့လိုလေးတွေ ဖြစ်ကြတယ်ပေါ့။ အရွယ်ကတော့ အရွယ်စုံပဲဗျ၊ အရွယ်စုံဖြစ်ကြတယ်။ အများအားဖြင့်ကတော့ ကလေးတွေ ဖြစ်တာများတယ်။ အဖြစ်များတာကတော့ မူလတန်းအရွယ် ကလေးတွေ။ ကျွန်တော်အပြင် ဒီဖက်မှာ နောက်ထပ် ဆရာဝန် ၂ ယောက် ရှိသေးတယ်ပေါ့နော်၊ သူတို့ဆီလည်း ပြတာရှိတယ်။ သူတို့ဖွင့်ထားတဲ့ ဆေးရုံတွေ ဆေးခန်းတွေမှာလည်း ပြကြတယ်။ ကျွန်တော်ဆီလာပြတာက ပြီးခဲ့လ တစ်လလောက်ကတည်းကဆို ၁၅၀ ဝန်းကျင်ပေါ့။”
စစ်ဘေးရှောင်တွေက တောထဲမှာ နှစ်နဲ့ချီ စစ်ရှောင်နေကြရတာဖြစ်ပြီး တစ်ကိုယ်ရည်သန့်ရှင်းနိုင်မှု အားနည်းတာကြောင့် ဘက်တီးရီးယားပိုးတွေကနေ တစ်ဆင့်ဖြစ်တာလို့ ဒေါက်တာဖြိုးကျော်က ပြောပါတယ်။ လက်ရှိမှာ ဒီအရေပြားရောဂါကို ကုသနိုင်ဖို့ ဆေးဝါးတွေ မလုံလောက်ကြသလို ဝယ်ယူဖို့နဲ့ သယ်ယူနိုင်ဖို့ ကိစ္စတွေမှာလည်း အခက်အခဲတွေ အများကြီး ရှိကြတယ်လို ဒေါက်တာ ဖြိုးကျော်က ပြောပါတယ်။
“ကျွန်တော်က ဒီဖက်မှာ အဖြစ်များတာကို ဗက်တီးရီးယားလို့ပဲ ကျွန်တော်က ယူဆတာပေါ့။ အဓိကကတော့ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းကြတယ်။ ပြီးတော့ ဒီရာသီက မိုးရာသီဆိုတော့ ပိုဆိုးကြတယ်။ မိုးရာသီဆိုတော့ သူတို့က မိုးရေထဲမှာ ဆော့ကြတာများတယ်။ ရွံ့တွေ အညစ်အကြေးတွေနဲ့ အထိအတွေ့များတဲ့အခါ၊ နောက်ပြီးတော့ သူတို့လုပ်တဲ့အလုပ်တွေပေါ့ နှမ်းခုတ် နှမ်းခါ အဲ့ဒါတွေ လုပ်ရတဲ့ခါကျတော့ မိုးရေထဲတွေ နေပူထဲတွေ လုပ်ကြ အမှုန်အမွားတွေနဲ့ အမှုန်တွေကပ်ဆိုတော့ ပိုဆိုးကြတာပေါ့။ ဆေးဝါးလိုအပ်မှုက လိမ်းဆေးတွေကတော့ ကောင်းကောင်း မပေးနိုင်ဘူး။ သောက်ဆေးကတော့ ကျွန်တော်တို့က အတတ်နိုင်ဆုံးတော့ ဖြည့်ထားတယ်။ ဒါပေမယ့် ခုက ကုန်သလောက် ဖြစ်ပြီပေါ့နော်။ ထပ်ဝယ်ဖို့ကတော လမ်းခရီးက ကျွန်တော်တို့ဆီက မြို့ပေါ်နဲ့ကျတော့ နည်းနည်း၊ မြစ်နှစ်တန် ဖြတ်ရတဲ့ ဒုက္ခကရှိနေတော့ မြို့ပေါ်ကနေပြီးတော့ ဂိတ်တွေကိုလည်း ရှောင်ပြီးတော့ တိမ်းပြီးတော့ ဝယ်ရတာဆိုတော့လေ။ လိုရင်တော့ ချက်ချင်း မရတတ်တာ ရှိတယ်ပေါ့နော်။ ကျွန်တော်တို့ ဘတ်ဂျက်ကလဲ အရမ်းကြီး ပေါပေါများများ မရှိတော့လေ အများကြီး မမှာနိုင်ဘူး။ နည်းနည်းတော့ အဲ့လို ကျွန်တော်တို့ဖက်မှာ အခက်အခဲ ရှိတယ်။”
ကလေးမြို့ ရေရှင်ရွာက စစ်ဘေးရှောင် ဦးမောင်စိုးကလည်း လက်ရှိ သူနေတဲ့ ဝန်းကျင်မှာတောင် သူ့သမီး အပါအဝင် အရေပြားရောဂါဖြစ်နေသူ ၁၅ ယောက်လောက် ရှိတယ်လို့ ဆိုပါတယ်။ ကုသမှုတွေက မလုံလောက်ပေမယ့် ဆရာဝန်တွေကတော့ ရှိသလောက်ဆေးဝါးနဲ့ အဆင်ပြေအောင် ကုသပေးနေကြတယ်လို့လည်း ပြောပါတယ်။
“တချို့ကျတော့လည်း တစ်ကိုယ်လုံး ယားတာတွေ ရှိတယ်ဗျ။ တချို့ကျတော့လည်း ခန္တာကိုယ်တခုလုံး ယားကြတာ။ ခု ကျွန်တော့်သမီးတောင်မှ ခါးတွေ ဗိုက်တွေမှာ အဖုတွေ ပေါက်ပြီး ယားနေတာဗျ။ ကျွန်တော် လောလောဆယ် လက်တွေ ကိုယ့်အနားမှာတင် ၁၄၊ ၁၅ ယောက်လောက် ရှိတယ်။ ဆေးခန်းက ရှိပေမယ့် ဆေးခန်းက ရှိတဲ့ဆေးနဲ့ပဲ သူတို့ သက်ဆိုင်ရာ ဆေးတွေက မရှိတဲ့အခါ များတယ်ဗျ။ ဒါပေမယ့် သူတို့ ရှိတဲ့ဟာလေးနဲ့ သူတို့တွေ ကုသပေးကြပါတယ်။”
စစ်ဘေးရှောင်ဒေသတွေမှာ ဆေးဝါးကုသမှု လုံလုံလောက်လောက်မရဘူးလို့ ပြောကြပါတယ်။ ကုန်းစျေးနှုန်းတွေ ကြီးမြင့်မှုတွေကြောင့်ရော၊ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခံထားရတာတွေကြောင့်ပါ ဆေးဝါးနဲ့ စားသောက်ကုန်တွေ လုံလုံလောက်လောက် မရနိုင်ကြပါဘူး။ စစ်ဘေးရှောင်ရတာ ကြာလာတာနဲ့အမျှ ဒေသခံ စစ်ဘေးရှောင်တွေက ပိုပြီး ခက်ခဲလာကြရသလို စစ်ရှောင်ကူညီသူတွေ အနေနဲ့လည်း စစ်ဘေးရှောင် ၃ နှစ်ဝန်းကျင် ကြာလာချိန်မှာ အလှူရှင်တွေ နည်းလာသလို ကူညီထောက်ပံ့နိုင်မှုတွေလည်း တချို့နေရာတွေမှာ အားနည်းလာတာတွေ ရှိနေတယ်လို့ ပြောကြပါတယ်။
Your browser doesn’t support HTML5