အိန္ဒိယ-တရုတ် နယ်စပ်ပဋိပက္ခ မပြေလည်သေး

Indian စစ်ကားများ

(Zawgyi/Unicode)

အိန္ဒိယနိုင်ငံအနေနဲ့ တရုတ်နဲ့ ဖြစ်ပွားနေတဲ့ နယ်စပ်ဒေသ အငြင်းပွားမှုကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းလိုပေမယ့်နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ ပိုင်နက်နယ်မြေတည်တံ့ရေးအတွက် တခြားနည်းလမ်းတွေကိုလည်း အသင့် ပြင်ဆင်ထားတယ်လို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Rajnath Singh က ပြောပါတယ်။

လက်ရှိ နားလည် သဘောတူထားတဲ့အတိုင်း တပ်တွေကို မထိတွေ့အောင် ဆောင်ရွက်ပေးဖို့ကိုလည်း သူက တရုတ်နိုင်ငံကို တောင်းဆို လိုက်ပါတယ်။

“ဒီနှစ်ထဲ ထိတွေ့မှုတွေ၊ တပ်ဖွဲ့အတိုင်းအတာနဲ့ အခြေအနေက အရင်နဲ့လုံးဝ မတူတော့ဘဲ ပြောင်းလဲသွားပြီ ဖြစ်ပါတယ်။ ကျွန်တော် တို့က ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းချင်ပါတယ်။ စစ်ပွဲ စတင်ဖို့ လွယ်ကူပေမဲ့ စစ်ပွဲ အဆုံးသတ်ဖို့ ခက်ခဲပါတယ်။”လို့ Nath Singh က ကြာသပတေးနေ့က အိန္ဒိယ ပါလီမန် ရှေ့မှောက်မှာ ပြောသွားတာ ဖြစ်ပါတယ်။

တရုတ်-အိန္ဒိယ ၂ နိုင်ငံ နယ်စပ် တင်းမာမှု မြင့်တက်လာတာ အခုဆိုရင် ၅ လကြာမြင့်နေပြီ ဖြစ်ပါတယ်။ ဟိမဝန္တာတောင်တန်းက နယ်စပ်ဒေသမှာ နှစ်နိုင်ငံစလုံးက တပ်ဖွဲ့ဝင် အများအပြားကို တိုးချဲ့ချထားနေကြပါတယ်။

တရုတ်တို့က နှစ်နိုင်ငံ သဘောတူညီထားတာကို ချိုးဖောက်ခဲ့ကြောင်းနဲ့ တရုတ်တပ်တွေ နယ်စပ်ကို ကျူးကျော်ဝင်ရောက်တာကို အိန္ဒိယတပ်တွေက တွန်းလှန်ခဲ့ရတယ်လို့လည်း သူက ပါလီမန်ကို ပြောပါတယ်။

တရုတ်နိုင်ငံဘက်ကတော့ အခုဖြစ်ရပ်အတွက် အိန္ဒိယကို အပြစ်တင်ခဲ့ပြီး လက်ရှိ အခြေအနေအတွက် တရုတ်နိုင်ငံမှာ တာဝန်မရှိဘူး လို့ ပြောပါတယ်။

အိန္ဒိယဘက်က အမှားအယွင်းလုပ်ခဲ့တာကို ပြန်လည် ပြင်ဆင်ဖို့ လိုသလို တပ်တွေ ချက်ချင်း ပြန်ရုပ်သိမ်းပစ်ရမယ်လို့လည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin က ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်ပါတယ်။

အခုလို နှစ်ဖက် ပြင်းပြင်းထန်ထန် ပြောစကားတွေက တပ်တွေ ထိတွေ့မှု မဖြစ်စေ ဖို့ နဲ့ တင်းမာမှု လျှော့ချဖို့ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေအကြား သဘောတူညီအပြီး တစ်ပတ်အကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီ သဘောတူညီချက်ကို နှစ်နိုင်ငံ ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာကိုတော့ အတိအကျ ကြေညာထားတာ မရှိပါဘူး။

တရုတ်တို့ နယ်စပ်မှာ အခြေခံ အဆောက်အအုံတွေ တိုးချဲ့ တည်ဆောက်နေတာကို တုန့်ပြန်ဖို့ အိန္ဒိယအနေနဲ့ နယ်စပ်က လမ်းတွေ အရည်အသွေးမြှင့်ဖို့ အတွက် ဘတ်ဂျက် ၂ ဆ တိုးမြှင့်ထားတယ်လို့လည်း အိန္ဒိယကာကွယ်ရေးဝန်ကြီး Singhကပြောပါတယ်။

နယ်စပ်က တပ်တွေကို ရိက္ခာထောက်ပံ့ရေးအတွက် အဲဒီ တောင်တန်းပေါ်က လမ်းတွေဟာ အသက်သွေးကြော ဖြစ်ပါတယ်။ ဆောင်းရာသီအဝင် ဆီးနှင်းတွေ ကျပြီး လမ်းတွေ မပိတ်ခင် ဒီ သီတင်းပတ်တွေထဲ အိန္ဒိယနိုင်ငံဘက်မှာ စားရေရိက္ခာ၊ လောင်စာနဲ့ လက်နက်ခဲယမ်းတွေ ခေါက်တုံ့ခေါက်ပြန် သယ်ယူ ဖြည့်ဆည်း ပေးနေတာကို တွေ့နေရပါတယ်။

Your browser doesn’t support HTML5

အိန္ဒိယ-တရုတ် နယ်စပ်ပဋိပက္ခ မပြေလည်သေး


..............

အိန်ဒိယ-တရုတျ နယျစပျပဋိပက်ခ မပွလေညျသေး

(Unicode)










