ဝူဟန်ပြန်တွေ ထားရှိရေး အင်ဒိုဒေသခံတချို့ လက်မခံ ဆန္ဒပြ

တရုတ်နိုင်ငံမှ ပြန်လာသည့် ကျောင်းသားတဦး၏ သွေးနမူနာ စစ်ဆေးနေသည့် အင်ဒိုနီးရှား ကျန်းမာရေးဝန်ထမ်းတဦး။ (ဇန်နဝါရီ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံး ပျံ့နှံ့ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံ ဝူဟန်ကနေ ပြန်လည်ကယ်ထုတ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကို သီးသန့်ခွဲခြားထားဖို့ တနင်္ဂနွေနေ့က Natuna ကျွန်းကို ဆိုက်ရောက်လာချိန်မှာပဲ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။

တရုတ်ကနေ ကယ်ထုတ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေထံကနေ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်လာနိုင်ခြေကို ကာကွယ်နိုင်ဖို့အတွက် သူတို့ကို Natuna ကျွန်းမှာ သီးသန့်ခွဲခြားထားရေး အစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ဒေသခံတွေ မကျေမနပ် ဖြစ်နေကြတာပါ။

တရုတ်ကနေ ကယ်ထုတ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၂၄၁ ဦး လိုက်ပါလာတဲ့ စစ်တပ်လေယာဉ် ၃ စီးက Natuna ကျွန်းပေါ်က စစ်တပ်အခြေစိုက် စခန်းတွင်း နေရာချထားမယ့် စခန်းကို ဦးတည်ပျံသန်းလာချိန်မှာပဲ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တာပါ။

ဝူဟန်ကနေ ကယ်ထုတ်လာသူတွေကို သီးသန့်ခွဲထားမယ့် စစ်အခြေစိုက်စခန်းနဲ့ ကီလိုမီတာ အနည်းငယ်ပဲဝေးတဲ့ မြို့တော် Ranai မှာ တနင်္ဂနွေနေ့က ဆန္ဒပြကြတာပါ။

အစိုးရပိုင် TVRI က ထုတ်လွှင့်ပြသနေတဲ့ ရုပ်သံထဲမှာတော့ လမ်းပေါ်မှာ ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက စစ်အခြေစိုက်စခန်း ရှိရာကို ဦးတည် ချီတက်နေကြပြီး လမ်းပေါ်မှာလည်း ကားတာယာတွေ မီးရှို့ထားပါတယ်။ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးအဖွဲ့တွေကြား ထိပ်တိုက်တွေ့မှု အနည်းငယ် ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံ ဝူဟန်ကနေ ပြန်လည်ကယ်ထုတ်လာသူတွေဟာ ကျန်းမာရေး ကောင်းမွန်ကြောင်း၊ အင်ဒိုနီးရှားကို မပြန်ခင်မှာ တရုတ်အာဏာပိုင်တွေက ကျန်းမာရေးစစ်ဆေးပြီး ဖြစ်ကြောင်း၊ ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ညွှန်ကြားချက်နဲ့အညီ သူတို့ကို သီးသန့်ခွဲထားရခြင်းသာ ဖြစ်ကြောင်း အင်ဒိုနီးရှား ခေါင်းဆောင်တွေနဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ရှင်းလင်းပြောဆိုပြီး ဒေသခံတွေ စိတ်အေးအေးထားကြဖို့လည်း ပန်ကြားထားပါတယ်။

-----------------------------------

(Unicode)








Your browser doesn’t support HTML5

ဝူဟန်ပြန်တွေ ထားရှိရေး အင်ဒိုဒေသခံတချို့ လက်မခံ ဆန္ဒပြ