အီရန်သမ္မတ နဲ့Trump တွေ့ဆုံမယ့် အလားအလာရှိ

သမ္မတ Trump နဲ့ အီရန် သမ္မတ Hassan Rouhani

ပြီးခဲ့တဲ့နှစ်က အမေရိကန်တို့ နုတ်ထွက်ခဲ့တဲ့ ၂၀၁၅ ခုနှစ် အီရန် နျူးကလီးယား သဘောတူစာချုပ်ကို အစားထိုးနိုင်မယ့် အီရန်အစိုးရရဲ့ နျူးကလီးယား လက်နက် အစီအစဉ်တွေကို လျှော့ချမယ့် သဘောတူညီချက်သစ်ကို ညှိနှိုင်းနိုင်ရေး လာမယ့် သီတင်းပတ်တွေ အတွင်း အီရန် သမ္မတ Hassan Rouhani နဲ့ တွေ့ဆုံမယ့် ကိစ္စဟာ အခွင့်အလမ်းကောင်းတခု ဖြစ်တယ်လို့ အမေရိကန် သမ္မတ Donald Trump က တနလာၤနေ့မှာ ပြောဆိုလိုက်ပါတယ်။ အီရန်ဘက်က တွေ့ဆုံလိုတယ်လို့ ထင်တဲ့ အကြောင်း သမ္မတ Trump က ပြင်သစ်မှာ ကျင်းပတဲ့ စက်မှုထိပ်သီး ၇နိုင်ငံရဲ့ G-7 ထိပ်သီးဆွေးနွေးပွဲ အပြီးသတ်မှာ ပြောဆိုခဲ့တာပါ။

အီရန်ရဲ့ နိုင်ငံတကာကို ရေနံတင်ပို့မှု အပေါ် ထိထိရောက်ရောက် ကန့်သတ်ဖို့ အမေရိကန် သမ္မတက ဆောင်ရွက်ခဲ့တာနဲ့ အတူဘဲ ပြီးခဲ့တဲ့ နှစ်က အီရန် အပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှု ပြန်လည် ချမှတ်ခဲ့မှုက အီရန် အပေါ် သိပ်ကို အထိနာစေခဲ့တယ်လို့လည်း အမေရိကန် သမ္မတက ပြောပါတယ်။ အီရန်ဘက်က စစ်ရေးအရ အသာစီးယူ တိုက်ခိုက်မှုတွေနဲ့ ပြည်ပမှာ ထပ်ပြီး တင်းမာမှုတွေ မလုပ်တော့တဲ့ အခြေအနေမျိုးမှာသာ အီရန် သမ္မတ Rouhani နဲ့ တွေ့ဆုံနိုင်မှာ ဖြစ်တယ်လို့လည်း သမ္မတ Trump က အခိုင်အမာ ပြောဆိုပါတယ်။

အီရန်နဲ့ သဘောတူညီချက်သစ်ဟာဆိုရင် အီရန် အနေနဲ့ နျူးကလီးယား လက်နက်တွေနဲ့ ပဲ့ထိန်းတပ် ဒုံးကျည်တွေ စမ်းသပ်မှုကို တားမြစ်မှာ ဖြစ်သလို ဒီကန့်သတ်ချက်ကို ၂၀၁၅ ခုနှစ် သဘောတူညီချက်မှာ ၁၀ နှစ်တာ အချိန်ကာလ သတ်မှတ်ထားတာထက် ပိုပြီး ကာလရှည်စေမှာ ဖြစ်တယ်လို့လည်း သမ္မတ Trump က ပြောပါတယ်။

Your browser doesn’t support HTML5

အီရန်သမ္မတ နဲ့Trump တွေ့ဆုံမယ့် အလားအလာရှိ