“ အရင်ကမကြုံဖူးတဲ့အန္တရာယ်မျိုးနဲ့ အစ္စရေးကိုခြိမ်းခြောက်နေ” အစ္စရေးကာကွယ်ရေးဝန်ကြီး

အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant

အစ္စရေးရဲ့ရန်သူတွေဟာ အရင်ကမလုပ်ဖူးတဲ့ အန္တရာယ်မျိုးနဲ့ အစ္စရေးကို အန္တရာယ်ပြုဖို့ ခြိမ်းခြောက်နေတယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant က ပြောပါတယ်။ အစ္စရေးနိုင်ငံတွင်း စစ်စခန်းတခုမှာ အစ္စရေးကာကွယ်ရေး တပ်ဖွဲ့ဝင် သစ်တွေကို အစ္စရေးကာကွယ်ရေးဝန်ကြီးက တနင်္ဂနွေနေ့က သွားရောက်မိန့်ခွန်းပြောခဲ့တာပါ။

အစ္စရေး ဟာမတ်စစ်ပွဲဟာ ဒေသတွင်းစစ်ပွဲကြီးအဖြစ် ပိုပြီးကျယ်ပြန့်လာဖွယ် ခြိမ်းခြောက်မှုတွေကြားမှာပဲ အစ္စရေး ကာကွယ်ရေးဝန်ကြီးရဲ့ အခု မှတ်ချက်ထွက်ပေါ်လာတာပါ။ ဇူလိုင် ၃၁ ရက်နေ့က ဟာမတ် နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh အီရန်နိုင်ငံမြို့တော်မှာ လုပ်ကြံခံခဲ့ရတဲ့နောက် ဒေသတွင်းတင်းမာမှုတွေ တိုးလာပါတယ်။ ဒီလုပ်ကြံတိုက်ခိုက်မှုဟာ အစ္စရေးလက်ချက်ဖြစ်တယ်လို့ ယူဆကြပါတယ်။ ဒီအတွက် အီရန်ဘက်က လက်တုံ့ပြန်လိမ့်မယ်လို့လည်း တွက်ဆထားကြတာပါ။

ပြီးခဲ့တဲ့ ဧပြီလအတွင်းက ဆီရီးယားမှာရှိတဲ့ အီရန်သံရုံးဝန်းကို အစ္စရေးက တိုက်ခိုက်ခဲ့တဲ့နောက် အီရန်ဘက်က ဗုံးကြဲဒရုန်းယာဉ် ၁၇၀၊ ခရုစ်ဒုံးကျည် ၃၀ကျော်၊ ပဲ့ထိန်းတပ်ဒုံး ၁၂၀ ကျော် တို့နဲ့ အစ္စရေးကို တန်ပြန်တိုက်ခိုက်ခဲ့ဖူးပါတယ်။ အစ္စရေး အမေရိကန်နဲ့ တခြားနိုင်ငံတွေက အတော်များများကို ဖျက်ချခဲ့ပါတယ်။ အဲဒီက ပစ်ခတ်မှုတချို့ကို ယီမန်နိုင်ငံတွင်းကနေ ဆောင်ရွက်တာပါ။ အီရန်အနေနဲ့ အလားတူ တိုက်ခိုက်မှုတွေပြုလုပ်နိုင်သလို ဟက်ဇ်ဘိုလာတို့လည်း ပါဝင်လာနိုင်ခြေရှိပါတယ်။ ဟက်ဇ်ဘိုလာတပ်မှူး Fouad Shukur ဟာလည်း ပြီးခဲ့တဲ့အပတ်ကပဲ အစ္စရေးလက်ချက်နဲ့ သေဆုံးခဲ့တဲ့နောက် ဟက်ဇ်ဘိုလာတို့က လက်တုံ့ပြန်ဖို့ နည်းလမ်းရှာနေပါတယ်။

Your browser doesn’t support HTML5

 “ အရင်ကမကြုံဖူးတဲ့အန္တရာယ်မျိုးနဲ့ အစ္စရေးကိုခြိမ်းခြောက်နေ” အစ္စရေးကာကွယ်ရေးဝန်ကြီး