မီးလောင်ခံထားရတဲ့ မွတ်စလင်ရွာတွေရဲ့ အခြေအနေဟာ အတော်လေးကို ဆိုးရွားကြောင်း မနေ့ စနေနေ့က ရခိုင်ပြည်နယ် မောင်တောဒေသဘက်ကို သွားရောက်ကြည့်ရှုခဲ့တဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Taro Kono ကပြောကြားခဲ့ပါတယ်။ မတူညီတဲ့ အသိုင်းအဝိုင်းနှစ်ခုကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ ဂျပန်နိုင်ငံက အကူအညီတွေ အမြောက်အများပေးသွားမှာဖြစ်ကြောင်း Taro Kono က မွတ်စလင်ရွာသားတွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။
၂၀၁၇ခုနှစ် သြဂုတ်လနောက်ပိုင်း ဘူးသီးတောင်-မောင်တောနယ်မြေတလျောက် မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုဖြစ်စဉ်အတွင်း မီးရှို့ဖျက်ဆီးခံထားရတဲ့ မွတ်စလင်ရွာတွေထဲက ပန်းတောပြင်ကျေးရွာအုပ်စုမှာ မြန်မာအစိုးရအစီအစဉ်နဲ့ နေအိမ်တွေ ပြန်ပြီးဆောက်လုပ်နေတဲ့ အခြေအနေတွေကို Mr. Kono ဦးဆောင်တဲ့ ဂျပန်အစိုးရကိုယ်စားလှယ်အဖွဲ့က ဇန်နဝါရီလ ၁၃ ရက်နေ့က သွားရောက်ကြည့်ရှု့ခဲ့တာပါ။ ဒါဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေတွေကို သွားရောက်ကြည့်ရှုခွင့်ရတဲ့ ပထမဆုံး နိုင်ငံတကာ အဆင့်မြင့်ခေါင်းဆောင်တဦးရဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။
သူရဲ့ မျက်မြင်တွေ့ရှိချက်တွေအရ မီးလောင်ခံထားရတဲ့ အခြေအနေတွေဟာ အတော်လေးကို ဆိုးရွားကြောင်း ပန်းတောပြင်ရွာမှာ သတင်းထောက်တွေကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono က အခုလိုပြောပါတယ်။
"ကျနော်မြင်ခဲ့ရတဲ့ မီးလောင်ခံထားရတဲ့ ရွာတွေ၊ အိမ်တွေ ရဲ့ အခြေအနေဟာ ကြောက်စရာ ကောင်းပါတယ်။ မတူညီတဲ့ အသိုင်းအဝိုင်းနှစ်ခုကြား ပြန်လည်သင့်မြတ်ရေးအတွက် ဂျပန်အစိုးရအနေနဲ့ အစွမ်းကုန် အကူအညီတွေပေးသွားမှာပါ။"
ဒါအပြင် ပြန်လာတဲ့ ဒုက္ခသည်တွေ သူတို့ရဲ့ ဘဝတွေပြန်ပြီးတည်ဆောက်ရာမှာ အကူအညီတွေပေးဖို့ အများကြီးလိုအပ်နေကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။ ပန်းတောပြင်ရွာမှာ ရိုဟင်ဂျာမွတ် စလင်ဦးရေ ၁၀၀၀ လောက်အတွက် အစိုးရက အိမ်တွေ ပြန်ပြီး ဆောက်လုပ်ပေးနေတာဖြစ်ပါတယ်။
Mr. Kono ဟာ မွတ်စလင်ရွာသားတွေနဲ့ တွေ့ဆုံပြီးမေးမြန်းမှုတွေလုပ်ခဲ့ပါတယ်။ ရွာအကြီးအကဲတဦးကတော့သူတို့ အိမ်တွေ ဘယ်လို မီးရှို့ဖျက်ဆီးခံရသလဲဆိုတာကို ပြောပြခဲ့သလို အခု ပြန်ပြီးတည်ဆောက်နေတဲ့ အခြေအနေတွေကိုလည်း ရှင်းပြခဲ့ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးကလည်း ကိုးကွယ်ရာဘာသာမတူညီတဲ့ အသိုင်းအဝိုင်းတွေကြား အတူတကွ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်နိုင်ရေး ဂျပန်နိုင်ငံဘက်က အကူအညီတွေပေးသွားမှာဖြစ်တယ်လို့ ရွာသားတွေကို ပြန်လည်ပြောကြားခဲ့ပါတယ်။
မောင်တောခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်ကနေ ဒုက္ခသည်တွေ ပြန်လာမယ့် လမ်းကြောင်းနဲ့ သူတို့ကို လက်ခံမယ့် စခန်းတွေ ကို Mr. Kono နဲ့အဖွဲ့ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အတူလိုက်ပါသွားတဲ့ လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး အစီအစဉ်တွေကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးကို ရှင်းပြခဲ့ပါတယ်။ အဲဒီနောက် တောင်ပြိုလက်ဝဲရှိ ဘင်္ဂလားဒေ့ရှ်-မြန်မာ ချစ်ကြည်ရေးတံတားကို Mr. Kono သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လာမယ့်အစီအစဉ်ကို လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။
ဒုက္ခသည်တွေ လုံခြုံစွာနေရပ်ပြန်နိုင်ရေး ဂျပန်အစိုးရဘက်ကလိုလားကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono က သောကြာနေ့က နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ သန်း၂၀ လျာထားပြီး ဂျပန်လွှတ်တော်ရဲ့ ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေကြောင်း Mr. Kono ဟာ မြန်မာနိုင်ငံခရီးစဉ်မစတင်ခင် တိုကျိုမြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ကနဦးအစအနေနဲ့ နေရပ်ပြန်လာမယ့် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဂျပန်အစိုးရဘက်က အရေးပေါ်အကူအညီ အမေရိကန်ဒေါ်လာ သုံးသန်း ပေးအပ်မှာဖြစ်တယ်လို့ သူရဲ့ သုံးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း Taro Kono က ကတိပေးပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ သီးခြားစီတွေ့ဆုံရာမှာ လုံခြုံရေးကောင်စီကချမှတ်ထားတဲ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြောက်ကိုးရီယားအလုပ်သမားတွေကို လက်မခံဖို့ အချက်အပါအဝင် မြောက်ကိုရီးယားအပေါ် အရေးယူတဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံ အနေနဲ့ ဆက်လက်လိုက်နာဖို့ တိုက်တွန်းဆွေးနွေးခဲ့ကြောင်း ဂျပန်သတင်းတွေမှာ ရေးသားထားပါတယ်။
မနေ့ စနေနေ့က မြန်မာနိုင်ငံခရီးစဉ်ပြီးဆုံးပြီးနောက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ အာရပ်စော်ဘွားများပြည်ထောင်စုကို ဆက်လက်ထွက်ခွာပြီး နိုင်ငံတကာ စွမ်းအင်အေဂျင်စီ အစည်းအဝေးကိုတက်ရောက်မှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကနေဒါ နိုင်ငံ Vancouver မှာကျင်းပမယ့် မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်နဲ့ ဒုံးကျည် ခြိမ်းခြောက်မှုအန္တရာယ်ကို တုန့်ပြန်ဖို့ အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနှစ်နိုင်ငံ ပူးတွဲဆွေးနွေးပွဲကို Mr. Kono ကိုတက်ရောက်မှာဖြစ်ပါတယ်။
Your browser doesn’t support HTML5